သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ရဲ့ ပထမဆုံးလွှတ်တော်မိန့်ခွန်း အစိုးရအသုံးစရိတ် ဦးစားပေးဆွေးနွေးဖွယ်ရှိ


အမေရိကန် သမ္မတ Donald Trump
အမေရိကန် သမ္မတ Donald Trump

အမေရိကန် သမ္မတ Donald Trump ကွန်ဂရက်လွှတ်တော်မှာ ပထမဆုံး အကြိမ် ပြောကြား မယ့် မိန့်ခွန်းမှာ၊ စစ်မှန်တဲ့ လူထုအတွက် စစ်မှန်တဲ့ ပြဿနာတွေ ကို ဖြေရှင်းပေးမယ့် ကိစ္စတွေကို အခိုင်အမာ ပြောကြားသွားမှာဖြစ်ကြောင်း သမ္မတ အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

အကူအညီတွေ လာတော့မယ် ဆိုတာကို သမ္မတအနေနဲ့ အသိပေးလိုကြောင်း အစိုးရအဆင့်မြင့် အရာရှိတဦးက အိမ်ဖြူတော်မှာ သတင်းထောက်တွေကို တနင်္လာနေ့နှောင်းပိုင်းက ပြောကြားခဲ့တာပါ။ ဝါရှင်တန်စံတော်ချိန် အင်္ဂါနေ့ည ၉ နာရီ အချိန်မှာ လွှတ်တော် ၂ ရပ်က ကိုယ်စားလှယ်တွေ ရှေ့မှောက် ပြောကြားမယ့် မိန့်ခွန်းကိုတော့ အမေရိကန်စိတ်ဓာတ်ကို ပြန်လည်ဆန်းသစ်ခြင်း လို့ ခေါင်းစဉ်ပေးထားပြီး၊ စီးပွားရေး အခွင့်အလန်းတွေနဲ့ အမေရိကန် လူထုကို အကာအကွယ်ပေးရေး ကိစ္စတွေ အဓိက ပါဝင်မှာ ဖြစ်ကြောင်းလည်း အမည်မဖော်လိုသူ အစိုးရအဆင့်မြင့် အရာရှိက ပြောဆိုခဲ့ပါတယ်။

နိုင်ငံခြားရေးရာ မူဝါဒနဲ့ ပတ်သက်တာတချို့ ပါဝင်မှာ ဖြစ်ပေမဲ့လည်း နိုင်ငံတွေကို အတိအကျ ရည်ညွှန်းပြောဆိုမှာတော့ မဟုတ်ပါဘူး။ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့က အဓိကဦးဆောင်ခဲ့ပြီး၊ အမေရိကန် ကွန်ဂရက်လွှတ်တော်က အတည်မပြုရသေးတဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်တဲ့ ပစိဖိတ်ရပ်ဝန်း နိုင်ငံများ ကုန်သွယ်ရေး သဘောတူညီချက်ကနေ ထွက်ရတဲ့ အကြောင်းရင်းကို ရှင်းပြလိမ့်မယ်လို့လည်း အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

လွှတ်တော် ၂ ရပ်ပေါင်းရှေ့မှောက် မိန့်ခွန်းတခုလုံး အနေနဲ့ကတော့ တိုင်းပြည်အတွက် အကောင်းမြင်ရှေ့ရှု ပြောကြားသွားဖို့ ရှိတဲ့အကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Sean Spicer က အစောပိုင်းကျင်းပတဲ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

အတိုက်အခံ ဒီမိုကရက်တွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ သမ္မတရဲ့ မိန့်ခွန်းကို လှိုက်လှိုက်လှဲလှဲ အားပေးကြလိမ့်မယ် လို့ မျှော်လင့်ကြောင်း လည်း ပြောခွင့်ရသူ Spicer က ပြောဆိုခဲ့ပါတယ်။ မိန့်ခွန်းမှာ လူဝင်မှုကြီးကြပ်ရေး အစီအစဉ်နဲ့ ပတ်သက်လို့ တော်တော်များများ ကြားရလိမ့်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG