သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အစိုးရသစ်လက်ထက် အာရှစီးပွားရေး ပေါ်လစီ အလားအလာ


၂၀၁၇ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ တက်လာမယ့် အိမ်ခြံမြေသူဌေးကြီး Donald Trump အစိုးရသစ်အနေနဲ့ ဘယ်လိုစီးပွားရေးမူဝါဒတွေကို ချမှတ်ကျင့်သုံးမှာလဲဆိုတာကို အမေရိကန်နဲ့ အဓိက စီးပွားဆက်ဆံရေး ရှိနေတဲ့နိုင်ငံတွေ၊ စီးပွားရေးပညာရှင်တွေက စောင့်ကြည့်နေကြပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလတလျှောက်လုံး ရွေးကောက်ခံသမ္မတ Trump က အမေရိကန် ပြည်တွင်းစီးပွားရေးကို ပြန်လည်ကောင်းမွန်အောင် လုပ်မယ်ဆိုတဲ့ ကတိတွေ ပေးထားတာကြောင့် ကိုယ်ကျိုးစီးပွား ကာကွယ်တဲ့မူဝါဒမျိုးတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ အာရှက စီးပွားရေးအင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေနဲ့ အမေရိကန်ကြား ဖြစ်လာနိုင်တဲ့ ကုန်သွယ်ရေးဆိုင်ရာ အပြောင်းအလဲတွေနဲ့ အာရှနိုင်ငံတွေရဲ့ စိုးရိမ်မှုတွေကို မစုမြတ်မွန်က စုစည်းတင်ပြထားပါတယ်။

နိုင်ငံခြားရောက်နေတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ နိုင်ငံထဲပြန်ရောက်အောင် လုပ်ပေးမယ်။ အမေရိကန်ရဲ့ စီးပွားရေးကို ပြန်လည် ကောင်းမွန်အောင်လုပ်ပေးမယ်ဆိုတဲ့ ကတိတွေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒသစ်တွေကို စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ထဲမှာ အာရှနိုင်ငံတွေလည်း ပါဝင်ပါတယ်။ တရုတ်ကြောင့် အမေရိကန်မှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးရတယ်လို့ဆိုပြီး တရုတ်ကို ကုန်သွယ်ခွန်တွေ အများကြီး တိုးကောက်မယ်လို့ ရွေးကောက်ပွဲမဲဆွယ်စဉ်က Mr. Trump က ပြောကြားခဲ့ပါတယ်။

လုပ်အားခသက်သာတဲ့ တရုတ်လိုနိုင်ငံတွေဆီ ရောက်နေတဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းတွေ နိုင်ငံထဲ ပြန်ရောက်အောင် လုပ်မယ်လို့လည်း ဆိုထားတာကြောင့် အမေရိကန်အစိုးရသစ်ဘက်က ကိုယ်ကျိုးစီးပွား ကာကွယ်တဲ့မူဝါဒကို အဓိကထားပြီး တရုတ်နဲ့ကုန်သွယ်ရေး ပဋိပက္ခဖြစ်လာမှာကို စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ အမေရိကန်က ကိုယ်ကျိုးစီးပွားကို ရှေ့ရှုတဲ့မူဝါဒ ချခဲ့မယ်ဆိုရင် ကမ္ဘာ့စီးပွားရေး တခုလုံးအပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာမယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Hatton Capital Partners ကုမ္ပဏီရဲ့စီးပွားဘက် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ Triphon Phumiwasana က တွက်ပါတယ်။

“ကျနော်အစိုးရိမ်ဆုံးကတော့ Trump ရဲ့စီးပွားရေးအစီအစဉ်တွေမှာ အထူးသဖြင့် တရုတ်နဲ့ ကုန်သွယ်ရေးမှာ ကိုယ့်နိုင်ငံ အကျိုးစီးပွား ကာကွယ်တဲ့မူတွေ ထားမှာကိုပါ။ အဲဒီလိုလုပ်လိုက်လို့ တရုတ်ကို ထိခိုက်မယ်ဆိုရင် ကုန်ကြမ်းယူ ကုန်ချော ထုတ်လုပ်လည်ပတ်နေတဲ့ လုပ်ငန်းကြီး တခုလုံးအပေါ် သက်ရောက် ကျဆင်းသွားနိုင်ပါတယ်။ အဲဒါမျိုးဖြစ်မှာကို ကျနော်အကြောက်ဆုံးပါ။”

သွင်းကုန်ခွန်တွေကို သမ္မတသစ် Donald Trump က တိုးမြှင့်လိုက်မယ်ဆိုရင် အမေရိကန် လုပ်သားတွေ လုပ်ငန်းတွေကိုပါ ထိခိုက်နိုင်တဲ့အပြင် ကုန်သွယ်ရေး ထိခိုက်မှုတွေပါ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ တရုတ်နိုင်ငံထုတ် Global Times သတင်းစာကြီးရဲ့ တနင်္လာနေ့ အယ်ဒီတာ့အာဘော်ဆောင်းပါးမှာ အမေရိကန်ဘက်က အဲလိုလုပ်လာရင် တရုတ်ဘက်ကလည်း အလားတူ တုံ့ပြန်မှုတွေ လုပ်မှာဖြစ်တယ်လို့ ရေးသား ဖော်ပြခဲ့ပါတယ်။ အမေရိကန် Boeing ကုမ္ပဏီအစား ပြင်သစ် Airbus ကုမ္ပဏီမှာ အစားထိုး မှာယူတာတွေ လုပ်မယ်။ တရုတ်မှာ အမေရိကန်မော်တော်ကားနဲ့ iPhone အရောင်းတွေ ထိခိုက်လိမ့်မယ်။ အမေရိကန်ရဲ့ ပဲပိစပ်နဲ့ ပြောင်း တင်သွင်းမှုတွေကို ရပ်ဆိုင်းမယ်။

အမေရိကန်မှာ ငွေကြေး အမြောက်အများ အကုန်ခံ ပညာသွားသင်ကြတဲ့ တရုတ်ကျောင်းသား အရေအတွက်ကို ကန့်သတ်မယ် စသဖြင့် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ တရုတ်အစိုးရပိုင် Global Times သတင်းစာ အယ်ဒီတာ့အာဘော်မှာ ရေးသားဖော်ပြပါတယ်။ အာရှနိုင်ငံ တော်တော်များများရဲ့ အဓိက ကုန်သွယ်ဘက်နိုင်ငံဖြစ်တဲ့ အမေရိကန်က ကိုယ်ကျိုးစီးပွားကာကွယ်တဲ့ ဆောင်ရွက်မှုတွေ လုပ်လာရင် အာရှနိုင်ငံတွေရဲ့ တိုးတက်မှုအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တာကိုလည်း ပညာရှင်တချို့ကလည်း သုံးသပ်နေပါတယ်။

ကုန်သွယ်ရေးအသာရဖို့ တရုတ်အစိုးရက ငွေကြေး ဈေးကစားတယ်ဆိုတာမျိုး အပါအဝင် Donald Trump က ရွေးကောက်ပွဲမဲဆွယ်စဉ်တလျှောက် စကားအဖြစ် ပြောခဲ့တာတွေကို သမ္မတဖြစ်လာပြီးရင် လက်တွေ့လုပ်ချင်မှ လုပ်ပါလိမ့်မယ်လို့ အကောင်းဘက်က မြင်နေကြသူတွေလည်း ရှိပါတယ်။ အဲဒီထဲမှာ ထိုင်းအစုရှယ်ယာ ဈေးကွက်အုပ်ချုပ်ရေးမှူး Prinn Panitchpakdi လည်း ပါပါတယ်။

“မဲဆွယ်စဉ် စကားအဖြစ်ပြောခဲ့တာက ဘာလဲ၊ လက်တေ့ွလုပ်မှာက ဘာလဲ၊ သူ့ရဲ့ လက်တေ့ွ မူဝါဒတွေက ဘာလဲဆိုတာ ကြည့်ရပါမယ်။ သူ့အနေနဲ့ ပိုပြီး လက်တွေ့ကျကျ၊ အပြုသဘောဆောင်တဲ့ ကိစ္စတွေ လုပ်မယ်လို့ မျှော်လင့်ပါတယ်။ သူက စီးပွားရေးသမားတယောက်ဆိုတော့ လက်တွေ့ကျမယ်လို့ ကျနော်ထင်ပါတယ်။”

တရုတ်နဲ့ ကုန်သွယ်ရေးပိုင်းမှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ခုလို စိုးရိမ်နေကြချိန်မှာ အိန္ဒိယနိုင်ငံက သုံးသပ်သူတွေကတော့ အိန္ဒိယရဲ့ နည်းပညာကဏ္ဍမှာ ထိခိုက်လာမှာ စိုးရိမ်နေကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ Software ၆၀% က အမေရိကန်ကို တင်ပို့နေတာဖြစ်ပြီး အမေရိကန်လုပ်ငန်းတွေ ငှားရမ်းထားတဲ့ အိန္ဒိယအလုပ်သမားက သန်းနဲ့ချီ ရှိပါတယ်။

နိုင်ငံခြားက ပညာရှင်တွေ အမေရိကန် လာရောက် အလုပ်လုပ်နိုင်တဲ့ H-1B Visa အစီအစဉ်နဲ့ အမေရိကန်မှာ လာလုပ်နေတဲ့ အိန္ဒိယက IT နည်းပညာကျွမ်းကျင်သူတွေလည်း အမြောက်အများ ရှိပါတယ်။ ဒီအစီအစဉ်ဟာ ဈေးပေါလုပ်သား အစီအစဉ်လို့ Trump က ဆိုပြီး ဒီလိုလူတွေကြောင့် အမေရိကန်လုပ်သားတွေ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးနေတာ ဖြစ်တယ်လို့ မဲဆွယ်စဉ်မှာ ပြောခဲ့တာကို အိန္ဒိယကုမ္ပဏီတွေက စိုးရိမ်နေကြပါတယ်။

“ကျနော်တို့က ပြည်တွင်းမှာရှိတဲ့ လုပ်သားတွေကို မငှားချင်လို့တော့ မဟုတ်ပါဘူး။ STEM လို့ခေါ်တဲ့ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာပညာပိုင်း ကျွမ်းကျင်သူတွေ မလောက်ငှမှုကြောင့် အမေရိကန်စီးပွားရေးကို ထိခိုက်တဲ့အတွက် ဒီအစီအစဉ်ကို ကျင့်သုံးတာဖြစ်ပါတယ်။ ပညာရှင်လိုအပ်မှုကို မဖြည့်နိုင်သရွေ့ ဒီလိုနိုင်ငံခြားက ပညာရှင်တွေကို ငှားရမ်းသုံးနေရဦးမှာပါ။”

အမေရိကန်မှာရှိတဲ့ IT လုပ်ငန်းတွေကို ကိုယ်စားပြုတဲ့ အိန္ဒိယ Software နဲ့ ဝန်ဆောင်မှု လုပ်ငန်းများဆိုင်ရာ ကမ္ဘာ့ကုန်သွယ်ရေး ဖွံ့ဖြိုးမှုဆိုင်ရာဌာနက အကြီးအကဲ Shivendra Singh ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေးပိုင်းမှာ သိပ်စိုးရိမ်စရာ မရှိနိုင်ဘူးလို့ ကျွမ်းကျင်သူ တော်တော်များများကတော့ သုံးသပ်ကြပါတယ်။ အိန္ဒိယမှာ အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်ကန်ပါသလို အမေရိကန်ရဲ့ ပို့ကုန်တွေအတွက် ဈေးကွက်ရှာတဲ့နေရာမှာ အိန္ဒိယဟာ မျက်စိကျစရာဖြစ်တဲ့အပြင် အိန္ဒိယစီးပွားရေးဟာ တိုးတက်နေပြီး လူလတ်တန်းစားတွေ များလာတဲ့အတွက် အမေရိကန်ကုမ္ပဏီတွေကို စွဲဆောင်နိုင်တဲ့ နိုင်ငံတခုဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG