သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အစိုးရသစ်လက်ထက် ကန်-မြန်မာဆက်ဆံရေး ခန့်မှန်းချက်


သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခံထားရသည့် Donald Trump.
သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခံထားရသည့် Donald Trump.

Donald Trump ဦးဆောင်တဲ့ အမေရိကန်အစိုးရသစ်နဲ့ မြန်မာနိုင်ငံအကြားက ဆက်ဆံရေးဟာ သိသာတဲ့ ပြောင်းလဲမှုတွေ မရှိနိုင်ပေမယ့်လည်း တရုတ်-အမေရိကန် ဆက်ဆံရေးအပေါ်မှာ မူတည်ပြီး သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ မြန်မာ့ရေးရာ ကျွမ်းကျင်သူ ပါမောက္ခ David Steinburg က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

သမ္မတ Donald Trump ရဲ့ အစိုးရလက်ထက်မှာ အမေရိကန်နိုင်ငံခြားရေးမူဝါဒတွေ ဘယ်လို ပြောင်းလဲသွားမလဲဆိုတဲ့အပေါ် နိုင်ငံတကာက စိတ်ဝင် တစားနဲ့ စောင့်ကြည့်နေကြပါတယ်။

အစိုးရအဖွဲ့ ဝန်ကြီးတွေကို ဘယ်သူတွေကို ခန့်အပ်မလဲ၊ သမ္မတရဲ့ အနီးကပ် အကြံပေးတွေဟာ ဘယ်သူတွေဖြစ်မလဲဆိုတဲ့အပေါ်မူတည်ပြီး အစိုးရအနေနဲ့ ဘယ်လမ်းကြောင်းကို သွားမလဲဆိုတာကို အကဲခတ်တွေက သုံးသပ်လေ့ ရှိကြပေမယ့် Donald Trump က ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ကာလအတွင်း ပြောဆိုခဲ့တဲ့ အကြောင်းအရာတွေအရ သူဟာ နိုင်ငံရေး မူဝါဒတွေမှာ ကျွမ်းကျင်မှု မရှိသူအဖြစ် လေ့လာသူတွေက သုံးသပ်ကြပါတယ်။

လက်ရှိ သမ္မတ Barack Obama အစိုးရလက်ထက်မှာ မြန်မာနိုင်ငံဟာ အရေးပါတဲ့ တိုင်းပြည်တခုအဖြစ် အလေးပေး ဆက်ဆံခံခဲ့ရတဲ့အခြေအနေကနေ သမ္မတသစ် Trump အစိုးရလက်ထက်မှာ ဘယ်လောက်အထိ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်သလဲ ဆိုတာကို မြန်မာ့အရေး ကျွမ်းကျင်သူတွေက စိတ်ဝင် တစား စောင့်ကြည့် နေကြတာပါ။

Georgetown တက္ကသိုလ်က မြန်မာ့အရေး ကျွမ်းကျင်းသူ ပါမောက္ခ David Steinburg ကတော့ Trump အစိုးရလက်ထက်မှာ မြန်မာနိုင်ငံအတွက် သိသာထူးခြားတဲ့ ပြောင်းလဲမှုတွေ ရှိလာမယ်လို့ မထင်ရပေမယ့် တရုတ်-အမေရိကန် ဆက်ဆံရေးအပေါ် မူတည်ပြီး ကြီးမားတဲ့ ပြောင်းလဲ မှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“သမ္မတ Trump အစိုးရလက်ထက်မှာ မြန်မာနိုင်ငံကတော့ ဆိုးကျိုးတွေ အများအပြား ရင်ဆိုင်ရမယ့် အလားအလာတော့ မရှိပါဘူး။ ဒါပေမယ့် ဒီနေရာမှာ အန္တရာယ် တခုတော့ ရှိနေပါတယ်။ အဲဒီ အန္တရာယ်ကတော့ - ကုန်သွယ်ရေးကိစ္စနဲ့ ပတ်သက်လို့ တရုတ်နဲ့ အမေရိကန်တို့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်လာခဲ့ရင်တော့ အမေရိကန်နဲ့ တရုတ် ဆက်ဆံရေးကနေ အမေရိကန်-မြန်မာ ဆက်ဆံရေးအပေါ် ဆိုးကျိုးတွေ သက်ရောက်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ အမေရိကန်ရဲ့ အခန်းကဏ္ဍအပေါ် တရုတ်တို့ဖက်က စိုးရိမ်မှုတွေ ပိုရှိလာနိုင်တဲ့ အတွက် ဖြစ်ပါတယ်။”

အထူးသဖြင့်တော့ အရှေ့တောင်အာရှဒေသနဲ့ပတ်သက်လို့ Trump အနားမှာ အသေအချာ အကြံပေးနိုင်တဲ့သူ မရှိတဲ့ကိစ္စဟာလည်း ပြဿနာတခုအဖြစ် ရှိနေတယ်လို့ David Steinburg က ဆိုပါတယ်။

“ပြဿနာက ဘာလဲဆိုတော့ - အာရှရေးရာကိစ္စတွေနဲ့ပတ်သက်လို့ ရီပတ်ဘလီကန်နဲ့ ဒီမိုကရက် အစိုးရတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဘူးသူ၊ လူတော်အများစုက သတင်းစာထဲမှာ ကြေညာထဲ့ပြီး Trump ကို မကြိုက်ဘူးဆိုတာကို လူသိရှင်ကြား ပြောခဲ့ကြပါတယ်။ ဒါကြောင့် အာရှရေးရာကိစ္စတွေနဲ့ပတ်သက်လို့ အကြံဉာဏ်ကောင်းတွေ တောင်းနိုင်ဖို့ တော်တဲ့လူတွေ Trump အတွက် မရှိတော့သလောက် ဖြစ်နေတယ်လို့ ကျနော်ထင်တယ်။”

မြန်မာနိုင်ငံနဲ့ တိုက်ရိုက်ပတ်သက်နိုင်တဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ဖို့ တစ်ပေးခံထားရသူတွေထဲမှာ အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း Newt Gingrich ၊ သမ္မတ George W. Bush လက်ထက်မှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ John Bolton တို့နဲ့အတူ Tennessee ပြည်နယ်က အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မီတီ ဥက္ကဋ္ဌ Bob Corker လည်း ပါဝင်ပါတယ်။

အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မီတီဥက္ကဋ္ဌ Bob Corker
အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မီတီဥက္ကဋ္ဌ Bob Corker

အထက်လွှတ်တော်အမတ် Corker ဟာ ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုကို လာရောက်စဉ်က ဒုသမ္မတ Joe Biden အိမ်မှာ မနက်စာ အတူ စားသုံးခဲ့တဲ့အထဲ ပါဝင်သူ တဦးလည်း ဖြစ်ပါတယ်။

အဲဒီတုန်းက မြန်မာနိုင်ငံအတွင်းက လူမှောင်ခိုကူးတဲ့ ပြဿနာနဲ့ပတ်သက်လို့ မေးမြန်း ရာမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တုန့်ပြန် ပြောဆိုခြင်းမရှိခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း အဲဒီ မနက်စာ စားသုံးတဲ့နေ့ စက်တင်ဘာလ ၁၄ ရက်နေ့မှာပဲ အထက်လွှတ်တော်အမတ် Corker က ချက်ခြင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီလို တုန့်ပြန်မှုကြောင့် မြန်မာနိုင်ငံအတွင်းက လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို သူ့အနေနဲ့ အနီးကပ် စောင့်ကြည့် သွားမယ့်အကြောင်းလည်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မြန်မာအရေးနဲ့ပတ်သက်လို့ အမေရိကန် အထက်လွှတ်တော်မှာ Mitch McConnell နဲ့ John McCain တို့လို သြဇာရှိတဲ့ အထက်လွှတ်တော် အမတ်တွေ ရှိနေပေမယ့်လည်း အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မီတီဥက္ကဋ္ဌဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေ ချမှတ်ရာမှာ လွှမ်းမိုးမှု ရှိတဲ့ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။

ဒါကြောင့် အထက်လွှတ်တော်အမတ် Corker သာ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ရွေးချယ်ခံခဲ့ရရင် နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ အမြင်တွေလည်း နိုင်ငံရေးအကဲခတ်တွေအကြားမှာ ထွက်ပေါ်နေပါတယ်။

ဒုသမ္မတအဖြစ် ရွေးကောက် တင်မြောက်ခံထားရတဲ့ Indiana ပြည်နယ် အုပ်ချုပ်ရေးမှူး Mike Pence ဟာ သူ့ပြည်နယ် အတွင်းမှာ မြန်မာနိုင်ငံက ရွေ့ပြောင်း နေထိုင်သူတွေ အများအပြား ရှိတယ်ဆိုပေမယ့် ရွေ့ပြောင်း နေထိုင်သူတွေနဲ့ ဒုက္ခသည်တွေ အရေးကို စိတ်ဝင်စားမှု သိပ်မပြခဲ့ဘူးလို့ ပြည်နယ်မြို့တော် Indianapolis ဒေသခံ မြန်မာတွေက ပြောပါတယ်။

ဒါပေမယ့်လည်း Trump အစိုးရလက်ထက်မှာတော့ မြန်မာအရေးနဲ့ ပတ်သက်လာရင် လက်ရှိ အနေအထားထက် သိသာတဲ့ ပြောင်းလဲမှုတွေ ရှိမယ်လို့ သူ့အနေနဲ့ မယူဆကြောင်း Indianapolis မြို့မှာနေထိုင်တဲ့ ဒေါက်တာ Ro Dinga က ပြောပါတယ်။

“ဆိုးသွားမယ့် အခြေအနေတော့ ရှိလိမ့်မယ် မထင်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး မူဝါဒ၊ အထူးသဖြင့်ပေါ့နော် မြန်မာပြည် မူဝါဒနဲ့ ပတ်သက်လို့ အဲဒါ Senate Foreign Relations ကော်မီတီပေါ့နော်၊ အဲဒီကနေ မူဝါဒတွေ ချမှတ်ပြီးတော့ သမ္မတကတော့ Execute လုပ်ရတာပေါ့၊ အဲဒီ မူဝါဒအပေါ်မှာပဲ လုပ်ကိုင် ဆောင်ရွက်ရတဲ့ သဘောရှိတယ်။ ဆိုတော့ သမ္မတ Donald Trump ဖြစ်ပြီးတော့ Mike Pence က ဒုသမ္မတ ဖြစ်ရင်လည်း မြန်မာပြည် အပေါ်မှာ မူဝါဒတော့၊ အမေရိကန် အစိုးရရဲ့ ရပ်တည်ချက်ကတော့ ထူးထူးထွေထွေ ပြောင်းလဲလိမ့်မယ်လို့ ကျနော် မထင်ဘူး။ အများကြီး ကောင်းလာလိမ့်မယ်လို့လည်း ကျနော် သိပ် မမျှော်လင့်ပါဘူး။”

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးပြီးသားဖြစ်တဲ့ ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton အနိုင်မရပဲ Donald Trump အနိုင်ရလိုက်တဲ့အတွက် သူ့အစိုးရ လက်ထက်မှာ လက်ရှိ သမ္မတ အိုဘားမား အစိုးရ လက်ထက်လောက် မြန်မာနိုင်ငံအပေါ် အလေးပေး ဆက်ဆံမှု ရှိမှာမဟုတ်ဘူးလို့ အကဲခတ် အများစုကတော့ သုံးသပ် ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG