သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ခံသမ္မတသစ် အပေါ် အိုဘားမား ရဲ့အမြင်


အမေရိကန် Barack Obama ဟာ သမ္မတတာဝန်နဲ့ နောက်ဆုံးခရီးစဉ်အဖြစ် Greece, Germany, နဲ့ Peru နိုင်ငံတွေကို သွားဖို့ နိုဝင်ဘာ ၁၄ ရက် တနင်္လာနေ့က ဝါရှင်တန်မြို့တော်ကနေ ထွက်ခွာသွားပါပြီ။ ခရီးမထွက်ခင်မှာ သမ္မတအိုဘားမားဟာ အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံသတင်းစာရှင်းပွဲလုပ်ခဲ့ပါတယ်။ သူ့ရာထူးကို လက်ခံမယ့် သမ္မတသစ် Donald Trump အနေနဲ့ နေတိုးစစ်မဟာမိတ်အဖွဲ့အပေါ် ဆက်လက်ထောက်ခံသွားမယ်ဆိုတာကို သမ္မတအိုဘားမားက အာမခံချက်ပေးခဲ့သလို သမ္မတသစ်အပေါ် ပြည်သူတွေဖက်က အခွင့်အလမ်းပေးဖို့လည်း တိုက်တွန်းသွားပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပါမယ်။

ဂရိ၊ ဂျာမနီနဲ့ ပီရူးနိုင်ငံတွေဆီ အမေရိကန်သမ္မတအဖြစ် သမ္မတ Barack Obama နောက်ဆုံးသွားရောက်မယ့် ခရီးစဉ်မတိုင်ခင် သမ္မတက အိမ်ဖြူတော်မှာ သတင်းစာရှင်းပွဲလုပ်ခဲ့တာမှာ ဒီခရီးစဉ်ကနေ စီးပွားရေးတိုးတက်ရေး၊ ကမ္ဘာ့လုံခြုံရေးနဲ့ တခြားကိစ္စတော်တော်များများအပေါ် အမေရိကန်ရဲ့ ထောက်ခံမှု ဆက်ရှိနေမှာဖြစ်တယ်ဆိုတာကို ထပ်ပြီး ပြသဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ခံသမ္မတ Donlad Trump ဟာ နေတိုးစစ်မဟာမိတ်အဖွဲ့ကို ဆက်ပြီးထောက်ခံသွားမှာဖြစ်တယ်ဆိုတာကို ဥရောပခေါင်းဆောင်တွေကို အာမခံပြောကြားမှာဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောကြားခဲ့ပါတယ်။

“ရွေးကောက်ခံသမ္မတနဲ့ ဆွေးနွေးခဲ့တုန်းက အမေရိကန်ရဲ့ အဓိက မဟာဗြူဟာမြောက်ဆက်ဆံရေးတွေကို ဆက်လက်ထားရှိရေးအပေါ် သူ့အနေနဲ့ အင်မတန် စိတ်ဝင်တစားရှိတယ်ဆိုတာကို ထုတ်ဖော်ပြောခဲ့ပါတယ်။ ဒါကြောင့် နေတိုးစစ်မဟာမိတ်အဖွဲ့နဲ့ Atlantic သမုဒ္ဒရာတဖက်ကမ်းက မဟာမိတ်တွေကို ဒီသတင်းစကားကို ကျွန်တော်ပါးမှာဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ အမေရိကန်သမ္မတတယောက်အနေနဲ့ အရေးအကြီးဆုံးလုပ်ပေးနိုင်မှာက အမေရိကန်အနေနဲ့ နေတိုးနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို ဆက်လက်ထားရှိသွားမယ်။ မဟာမိတ်ဆက်ဆံရေးဟာ ဥရောပအတွက်တင်သာမက အမေရိကန်အတွက်လည်း အရေးကြီးပြီး ကမ္ဘာကြီးအတွက်လည်း လိုအပ်တယ်ဆိုတာကို ပြောပြနိုင်မှာဖြစ်ပါတယ်။”

ရွေးကောက်ပွဲမဲဆွယ်စဉ်ကာလတွေတုန်းက နေတိုးအဖွဲ့နဲ့ သဘောတူထားချက်တွေအတိုင်း လုပ်မှာမဟုတ်ဘူးဆိုတာမျိုး Donald Trump က ပြောကြားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ IS တွေကို နှိမ်နှင်းဖို့ နေတိုးအဖွဲ့နဲ့ အနီးကပ်လက်တွဲဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီသတင်းစာရှင်းပွဲမှာ Donald Trump သမ္မအဖြစ်ရွေးကောက်ခံရတဲ့ကိစ္စနဲ့ သူ့ရဲ့ အစိုးရအဖွဲ့အတွက် ရာထူးနေရာ ခန့်အပ်မှုတွေအကြောင်းကို သတင်းထောက်တွေက အဓိကမေးခဲ့ကြပါတယ်။ လက်ယာစွန်းဝါဒီ Stephen Bannon ကိုမဟာဗြူဟာ ချမှတ်သူအဖြစ်ခန့်အပ်တဲ့အပေါ် အငြင်းပွားစရာဖြစ်နေတာနဲ့ပတ်သက်လို့ မေးမြန်းချက်ကို သမ္မတ Barack Obama ကခုလိုဖြေကြားပါတယ်။

“ပြည်သူလူထုအနေနဲ့ သူတို့ရဲ့ဆန္ဒကို ထုတ်ဖော်ခဲ့ကြပါပြီ။ ဒေါ်နယ်ထရမ့်က နောက်တက်မယ့် အမေရိကန်သမ္မတ ဖြစ်လာမှာပါ။ ဒါကြောင့် သူ့အနေနဲ့ တာဝန်ကျေကျေ ထမ်းဆောင်နိုင်ပြီး သူ့ပေါ်လစီတွေကို ထင်ဟပ်ပေါ်လွင်စေနိုင်မယ့် အစိုးရအဖွဲ့ ဖွဲ့ဖို့ လိုအပ်ပါတယ်။ သူ့အတွက် မဲမပေးခဲ့ကြသူတွေအနေနဲ့ နားလည်ကြရမှာက ဒါက ဒီမိုကရေစီနည်းလမ်းအရဖြစ်ပြီး အမေရိကန်စနစ်ဟာ ဒါကို အခြေခံတာ ဖြစ်တယ် ဆိုတာပါပဲ။”

အာဏာလွှဲပြောင်းရေးချောမွေ့စေဖို့ Donald Trump ကို တွေ့ဆုံဆွေးနွေးခဲ့တဲ့ သမ္မတအိုဘားမားက Trump ဟာ လက်တေ့ွကျကျ ဆောင်ရွက်မယ့်သူဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

“သူ့အနေနဲ့ အိမ်ဖြူတော်မှာ လာရောက်တာဝန်ထမ်းဆောင်တဲ့အခါ အရင်က သမ္မတအတော်များများနဲ့အတူ ပါလာတဲ့ အတွေးအခေါ် အယူဝါဒစွဲတွေ သိပ်ပါလာလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ သူက အတွေးအခေါ် သမားလို့ ကျနော် မထင်ပါဘူး။ သူက လက်တွေ့ကျတယ်လို့ ကျနော်ထင်ပါတယ်။ ဒီအချက်က သူ့အတွက် အကျိုးရှိစေနိုင်ပါတယ်။ သူ့ဘေးနားက လူတွေက တော်ကြမယ်၊ သူ့ရဲ့ရည်မှန်းချက်ကလည်း ပြတ်သား မှန်ကန်မယ်ဆိုရင်ပေါ့။”

ရွေးကောက်ပွဲကာလ မဲဆွယ်စဉ်တုန်းက အငြင်းပွားစရာ စကားတွေပြောကြားခဲ့တဲ့ Donald Trump ဟာ သမ္မတတာဝန်ထမ်းဆောင်တဲ့အခါ အဲလိုဆက်ပြီး ပြောဆိုနေရင်တော့ ပြဿနာဖြစ်နိုင်တယ်လို့လည်း သမ္မတအိုဘားမားက သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူအနေနဲ့ သူ့ရဲ့စိတ်လိုက်မာန်ပါ ပြောဆိုမှုကို မထိန်းနိုင်ဘူးဆိုရင် သူ့အတွက် ပြဿနာ တက်စေနိုင်ပါတယ်။ သူကိုယ်တိုင်က ဒီစိတ်ကို ထိန်းရမယ်ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ သမ္မတလောင်းအဖြစ် ဝင်အရွေးခံတုန်းက မမှန်ကန်တာတွေ၊ ပြဿနာတက်နိုင်တဲ့အချက်တွေ ပြောခဲ့ရင် သိပ် မထိခိုက်နိုင်ပါဘူး။ ဒါပေမယ့် သမ္မတဖြစ်လာရင်တော့ တကမ္ဘာလုံးက ဂရုစိုက် နားထောင်နေတာပါ။ ဈေးကွက်တွေ ကမောက်ကမ ဖြစ်နိုင်သလို အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်ရင်လည်း တိကျမှန်ကန်ဖို့ လိုအပ်ပါတယ်။ အမှားမခံနိုင်ပါဘူး။”

တနင်္လာနေ့က ဂရိနိုင်ငံကို မထွက်ခွာခင်မှာ သမ္မတအိုဘားမားက အိမ်ဖြူတော်မှာ သတင်းစာရှင်းပွဲလုပ်ခဲ့တာဖြစ်ပါတယ်။ သမ္မတအိုဘားဟာ အေသင်မြို့တော်မှာ ၂ ရက်နေပြီးရင် ဂျာမနီကို ခရီးဆက်မှာဖြစ်ပြီး အဲဒီကနေ ပီရူးနိုင်ငံကို ဆက်သွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG