သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ရုရှားနဲ့ အချက်အလက်မျှဝေမှု အိမ်ဖြူတော်ချေပ


အမျိုးသားလုံခြုံရေး အကြံပေး H.R. McMaster အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားစဉ်။ မေ ၁၆ ၂၀၁၇
အမျိုးသားလုံခြုံရေး အကြံပေး H.R. McMaster အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားစဉ်။ မေ ၁၆ ၂၀၁၇

သမ္မတ Donald Trump နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တွေ့ဆုံစဉ်က အကြမ်းဖက်မှုနဲ့ နိုင်ငံတကာ လေကြောင်း သွားလာမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ဆိုင်တဲ့ ထိပ်တန်း လျှို့ဝှက် သတင်းအချက်အလက်တွေကို ပြောကြားခဲ့တယ် ဆိုတဲ့ကိစ္စဟာ လုံး၀ သင့်လျော်မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ပြီး အမေရိကန် ထောက်လှမ်းရေးလုပ်ငန်းတွေကို ထိခိုက်ခြင်း မရှိဘူးလို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး H.R. McMaster က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

“ကျနော်တို့အနေနဲ့ ဘယ်ကိစ္စက ထိပ်တန်း လျှို့ဝှက်ချက် ဖြစ်တယ်၊ မဖြစ်ဘူးဆိုတဲ့ကိစ္စကို မဆွေးပါဘူး။ ဒါပေမယ့် ကျနော် ခင်ဗျားတို့ကို ပြောနိုင်တာကတော့ - သမ္မတ Donald Trump နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ ဆွေးနွေးကြစဉ် ပြောကြားခဲ့တဲ့ အကြောင်းအရာတွေဟာ ပုံမှန် လုပ်ရိုး လုပ်စဉ်ထက် မပိုဘူးဆိုတာနဲ့ ဒါဟာလည်း သမ္မတအနေနဲ့ တခြား ဘယ်နိုင်ငံက ခေါင်းဆောင်နဲ့ပဲဖြစ်ဖြစ် တွေ့ဆုံတဲ့အခါ ပြောကြားလေ့ရှိတဲ့ ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။”

ရုရှားနိုင်ငံခြားရေးဝန်ကြီးအပြင်၊ အမေရိကန်ပြည်ထောင်စုဆိုင်ရာ ရုရှားသံအမတ်ကြီး Sergey Kislyak တို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံကြစဉ်က Laptop ကွန်ပြူတာတွေထဲမှာ ဗုံးထည့်ပြီး လေယာဉ်တွေပေါ် IS အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့က လျှို့ဝှက်ခိုးသယ်ဖို့ ကြံစည်နေတယ်ဆိုတဲ့ အစီအစဉ်ကို သမ္မတ Trump က ပြောပြခဲ့တယ်ဆိုပြီး The Washington Post သတင်းစာမှာ ရေးသားထားတဲ့ ကိစ္စဟာ မမှန်ကန်ကြောင်း McMaster က ငြင်းဆိုလိုက်ပါတယ်။

သမ္မတ Trump နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ၊ ရုရှားသံအမတ်ကြီး Sergey Kislyak တို့ ၃ ဦးဟာ အိမ်ဖြူတော် Oval ရုံးခန်းထဲမှာ တံခါးပိတ် တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

ဒီအတောအတွင်းရာထူးက ဖယ်ရှားခံလိုက်ရတဲ့ အမျိုးသားလုံခြုံရေး အကြံပေးဟောင်း Michael Flynn နဲ့ ရုရှားနိုင်ငံအကြား ဆက်နွယ်မှု ရှိမရှိ စုံစမ်း စစ်ဆေးနေတဲ့ကိစ္စကို ရပ်တန့်ပေးဖို့ မကြာသေးခင်က ရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့ FBI ပြည်ထောင်စု စုံစမ်း စစ်ဆေးရေးဗျူရို အကြီးအကဲ James Comey ကို သမ္မတ Trump က တောင်းဆိုခဲ့ကြောင်း The New York Times သတင်းစာမှာ ဦးစွာ ဖော်ပြခဲ့ပြီး နောက်ပိုင်းမှာ The Washington Post သတင်းစာကလည်း အတည်ပြု ရေးသားပါတယ်။ သမ္မတ အနေနဲ့ အဲဒီလို တောင်းဆိုခဲ့တယ်ဆိုတဲ့ကိစ္စဟာ မမှန်ကန်ကြောင်း သမ္မတ အိမ်ဖြူတော်က အဲဒီ သတင်း ထွက်လာပြီး မကြာခင်မှာဘဲ ငြင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG