သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ပတ်သက်မှု အရှုပ်တော်ပုံ Trump အစိုးရ ဆက်ရှင်းရအုံးမည်


အမေရိကန်သမ္မတ Trump ရုရှားသမ္မတနဲ့ တယ်လီဖုန်းစကားပြောနေစဉ်။
အမေရိကန်သမ္မတ Trump ရုရှားသမ္မတနဲ့ တယ်လီဖုန်းစကားပြောနေစဉ်။

မနှစ်က အမေရိကန် သမ္မတရွေးကောက်ပွဲ စည်းရုံးရေး ကာလအတွင်း ရုရှားသံအမတ်ကြီး Sergei Kislyak နဲ့ ၂ ကြိမ်တွေ့ဆုံခဲ့တာကို အထက်လွှတ်တော်ကြားနာပွဲမှာ ထုတ်ဖေါ်ပြောဆိုဖို့ ပျက်ကွက်ခဲ့တယ်လို့ နိုင်ငံတော် ရှေ့နေချုပ် Jeff Sessions က ဝန်ခံခဲ့ပြီးတဲ့ နောက်မှာ တော့ ဒီ ရုရှား သံအမတ်ကြီးနဲ့ တွေ့ဆုံမှုတွေအတွက် အရင်က ထုတ်မပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး နောက်ထပ် ထွက်ပေါ် လာမှာတွေကို Trump အစိုးရအဖွဲ့ ဆက်ပြီး ရင်ဆိုင်နေရအုံးမှာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ကြားဝင်နှောက်ယှက် ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ဖက်ဒရယ်အစိုးရရဲ့ ဘယ်လို စုံစမ်း စစ်ဆေးမှု မျိုးမှာမဆို ပါဝင်လုပ်ဆောင်တာမျိုး မလုပ်တော့ဘူးလို့ ရှေ့နေချုပ် Sessions က ကြာသပတေးနေ့က ပြောကြားခဲ့တာပါ။

ဒါပေမယ့်လည်း မနှစ်က ဒီဇင်ဘာလတုန်းက နယူးရောက်က Trump Tower မှာ Trump ရဲ့ သားမက် Jared Kushner နဲ့ အရင်က အမျိုးသားလုံခြုံရေးအကြံပေး အဖြစ် ရွေးခဲ့သူ Michael Flynn တို့ ရဲ့ ရုရှားသံအမတ်ကြီးနဲ့ တွေ့ဆုံပွဲတွေနဲ့ ပတ်သက်ပြီး သမ္မတ Trump နဲ့ အိမ်ဖြူအရာရှိတွေ ဆက်ပြီး ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Michael Flynn ဟာ သူ့တာဝန်ကို ၂၄ ရက်ပဲ ထမ်းဆောင်ခဲ့ရပြီး ရုရှားသံအမတ်ကြီး Kislyak နဲ့ တွေ့ဆုံပြောကြားခဲ့တာတွေနဲ့ ပတ်သက်ပြီး ထိပ်တန်းအရာရှိတွေကို လိမ်ညာခဲ့တာတွေ့ရခဲ့တဲ့ နောက်မှာ တာဝန်ကနေ အဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။

Trump Tower က ဆွေးနွေးပွဲတွေရဲ့ ရည်ရွယ်ချက်က တက်လာမယ့် အစိုးရအဖွဲ့နဲ့ ရုရှားသံအမတ်ကြီးတို့ကြား ဆက်ဆံရေး တရပ် ထူထောင်တာ လို့ သမ္မတ အိမ်ဖြူပြောခွင့်ရ အမျိုးသမီး Hope Hicks က ကြာသပတေးနေ့က ပြောပါတယ်။ဒီလို ဆက်ဆံရေး ထူထောင်ဖို့ တွေ့ဆုံပွဲမျိုးကို လုပ်လေ့ရှိပြီး Kushner ဟာ တခြားနိုင်ငံပေါင်း တဒါဇင်ကျော်က ကိုယ်စားပြုသူတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။

သမ္မတအိမ်ဖြူ ပြောခွင့်ရ Sean Spicer ကတော့ အခုလို တွေ့ဆုံပွဲမျိုးဟာ လျှို့ဝှက်ထားတာမျိုး မဟုတ်ပဲ ရင်းရင်းနှီးနှီး တွေ့ဆုံတာမျိုးမို့ ဘယ်သူပဲ တွေ့တွေ့ ဘာမှ ထူးခြား တာမျိုး မဟုတ် သလို မူဝါဒ ရေးရာတွေ ဆွေးနွေးတာမျိုး မဟုတ်ဘူးလို့ သောကြာနေ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG