သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသအရေးဆွေးနွေးဖို့ ဖိလစ်ပိုင်သမ္မတကို ကန်ဖိတ်ကြား


ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး (အလယ်)
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး (အလယ်)

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးကို ၊ ဒေသတွင်းမှာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအပါအဝင် ကိစ္စရပ်အတော်များများကိုဆွေးနွေးဖို့အတွက် ဝါရှင်တန်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားလိုက်ပါတယ်။ သမ္မတ ၂ ဦး စနေနေ့က တယ်လီဖုန်းနဲ့ စကားပြောခဲ့ကြပြီးတဲ့နောက်၊ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ကြေငြာချက်မှာတော့ - မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအပါအဝင် ဒေသတွင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ စိုးရိမ်မှုတွေကို ခေါင်းဆောင် ၂ ဦး ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့ ပြောထားပါတယ်။

မြောက်ကိုရီးယားက စနေနေ့ အစောပိုင်းတုန်းက ပြုံယမ်းမြို့ မြောက်ဘက်ကနေ တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားအစိုးရတွေကတော့ ဒီစမ်းသပ်ပစ်လွှတ်မှုဟာ အောင်မြင်ခြင်းမရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး၊ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒီအပေါ်မှာ ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

မြောက်ကိုရီးယားရဲ့ နျူးကလီးယားပြဿနာဟာ အလွန်အမင်းစိတ်ပူစရာဖြစ်လာနေပြီး၊ အထီးကျန်နေတဲ့နိုင်ငံနဲ့ စစ်ဖြစ်ခြင်းအားဖြင့် လူသားတွေရဲ့ ကောင်းမွန်တဲ့အပိုင်းတွေ ပျက်စီးဆုံးရှုံးစေမှာဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သတိပေးလိုက်ပါတယ်။ မြောက်ကိုရီးယားပြဿနာကို ကြားဝင်ဖြေရှင်းပေးဖို့အတွက် နော်ဝေးနိုင်ငံကို သူက အဆိုပြုပြီး၊ နော်ဝေးနိုင်ငံဟာ ကူညီဖို့ အမြဲအဆင်သင့်ရှိတယ်လို့ သတင်းထောက်တွေကို သူ့ရဲ့ လေယာဉ်ပေါ်မှာ ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ၊ THAAD ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် ကုန်ကျစရိတ်ကို တောင်ကိုရီးယားနိုင်ငံအနေနဲ့ ပေးသင့်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြီးခဲ့တဲ့သီတင်းပတ်က ပြောကြားခဲ့ပေမယ့်လည်း ၊ အဲဒီကုန်ကျစရိတ်ကို အမေရိကန်က ပေးဖို့ အတည်ပြုခဲ့တယ်လို့ တောင်ကိုရီးယားက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG