သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီးတွေ တောင်တရုတ်အရေးဆွေနွေးလို့ အကျိုးမရှိဟု Duterte ဝေဖန်


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) အစည်းအဝေးအတွင်း တောင်တရုတ် ပင်လယ်ပြင်မှာ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ကိစ္စတွေကို ဆွေးနွေးတာဟာ၊ အကျိုးရှိမှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံကို ဘယ်သူမှလည်း ဖိအားပေးရဲမှာ မဟုတ်ဘူးလို့လည်း တရုတ်နိုင်ငံနဲ့ ရေပိုင်နက် အငြင်းပွားမှုဖြစ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ဒီသီတင်းပတ်ထဲ ကျင်းပမယ့် ညီလာခံမတိုင်ခင် ဒီကနေ့မှာပဲ သမ္မတ Duterte က သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်တဲ့ အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေပါ တက်ရောက်မယ့် ညီလာခံအတွက် မနီလာမြို့တော်မှာတော့ လုံခြုံရေးတွေ တင်းကျပ်ထားပါတယ်။ ညီလာခံအခမ်းအနားတွေ ကျင်းပမယ့် နေရာအနီးအနားမှာရှိတဲ့ ဈေးဆိုင်တွေ၊ လမ်းတွေကိုလည်း ပိတ်ထားလိုက်ပြီး သတင်းယူဖို့ စာရင်းပေးသွင်းထားတဲ့ မီဒီယာတွေ အနေနဲ့လည်း သတ်မှတ်ထားတဲ့ အခန်းအနားတွေကိုသာ လုံခြုံရေး အစောင့်အရှောက်တွေနဲ့ သွားရောက်ခွင့် ရမှာဖြစ်ပါတယ်။

အချက်အခြာ လမ်းဆုံလမ်းခွတွေမှာလည်း ဝတ်စုံပြည့်နဲ့ လုံထိန်းရဲတွေကို တွေ့ရသလို၊ လေယာဉ်ပစ် စက်သေနတ်တွေ၊ သံချပ်ကာကားတွေကိုလည်း တွေ့ရပါတယ်။ တောင်တရုတ်ပင်လယ်ပြင်မှာ ပိုင်ဆိုင်မှုအတွက် အငြင်းပွားရာက တင်းမာမှုတွေ ပေါ်ပေါက်နေတဲ့ ကိစ္စအပြင်၊ မြောက်ကိုရီးယားအရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး စတဲ့ ကိစ္စတွေကို ဆွေးနွေးလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးကိုတော့ မနက်ဖြန် စတင်ကျင်းပမှာဖြစ်ပြီး၊ မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အသင်းဝင် နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်မယ့် ထိပ်သီးညီလာခံကိုတော့ စနေနေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG