သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီးညီလာခံ တောင်တရုတ်အရေးနဲ့ လုံခြုံရေး ဦးစားပေးဆွေးနွေးမည်


အာဆီယံထိပ်သီးညီလာခံ
အာဆီယံထိပ်သီးညီလာခံ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ဒီသီတင်းပတ်နှောင်းပိုင်း ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ထိပ်သီးညီလာခံမှာ တင်းမာမှုတွေ ကြီးထွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အရေး အပါအဝင် လုံခြုံရေး ကိစ္စရပ်တွေကို ဦးစားပေး ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အာဆီယံအသင်းဝင် နိုင်ငံတချို့နဲ့ တရုတ်နိုင်ငံကြား ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်နဲ့ ပတ်သက်လို့ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်လို့ အပြီးသတ်မူကြမ်းတခု ရေးဆွဲရေး တရုတ်နဲ့ အာဆီယံအသင်းက စေ့စပ်ညှိနှိုင်းသူတွေ မကြာသေးခင် လတွေမှာပဲ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

သဘောတူညီချက်ကို မနီလာမြို့တော်က ညီလာခံအတွင်း အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်မှုတွေ ရှိနေပေမဲ့လည်း၊ အသင်းဝင်အားလုံးက လက်ခံဖို့ လိုအပ်တဲ့ အာဆီယံရဲ့ အခြေခံမူကြောင့်၊ လက်တွေ့မှာ ဖြစ်နိုင်ပါ့မလားဆိုပြီး မေးခွန်းထုတ်သူတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် တောင်တရုတ်ပင်လယ်ပြင် အရေးနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ချမှတ်ရာမှာ တရုတ်နိုင်ငံက သြဇာညောင်းတဲ့ အာဆီယံ အသင်းဝင်တချို့က ဆန့်ကျင်တဲ့ ရပ်တည်ချက်တွေ ပေါ်ပေါက်နိုင်တယ်လို့လည်း ခန့်မှန်းနေကြတာပါ။

မြန်မာနိုင်ငံလည်း အသင်းဝင်အဖြစ် ပါဝင်တဲ့ အာဆီယံ ၁၀ နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးကတော့ သောကြာနေ့မှာ ကျင်းပမှာဖြစ်ပြီး၊ မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ဖို့ စီစဉ်ထားပြီး အသင်းဝင် နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်မယ့် ထိပ်သီးညီလာခံကတော့ စနေနေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

တွေ့ဆုံမှုတွေ အတွင်းမှာတော့ တောင်တရုတ်ပင်လယ်ပြင် အရေးအပြင်၊ ဒေသတွင်း လုံခြုံရေးပြဿနာတခုဖြစ်တဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားအရေးအပြင်၊ ကုန်သွယ်ရေး၊ စီးပွားရေး ကိစ္စတွေကိုလည်း ဆွေးနွေး လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG