သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရှင်တန်မှာကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေး ဒေါ်စု မတက်ရောက်နိုင်


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

လာမယ့် မေလ ၄ရက်နေ့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံပွဲကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တက် ရောက်နိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။ ဒါဟာ အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့် အစိုးရလက်ထက် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အာဆီယံ ၁၀နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ ပထမဆုံးအကြိမ် သီးခြားတွေ့ဆုံကြမှာပါ။ သတင်းအ ပြည့်အစုံကိုတော့ ဗွီ အိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မေလဆန်းမှာ ဥရောပ လေးနိုင်ငံ ခရီးစဉ် သွား ရောက်ဖို့ ရှိတာကြောင့် လာမယ့် မေလ ၄ရက်နေ့ ဝါရှင်တန်မြို့တော်မှာ ကျင်းပမယ့် အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး Rex Tillerson နဲ့ အာဆီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ သီးခြားတွေ့ဆုံ ပွဲကို တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနက ဒုတိယ ညွှန် ကြား ရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်သိတာကတော့ အဲဒီကာလမှာ ကျနော်တို့ နိုင်ငံတော် အတိုင်ပင်ခံက ခရီးစဉ်တခုရှိနေတယ်။ ဆိုတော့ သူ့ကိုယ်စား တယောက်သွားမယ်လို့ နားလည်တာပေါ့နော် ။ သူ့ကိုယ်စား တယောက်တော့ သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီကာလမှာ ဝန်ကြီးက ဥရောပ ခရီးစဉ်တခုရှိနေတယ် အဲဒါကြောင့်။”

အဲ့ဒီ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဘယ်သူတက်မလဲဆိုတာကို သေချာ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံပွဲမှာ ကုန် သွယ်ရေးကိစ္စ၊ တောင်တရုတ် ပင်လယ်တွင်းက နယ်မြေပိုင်းခြားမှု၊ ရာဇဝတ်မှု၊ တရားမဝင် ရောင်းဝယ် ဖောက်ကားမှု အပါအဝင် ဒေသတွင်းနဲ့ အာဆီယံ- အမေရိကန်အကြားကိစ္စတွေကို ဆွေးနွေးဖွယ် ရှိတယ် လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၂၆ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ဖိ လစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပမယ့် အကြိမ် ၃၀မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကိုတော့ တက်ရောက်ဖို့ ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဧပြီ ၂၆ရက်နေ့မှာ တရားဝင် သတင်းထုတ်ပြန်သွားမယ် လို့ ဦးအောင်မျိုးမြင့်က ပြောပါတယ်။

“ကျနော်တို့ ဧပြီ ၂၆ရက်နေ့မှာ တရားဝင် သတင်းထုတ်ပြန်သွားဖို့ရှိပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဒီဧပြီမှာလုပ်မယ့် အာဆီယံ Summit ကိုတက်မယ်ဆိုတဲ့အကြောင်း သတင်းထုတ်ပြန်သွားဖို့ရှိပါတယ်။ အဓိကတော့ကျနေ်ာတို့ ဖိလစ်ပိုင် ရဲ့ Theme ပေါ့နော် ၂၀၁၇ မှာ အာဆီယံ Chair လုပ်တဲ့ကာလမှာ ဖိလစ်ပိုင်အနေနဲ့ ဘာတွေဆက်လုပ်မယ်ဆိုတဲ့ Agenda တွေကိုပဲ ဆွေးနွေးမှာပါ အဓိက အားဖြင့်တော့။”

အာဆီယံ ထိပ်သီးအစည်းအဝေး အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗြိတိန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတွေကို သွားရောက်ဖို့ရှိနေပြီး မေလထဲမှာတော့ တရုတ်နိုင်ငံကို သွားရောက်ဖို့ ရှိနေတာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ လာမယ့် သြဂုတ်လထဲမှာဖိလစ်ပိုင်မှာကျင်းပမယ့်
အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေး ကို တက်ရောက်ဖို့ ရှိနေပြီး အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကတော့ နိုဝင်ဘာလထဲ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ပြုလုပ်မယ့် ဒေသတွင်း ထိပ်သီး အစည်းအဝေးတွေကို တက်ရောက်ဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG