သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနိုင်ငံခြားရေးဝန်ကြီးကို လျို့ဝှက်အချက်လက်ပြောကြားမှုမရှိဟု ရုရှားသမ္မတငြင်းဆို


ရုရှားသမ္မတ Vladimir Putin
ရုရှားသမ္မတ Vladimir Putin

အမေရိကန်သမ္မတ Donald Trump ဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဝါရှင်တန်မှာ တွေ့ဆုံချိန်မှာ လျို့ဝှက်ထောက်လှမ်းရေး သတင်းအချက်အလက် ပေးအပ်တာမျိုး မရှိခဲ့ကြောင်းနဲ့ ဆွေးနွေးပြောဆိုမှု အသေးစိတ်မှတ်တမ်းတွေကို သက်သေပြနိုင်ကြောင်း ရုရှားသမ္မတ Vladimir Putin က ပြောဆိုလိုက်ပါတယ်။

လျို့ဝှက်သတင်းတွေကို ရုရှားနိုင်ငံခြားရေးဝန်ကြီးက သူ့ကိုပေးအပ်ခဲ့တာမျိုး မရှိသလို၊ တေ့ွဆုံချိန်မှာ ပြောဆိုကြတဲ့ အကြောင်းတွေကို မှတ်တမ်းတင်ထားတဲ့ စာသားတွေကိုလည်း ဝမ်းပမ်းတသာ သက်သေပြလိုတဲ့အကြောင်း အီတလီ ဝန်ကြီးချုပ် Paolo Gentiloni နဲ့အတူ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရုရှားသမ္မတက ပြောဆိုလိုက်တာပါ။ ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov နဲ့ သံအမတ်ကြီး Sergei Kislyak တို့ကို အရေးကြီးတဲ့ ထောက်လှမ်းရေး သတင်းတွေ ပေးအပ်ခဲ့ကြောင်း သတင်းတွေကိုတော့ ဒီသီတင်းပတ်ထဲမှာပဲ သမ္မတ Trump က ကာကွယ်ပြောဆိုနေတာ ဖြစ်ပါတယ်။

သမ္မတနဲ့ လက်ထောက်ဖြစ်သူတွေကတော့ ထောက်လှမ်းရေး သတင်းအရင်းအမြစ်တွေ၊ စုံစမ်းထောက်လှမ်းမှု နည်းစနစ်တွေကို ထိခိုက်စေမယ့် သတင်းအချက်အလက်မျိုး ရုရှားသံတမန်တွေကို ပြောဆိုခဲ့တာ မရှိကြောင်း ငြင်းဆန်ထားကြတာပါ။

ရုရှားသံတမန်တွေနဲ့ သမ္မတ Trump တို့ရဲ့ တွေ့ဆုံမှုအတွင်း မလျော်မကန်လုပ်ရပ်မျိုး မရှိခဲ့ကြောင်းလည်း တွေ့ဆုံချိန်မှာ အတူရှိနေခဲ့တဲ့ အမျိုးသားလုံခြုံရေးအကြံပေး H.R. McMaster က ပြောဆိုခဲ့ပါတယ်။ ရုရှားကို အသိပေးခဲ့တဲ့ ထောက်လှမ်းရေး သတင်းတွေထဲမှာတော့ ခရီးဆောင်ကွန်ပြူတာတွေထဲမှာ ဗုံးတွေကို လျို့ဝှက်သယ်ဆောင်နိုင်ဖို့ IS စစ်သွေးကြွတွေက ကြိုးပမ်းနေတဲ့ နည်းလမ်းတွေ ပါဝင်တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြတာပါ။ ရုရှားသမ္မတကတော့ ရုရှားဆန့်ကျင်ရေးစိတ်ဓာတ်တွေကြောင့် အမေရိကန်ကို ထိခိုက်နေသလို၊ သမ္မတ Trump အနေနဲ့ တိုင်းပြည်ကို ကျကျနန မအုပ်ချုပ်နိုင်ဘဲ ဖြစ်နေရတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG