သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ရွေးကောက်ပွဲ ရုရှားစွက်ဖက်မူ စွပ်စွဲချက် ရုရှားအတွက် လှောင်စရာဖြစ်မည်ဟု Trump ဆို


ပြီးခဲ့တဲ့နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ရုရှားက ကြားဝင်စွက်ဖက်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနေတဲ့အပေါ် ရုရှားအစိုးရတာဝန်ရှိသူတွေက လှောင်ရယ်နေကြလိမ့်မယ်လို့ သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။

စွပ်စွဲချက်တွေဟာ သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အတိုက်အခံ ဒီမိုကရက်တွေရဲ့ ခိုင်လုံမှုမရှိတဲ့ ဆင်ခြေသက်သက် ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တာပါ။ သမ္မတရဲ့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေနဲ့ ရုရှားအာဏာပိုင်တွေကြား အဆက်အသွယ် လုပ်ခဲ့ကြပြီး ရွေးကောက်ပွဲ အနိုင်ရအောင် အကူအညီ ပေးခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေဟာ သတင်းတုတွေကြောင့်လို့လည်း သမ္မတ Trump က အမေရိကန် မီဒီယာတွေကို သုံးနှုန်းလေ့ ရှိတဲ့အတိုင်း ရည်ညွှန်းပြီး Twitter လူမှုကွန်ယက်ကနေ ဒီကနေ့ပဲ မှတ်ချက်ပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သမ္မတ Trump နဲ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကတော့ ရုရှားရဲ့ စွက်ဖက်မှုတွေဟာ ရွေးကောက်ပွဲ ရှုံးနိမ့်ရတဲ့ အကြောင်းရင်း တစိတ်တပိုင်းအဖြစ် ပြောဆိုထားတာပါ။ သမ္မတ Trump ကတော့ ရုရှားနဲ့ သမ္မတရဲ့ စည်းရုံးရေး တာဝန်ခံတွေကြား ဆက်နွယ်မှုရှိမရှိ တရားရေး ဝန်ကြီးဌာနက အထူးစုံစမ်းစစ်ဆေးသူ ခန့်အပ်ထားတာ အပါအဝင် စုံစမ်းစစ်ဆေးမှုတွေကို ဆန့်ကျင်နေတာ ဖြစ်ပါတယ်။

ဇန်နဝါရီလထဲ သမ္မတ Trump ကျမ်းသစ္စာကျိန်ဆို တာဝန်မယူခင် သီတင်းပတ်တွေမှာ သားမက်ဖြစ်သူလည်းဖြစ်၊ သမ္မတ အိမ်ဖြူတော်မှာ အကြံပေးလည်းဖြစ်တဲ့ Jared Kushner ဟာ ရုရှားအစိုးရ တာဝန်ရှိသူတွေနဲ့ လျို့ဝှက်ဆက်သွယ်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ သမ္မတက မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

သမ္မတက ရာထူးက ဖယ်ရှားခဲ့တဲ့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) ညွန်ကြားရေးမှူးဟောင်း James Comey ကွန်ဂရက်လွှတ်တော်ရှေ့မှောက် ရုရှားရဲ့ စွက်ဖက်မှုနဲ့ ပတ်သက်လို့ ထွက်ဆိုမယ့် အပေါ်မှာလည်း အိမ်ဖြူတော်က တုန့်ပြန်ဖို့ ပြင်ဆင်နေပါတယ်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Michael Flynn နဲ့ ရုရှားတို့ကြား နီးစပ်တဲ့ ဆက်ဆံမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်မလုပ်ဖို့ FBI အကြီးအကဲဟောင်းကို ပြောဆိုခဲ့ကြောင်း သတင်းတွေ ထွက်နေချိန်မှာပဲ သမ္မတ Trump က ရာထူးကနေ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် John McCain ကတော့ ရုရှားနိုင်ငံနဲ့ သမ္မတ Vladimir Putin တို့ဟာ IS အစ္စလာမ်အစွန်းရောက် အဖွဲ့ထက်တောင် အန္တရာယ်ပိုများတဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှု တရပ်ဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

အမေရိကန် သမ္မတရွေးကောက်ပွဲနဲ့ ကမ္ဘာပေါ်က တခြားနေရာတွေမှာပါ ရုရှားနိုင်ငံက ဝင်ရောက်စွက်ဖက်ပြီး၊ ဒီမိုကရေစီ အခြေခံတွေကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့အကြောင်း သြစတြေးလျနိုင်ငံမှာ အလည်အပတ်ရောက်နေတဲ့ အထက်လွှတ်တော်အမတ် McCain က ABC ရုပ်သံဌာနကို မနေ့တုန်းကပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG