သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ ဖမ်းဆီးမှုများ နိုင်ငံတကာ စိုးရိမ်


တူရကီနိုင်ငံက ဗုံးပေါက်ကွဲမှု
တူရကီနိုင်ငံက ဗုံးပေါက်ကွဲမှု

ကာဒစ်ရှ်တွေကို ထောက်ခံတဲ့ နိုင်ငံရေးသမားတွေကို တူရကီနိုင်ငံက ဖမ်းဆီးပြီး၊ အင်တာနက်ကို ပိတ်လိုက်တဲ့ အပေါ်မှာ အမေရိကန် အပါအဝင် ပြင်သစ် ၊ ဂျာမနီ၊ ဗြိတိန်နဲ့ ကုလသမဂ္ဂတို့က စိုးရိမ်တယ်လို့ သောကြာနေ့က ပြောကြား လိုက်ပါတယ်။

တူရကီရဲက ညဘက် ဝင်ရောက်စီးနင်းမှုတွေ လုပ်ပြီးတဲ့နောက် တူရကီနိုင်ငံရဲ့ တတိယ အကြီးဆုံးနိုင်ငံရေး ပါတီဖြစ်တဲ့ ကာဒစ်ရှ်တွေကို ထောက်ခံတဲ့ ပြည်သူ့ဒီမို ကရက်တစ် ပါတီ (HDP) ပါတီရဲ့ ပါလီမန်လွှတ်တော် အမတ် ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ ဖမ်းဆီးခံရတဲ့ သူတွေထဲမှာ HDP ပါတီရဲ့ ပူးတွဲခေါင်းဆောင် ၂ ဦးဖြစ်တဲ့ Selahattin Demirtas နဲ့ Figen Yuksekdag တို့ ပါဝင်ပါတယ်။

အခုလို ဖမ်းဆီးလိုက်တာကြောင့် အမေရိကန်နိုင်ငံအနေနဲ့ စိုးရိမ်မိကြောင်း၊ တူရကီနိုင်ငံအနေနဲ့ တရားဥပဒေ စိုးမိုးရေးမှာ လူထုရဲ့ ထောက်ခံ ယုံကြည်မှု ရအောင် ပြန်လုပ်ဖို့ အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Anthony Blinken က တူရကီ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးကို တောင်းဆိုခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ John Kirby က ပြောကြားလိုက်ပါတယ်။

တူရကီအစိုးရက HDP ပါတီရဲ့ ပူးတွဲဥက္ကဋ္ဌတွေ အပါအဝင် အတိုက်အခံ လွှတ်တော် အမတ်တွေကို ဖမ်းဆီးလိုက်တာနဲ့ အင်တာနက် အသုံးပြုမှုကို ကန့်သတ်လိုက်တဲ့ အပေါ်မှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ အထူးပဲ စိုးရိမ်မိပါတယ်။ John Kirby က ပြောပါတယ်။ တချိန်တည်းမှာပဲ တူရကီနိုင်ငံဟာ အမေရိကန် ပြည်ထောင်စုရဲ့ မိတ်ဆွေ မဟာမိတ်နိုင်ငံ ဖြစ်တယ်လို့လည်း သူက သတင်းထောက်တွေကို ပြော ကြားခဲ့ ပါတယ်။ ဖမ်းဆီးမှုတွေလုပ်ပြီး နာရီပိုင်း အကြာမှာပဲ တူရကီနိုင်ငံ ဒီယာ ဘာကီယာ မြို့က ရဲဌာနတခုနားမှာ ကားဗုံးပေါက်ကွဲခဲ့တာကြောင့် ၉ ယောက်သေ ဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG