သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီလူထုဆန္ဒခံယူပွဲ ရလဒ် စိန်ခေါ်ခံရ


တူရကီနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ လူထုဆန္ဒခံယူပွဲရဲ့ လွတ်လပ်မျှတမှုအပေါ် နိုင်ငံတကာ စောင့်ကြည့် လေ့လာသူတွေက မေးခွန်းထုတ်လိုက်ကြပါတယ်။ လက်ရှိလွှတ်တော်အုပ်ချုပ်မှုစနစ်ကနေ အုပ်ချုပ်မှုအာဏာအားလုံးကို သမ္မတကထိန်းချုပ်မယ့် စနစ်ပြောင်းရေး ဆန္ဒခံယူပွဲမှာ စနစ်သစ်ကိုပြောင်းလဲဖို့ ထောက်ခံသူတွေဖက်က ကပ်ပြီးအနိုင်ရသွားခဲ့ပြီးနောက် မဲပြန်လည်ရေတွက်ဖို့ ကန့်ကွက်သူတွေက တောင်းဆိုနေကြပါတယ်။

ကန့်ကွက်သူတွေဘက်က မဲဆွယ် စည်းရုံးမှုတွေ လုပ်ဆောင်တဲ့နေရာမှာ လွတ်လပ်စွာ ပြောဆိုခွင့် မရှိတာအပြင်၊ ခြိမ်းခြောက်ခံရတာ၊ သတင်းမီဒီယာတွေမှာ ဖော်ပြခွင့်မရတာ စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဥရောပတိုက် လုံခြုံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး OSCE အဖွဲ့စောင့်ကြည့် လေ့လာသူတွေက အန်ကာရာမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြပါတယ်။

ဒါ့အပြင် သမ္မတ Recep Tayyip Erdogan ဟာအစိုးရအရင်းအမြစ်တွေကို ဆန္ဒခံယူပွဲအနိုင်ရရေးအတွက် အလွဲသုံးစားလုပ်ခဲ့တယ်လို့လည်း OSCE က စွပ်စွဲခဲ့ပါတယ်။ ရွေးကောက်ပွဲ တရားဝင်အမှတ်တံဆိပ်မပါတဲ့ မဲပြားတွေနဲ့ မဲထည့်ခွင့်ပြုခဲ့တဲ့ အငြင်းပွားစရာဆုံးဖြတ်ချက်ကိုလည်း ဝေဖန်ခဲ့ပါတယ်။ လူထုဆန္ဒခံယူပွဲဟာ နိုင်ငံတကာ စံချိန် စံညွန်းတွေနဲ့ ကိုက်ညီခြင်း မရှိဘူးလို့ OSCE အဖွဲ့ရဲ့ တွေ့ရှိခဲ့ချက်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း တူရကီနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ တွေ့ရှိချက်တွေအပေါ် တူရကီအစိုးရက လက်မခံနိုင်ဘူးလို့ဆိုပြီး OSCE ဟာ နိုင်ငံရေးအရ ဘက်လိုက်တယ်လို့လည်း ပြန်ပြီးစွပ်စွဲခဲ့ပါတယ်။

ဆန္ဒခံယူပွဲမှာ စနစ်သစ်ကိုပြောင်းဖို့လိုလားတဲ့ဖက်က ၅၁% ကျော်မဲရပြီး ကန့်ကွက်တဲ့ဖက်ကမဲ ၄၉% ရရှိခဲ့ပါတယ်။ တူရကီပြည်သူတွေရဲ့ဆုံးဖြတ်ချက်ကို လေးစားပေမဲ့ သမ္မတအာဒိုဝမ်အနေနဲ့ အပြောင်းအလဲတွေကို အကောင်ထည်ဖော်ရေးကို ဆိုင်းထားမယ်လို့ မျှော်လင့်ကြောင်း ဥရောပခေါင်းဆောင်တွေက ပြောကြားခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG