သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးထင်ကျော် အိန္ဒိယခရီးစဉ်နဲ့ နှစ်နိုင်ငံဆက်ဆံရေး


သမ္မတဦးထင်ကျော် အိန္ဒိယခရီးစဉ် (Myanmar President office)
သမ္မတဦးထင်ကျော် အိန္ဒိယခရီးစဉ် (Myanmar President office)

သမ္မတဦးထင်ကျော်ရဲ့ အိန္ဒိယခရီးစဉ်အတွင်း အိမ်နီးနားချင်း အင်အားကြီး အိန္ဒိယနဲ့ မြန်မာအရပ်သားအစိုးရသစ်တို့ကြား ကုန်သွယ်စီးပွားဆက်ဆံမှုတွေနဲ့ နယ်စပ်လုံခြုံရေးကိစ္စတွေကို ပိုပြီးတော့မှ ခိုင်မာအောင်လုပ်ဆောင်နိုင်ခဲ့မယ်လို့ သုံးသပ်မှုတွေရှိပါတယ်။ အိန္ဒိယနိုင်ငံကို လေးရက်တာခရီးစဉ်နဲ့ စနေနေ့က စတင် ရောက်ရှိနေတဲ့ သမ္မတဦးထင်ကျော်ဟာ ဒီကနေ့မှာတော့ အိန္ဒိယနိုင်ငံ တာ့ဂျ်မဟာလ် ကိုသွားရောက်လေ့လာခဲ့ပြီး မွန်းလွဲပိုင်းမှာတော့ Agra မြို့ကနေ နယူးဒေလီကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ မနက်ဖြန် တနင်္လာနေ့မှာတော့ အိန္ဒိယသမ္မတ၊ ဝန်ကြီးချုပ်တို့နဲ့တွေ့ဆုံဖို့ရှိပါတယ်။ ခရီးစဉ်နောက်ဆုံးရကို မဆုမွန် ပြောပြပေးပါမယ်။

အိန္ဒိယနိုင်ငံ သမ္မတ Pranab Mukherjee ရဲ့ဖိတ်ကြားချက်နဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံကို မနေ့ သြဂုတ်လ ၂၇ရက်နေ့ စနေနေ့ကရောက်ရှိပြီး လေးရက်တာ အိန္ဒိယခရီးစဉ် စတင်ပါတယ်။မနေ့ကတော့ ဘီဟာပြည်နယ် ဂါယာမြို့ကိုရောက်ရှိပြီး ဂါယာမှာရှိတဲ့ မဟာအောင်မြေရခိုင်မွန်ကျောင်း၊ ကမ္ဘောဇရှမ်းကျောင်း၊ မဟာဗောဓိဓမ္မရိပ်သာ ရခိုင်ကျောင်းနဲ့ ရာမညမွန်ကျောင်းတို့မှ မြန်မာဘုန်းတော်ကြီးတွေကို ဖူးမြော်ခဲ့သလို မဟာဗောဓိ၊ ဗုဒ္ဓဂါယာကို လေ့လာခဲ့ပါတယ်။ ဒီကနေ့တနင်္ဂနွေမှာတော့ Taj Mahal ရှိရာ Agra ကို သွားရောက်ဖို့ရှိပါတယ်။

မနက်ဖြန် တနင်္လာနေ့မှာတော့ မြန်မာသမ္မတ ဦးထင်ကျော်နဲ့ အဖွဲ့ဟာ နယူးဒေလီမြို့ကိုသွားရောက်ပြီး အိန္ဒိယ သမ္မတ Pranab Mukherjee ၊ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ မြန်မာသမ္မတဦးထင်ကျော်နဲ့ လိုက်ပါလာတဲ့အစိုးရဝန်ကြီးတွေဟာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ အများအပြားကို လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့ လည်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အပြီး သွားရောက်ခဲ့တဲ့ သမ္မတဦးထင်ကျော်ရဲ့ အိန္ဒိယခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေးမူဝါဒသစ်အရ အိမ်နီးချင်းနိုင်ငံတွေနဲ့ အထူးသဖြင့် အင်အားကြီး တရုတ်-အိန္ဒိယနိုင်ငံတို့ကြား ဆက်ဆံရေး ချိန်ခွင်လျှာညှိဖို့ ကြိုးပမ်းမှုအဖြစ် လေ့လာ သုံးသပ်မှုတွေရှိပါတယ်။ မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက သမ္မတဦးထင်ကျော်အနေနဲ့ အခုလို သွားရောက်တာဟာ အိန္ဒိယ-မြန်မာဆက်ဆံရေး ခိုင်မာအားကောင်းအောင် အားထုတ်မှုအဖြစ်ရှု့မြင်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်ကို အကြောင်းပြုပြီးတော့ အိန္ဒိယ-မြန်မာဆက်ဆံရေးမှာ ပိုပြီးတော့ ကောင်းမွန်တဲ့အနေအထားတခုကို ထိန်းသိမ်းနိုင်ဖို့ သမ္မတ က အိန္ဒိယကို သွားတယ်လို့ ကျနော်နားလည်ပါတယ်။ ဆိုလိုချင်တဲ့သဘောကတော့ အိန္ဒိယ-မြန်မာဆက်ဆံရေးမှာ ပိုပြီးတော့ အလေးပေးတဲ့ သဘောမျိုး သက်ရောက်တယ်လို့ကျနော်ကတော့ မြင်ပါတယ်။ အိန္ဒိယအစိုးရအနေနဲ့ပေါ့လေ မြန်မာအစိုးရသစ်နဲ့ အတိတ်ကာလကထက် ပိုပြီးတော့ ကောင်းမွန်တဲ့ မဟာဗျူဟာ ဆက်ဆံရေးကိုထူထောင်ဖို့ စဉ်းစားထားတယ်လို့ ကျနော်ကတော့ ယူဆတယ်။အဲဒီလို ဆက်ဆံရေးနဲ့ လည်း မြန်မာတရုတ်ဆက်ဆံရေးကို ထိန်းကျောင်းဖို့ ရည်ရွယ်ပုံရတယ်ပေါ့။ သမ္မတဦးထင်ကျော် ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်ကို ဒီ အိန္ဒိယအစိုးရအနေနဲ့တော့ မဟာဗျူဟာမြောက် အလေးထားပြီးတော့ ပုံဖော်လိမ့်မယ်လို့ ကျနော်ယုံကြည်တယ်။ နောက် အောက်တိုဘာမှာသွားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယခရီးစဉ်ရဲ့ ရှေ့ပြေးခရီးစဉ်တခုလို့ပြောမယ်ဆိုရင်လည်း ပြောလို့ရနိုင်တယ်လို့ ကျနော်သုံးသပ်တယ်။”

အိန္ဒိယ မြန်မာ နယ်စပ်ဒေသ အတွက် ကောင်းမွန်စွာ စီမံခန့်ခွဲရေး ကို ဦးစားပေးပြီး စီးပွါးရေး၊ ကုန်သွယ်ရေး အပါအဝင် ၂ နိုင်ငံ ဆက်ဆံရေး တိုးမြင့်ဖို့ လုပ်ဆောင်နိုင်တယ်လို့ နှစ်နိုင်ငံ အရေး လေ့လာသူတွေက သုံးသပ်ပါတယ်။ အိန္ဒိယနိုင်ငံနဲ့ကတော့ အထူးသဖြင့် စိုက်ပျိုးရေးကို အခြေခံတဲ့စီးပွားရေး၊ စိုက်ပျိုးနည်းပညာနဲ့ လမ်းပမ်းဆက်သွယ်ရေး ကုန်သွယ်ဆက်ဆံရေးတွေကို အဓိကဦးစားပေး ဆောင်ရွက်ဖို့ အလေးပေးထားတယ်လို့လည်း ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

“အိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံကြား စီးပွားရေးဆက်ဆံမှု အပိုင်းမှာ အခွင့်အလမ်းကောင်းတွေအများကြီး ရှိနေတယ်လို့ ကျနော်မြင်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံထဲက ပဲဟာ အိန္ဒိယ ဈေးကွက်မှာ အစဉ်အဆက် အလုပ်ဖြစ်ခဲ့တာကို တွေ့ရတယ်။ နောက်ပြီးတော့ ကျနော်တို့ အိန္ဒိယနဲ့ မြန်မာနိုင်ငံကြားမှာ ဆက်သွယ်ထားတဲ့ မော်တော်ကားလမ်းတွေကို ကောင်းမွန်သည်ထက် ကောင်းမွန်အောင်လုပ်နိုင်မယ်ဆိုရင် နယ်စပ်ကုန်သွယ်ရေးဟာလည်း အဆတော်တော်များများ မြင့်တက်လာနိုင်တယ်လို့ မြင်တယ်။”

သမ္မတရဲ့အိန္ဒိယခရီးစဉ်မတိုင်ခင် အိန္ဒိယ-မြန်မာနယ်စပ်မှာ နာဂသူပုန်တွေနဲ့ အိန္ဒိယစစ်တပ်တို့ကြား စစ်ရေးတင်းမာမှုရှိခဲ့ပြီး မြန်မာစစ်တပ်ဘက်ကတော့ တိုက်ပွဲတွေ မဖြစ်ခဲ့ဘူးဆိုတာ တရားဝင်ငြင်းဆိုထားပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်တလျောက်မှာရှိတဲ့ နယ်စပ်ဒေသလုံခြုံရေး၊ ဒေသတွင်းတည်ငြိမ်ရေးနဲ့ကုန်သွယ်စီးပွားလုပ်ကိုင်နိုင်ရေးတို့အတွက်ကလည်း သမ္မတရဲ့ အိန္ဒိယခရီးစဉ် အတွင်း အလေးပေးဆွေးနွေးဖို့ရှိတယ်လို့လည်း အိန္ဒိယဘက်က သတင်းထုတ်ပြန်ထားပါတယ်။ နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး ပူးပေါင်းဆောင်ရွက်နိုင်ခြေနဲ့ပတ်သက်လို့လည်း ဒေါက်တာရန်မျိုးသိမ်းက သူ့အမြင် အခုလိုပြောပါတယ်။

“အရင်အစိုးရလက်ထက်မှာလည်း နာဂသူပုန်ကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရနဲ့ အိန္ဒိယအစိုးရကြားမှာ ဆွေးနွေးတာတွေ မြန်မာ့တပ်မတော်နဲ့ အိန္ဒိယတပ်မတော်ကြားမှာ ပူးပေါင်းဆောင်ရွက်တာတွေ ဆွေးနွေးတာတွေရှိခဲ့တာကိုတွေ့ရတယ်ပေါ့လေ။ ဒါပေမယ့် အရင်အစိုးရလက်ထက်မှာ ရလဒ်ကောင်းတွေကတော့ သိပ်ပြီးတော့ မမြင်တွေ့ရဘူးလို့မြင်တယ်။ အိန္ဒိယ အစိုးရကတော့ လုပ်ရိုးလုပ်စဉ်အတိုင်းပေါ့လေ ဒီကိစ္စတွေကိုဆွေးနွေးလာနိုင်မယ်လို့မြင်တယ်။ မြန်မာအစိုးရဘက်ကလည်း ဒီကိစ္စတွေနဲ့ ဆက်စပ်ပြီးတော့ ပြည်တွင်းမှာ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ညီလာခံအနေနဲ့ ဆက်စပ်ပြီးတော့ပဲ ပြန်ပြီးတော့ ရှင်းလင်းတဲ့ ပုံစံမျိုး ဖြစ်လာနိုင်မယ်လို့ ကျနော်သုံးသပ်ပါတယ်။”

သမ္မတဦးထင်ကျော်ရဲ့ အိန္ဒိယခရီးစဉ်မတိုင်ခင်လေးမှာပဲ မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Awaraj တရက်တာခရီးစဉ် လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအရေး ဆွေးနွေးခဲ့ကြပါသေးတယ်။ နိုင်ငံတော် အတိုင်ပင်ခံ လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မကြာခင် အိန္ဒိယမှာ ကျင်းပမယ့် BIMSTEC ထိပ်သီးညီလာခံကို တက်ရောက်ဖို့ရှိတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံတော်သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ထဲမှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် တို့ လိုက်ပါသွားကြတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG