သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နာယက သူရဦးတင်ဦး ကျန်းမာရေး တိုးတက်မှုရှိ


NLD ဦးတင်ဦး အရေးပေါ်ဆေးကုသမှုခံယူ(Photo Credit: မိသားစုဝင် ဦးသန့်ဇင်ဦး)
NLD ဦးတင်ဦး အရေးပေါ်ဆေးကုသမှုခံယူ(Photo Credit: မိသားစုဝင် ဦးသန့်ဇင်ဦး)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက သူရဦးတင်ဦးရဲ့ ကျန်းမာရေး အခြေအနေဟာ အရင်နေ့ကထက် ပိုပြီး တိုးတက် လာပြီလို့ တာဝန်ယူကုသပေးနေတဲ့ ဆရာဝန်ကြီး ၁၅ ဦးပါအဖွဲ့ထဲက ဦးနှောက်နဲ့အာရုံကြောဆေးကုဌာန၊ ဌာနမှူး ဒေါက်တာ ဝင်းမင်းသက်က သတင်းထောက်တွေကို ပြောပါတယ်။

" မနေ့က မလှုပ်ရှားနိုင်တဲ့ ဘယ်ဘက်ကလည်း အခုလှုပ်ရှားနိုင်လာပြီ။ မနေ့က ကျမတို့မေးတာကို သူမဖြေနိုင်ပေမဲ့လည်း ဒီနေ့ စကားတော့ ပြောလို့မရသေးဘူးပေါ့။ ညာဘက်တခြမ်းလေဖြတ်ထားတော့ စကားတော့ သိပ်မပြောနိုင်သေးဘူး။ ကျမတို့က လက်မြှောက်ပြပါဆိုရင်တော့ သူမြှောက်ပြနိုင်တယ်ပေါ့နော်။"

သူရဦးတင်ဦး တက်ရောက်ကုသမှုခံယူနေတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကြပ်မတ် ကုသဆောင်ကို ဆရာတော် အရှင် ဆန္ဒာဓိကလဲ ဒီကနေ့မွန်းလွဲပိုင်း ကကြွရောက်ပြီး သူရဦးတင်ဦးကို အားပေးစကား မိန့်ကြားသွားပါတယ်။

ဒကာကြီးက အမှောင်ခေတ်မှာ နိုင်ငံသူနိုင်ငံသားတွေကို နိုင်ငံရေး အတွေးအခေါ် နဲ့ပတ်သက်တာတွေ၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ဦးနှောက်သွေးကျောတွေ ဖွင့်ပေးခဲ့တဲ့အကြောင်း၊ ဒီစကားဟာ မှန်တဲ့အကြောင်းနဲ့ ဒီမှန်တဲ့သစ္စာ စကားကြောင့် ဒကာကြီးမှာ ခံစားနေရတဲ့ ဝေဒနာတွေ ပျောက်ပါစေလို့ ဆရာတော်က သစ္စာပြု ဆုတောင်းပေးသွားသလို ဦးတင်ဦးကိုလဲ သစ္စာပြုခိုင်းတယ်လို့ ရှင်ဆန္ဒာဓိကက သတင်းထောက်တွေကို မိန့်ကြားသွားပါတယ်။

အသက် ၉၁ နှစ်အရွယ် သူရဦးတင်ဦးဟာ ဗုဒ္ဓဟူးနေ့က နေအိမ်ရေချိုးခန်းထဲမှာ ချော်လဲပြီး မေ့သွားတာကြောင့် ဆေးရုံကို အရေး ပေါ်ပို့လိုက်ရတာပါ။

NLD ပါတီအတွက် အဓိကမဏ္ဍိုင်ကြီးတခုဖြစ်တယ်လို့ တန်ဖိုးထား ပြောဆိုကြတဲ့ သူရဦးတင်ဦးဟာ မြန်မာနိုင်ငံ အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုမှာ အထူးထင်ရှားတဲ့ တပ်မတော် ဗိုလ်ချုပ်ကြီးဟောင်းတဦးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG