သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးတင်ဦး ကျန်းမာရေးအခြေအနေ ဦးဝင်းထိန်နဲ့ မေးမြန်းခြင်း


 ဦးဝင်းထိန်နှင့် ဗွီအိုအေ သီးခြားတွေ့ဆုံမေးမြန်း
ဦးဝင်းထိန်နှင့် ဗွီအိုအေ သီးခြားတွေ့ဆုံမေးမြန်း

ဆေးရုံမှာ ကုသမှုခံယူနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနာယက သူရဦးတင်ဦးရဲ့ကျန်းမာရေးဟာ အပြည့်အ၀ ပြန်ကောင်းလာတဲ့အခြေအနေ မဟုတ်သေးပေမဲ့ ပြန်ပြီးတော့ တုန့်ပြန် ဆက်သွယ်နေနိုင်ပြီဖြစ်တယ်လို့ သူရဦးတင်ဦးကို တနင်္ဂနွေနေ့က ဆေးရုံမှာ သွားကြည့်ခဲ့တဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဗွီအိုအေနဲ့ သီးခြားတွေ့ဆုံမေးမြန်းတာမှာ ပြောသွားပါတယ်။ ဒါ့အပြင် သူရဦးတင်ဦးကို ဘယ်သူမှ အနီးကပ်မတွေ့ရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင် ညွှန်ကြားထားတာမရှိဘဲ အထူးကျပ်မတ် ကုသဆောင်မှာ တင်ပြီး ကုသနေရလို့သာ စည်းကမ်းအရ လုပ်တာဖြစ်တယ်လို့ ပြောပါတယ်။ ဦးဝင်းထိန်ကို ကိုကျော်ကျော်သိန်းက နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာမှာ တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုကျော်ကျော်သိန်း။ ။မနေ့ကတုန်းက ဘဘဦးတင်ဦးကို သွားကြည့်တယ် ဆိုတော့ ကျန်းမာရေးဘယ်လိုများအခြေအနေတွေ့ခဲ့ရပါသလဲ။

ဦးဝင်းထိန်။ ။သူက ICU (Intensive Care Unit)မှာပေါ့လေ အရေးပေါ်နေရာမှာ။ ဖြစ်ခါစကတော့ အခြေအနေမကောင်းဘူး၊ဒါပေမယ့် ကျနော်သွားတဲ့အချိန်မှာ သတိရတယ်၊ အသိရှိတယ်။ ဒါပေမယ့် ဆရာဝန်တွေပြောစကားအရကတော့ ဦးနှောက် ဘယ်ပိုင်းက ထိခိုက်သွားလို့ ၊ ညာဘက်လက်နဲ့ခြေထောက်ထိခိုက်သွားတာ ဆိုတော့ ကိုယ်တပိုင်းသေသလိုဖြစ်တာပေါ့နော်။ သို့သော် ဘက်ဘက်လက်နဲ့ Exercise လုပ်ပေးနေတယ် အဲလောက်တော့ သူအသိရှိတယ်။ နောက်ကျနော်သူ့ကို ပရိတ်ရွတ်ပေးတယ်၊ ပဌာန်းရွတ်ပေးတယ်။ နောက် မေတ္တာသုတ် တို့ ကျနော်ရွတ်ပေးတယ်။ ပဌာန်းကိုအတိုရွတ်ပေးတော့ သူက ခေါင်းညိမ့်တယ်။ ဗိုလ်ချုပ် အရှည်ရွတ်ရမလားလို့ မေးတော့ ခေါင်းခါတယ်၊ ကျနော့်အသံသိပ်မခံနိုင်ဘူးထင်တယ်။

ကိုကျော်ကျော်သိန်း။ ။ ကောင်းကောင်းပြောဆိုတာကိုတော့ သူတုံ့ပြန်နိုင်တာရှိတာပေါ့နော်။

ဦးဝင်းထိန်။ ။သူကအားနာတတ်တယ်။ နောက်ပြီးသူက ခြေဟန်လက်ဟန်နဲ့ သူက ၂ ခါသုံးခါလောက်နှင်တော့မှ သူ့ကို နှုတ်ဆက်၊ သူ့အမျိုးသမီးကို နှုတ်ဆက်ပြီးတော့ ပြန်လာတာ။ ပြန်လာတော့ သူ့ကိုအားပေးခဲ့တယ်။ ကဒ်ပြားမှာ Fighting ဆိုတာရေးပြီးတော့ သူ့ကိုအားပေးခဲ့တယ်။ သူအဲဒါလည်းသိတယ်၊ အဲဒီထက်ပိုသိတာရှိသေးတယ် သူ့အမျိုးသမီးက သူရောက်ကတည်းက ၃ ညရှိပြီမပြန်ဘူးအဲဒီမှာပဲ နေတာ။ သူ့ကို အမကြီးပြန်ပါနားပါဦးဆိုတာကို မျက်စိအောက်ကအပြောက်မခံနိုင်ဘူးတဲ့.. ချစ်သူလေး လို့ပြောတယ်။ ကျနော်က ငိုရမလိုလို၊ ရယ်ရမလိုလို အံသြသွားတယ် ။ အဲဒါကို ကျနော်ရေးပေးတယ် ကဒ်ပြားပေါ်မှာ ချစ်သူလို့ ပြောတယ်လို့ လက်ညှိးထိုးပြီးတော့ အဲဒါသူခေါင်းငြိမ့်တယ်။ အဲဒီလောက်အထိ အသိရှိတယ်။

ကိုကျော်ကျော်သိန်း။ ။ဒါဆိုအများကြီးဝမ်းသာစရာပဲ။

ဦးဝင်းထိန်။ ။ဟုတ်ကဲ့။

ကိုကျော်ကျော်သိန်း။ ။နောက်တခုက ကျနော် Facebook ထဲမှာတွေ့တာပါ။ ကျနော်လည်း ဟုတ်မဟုတ်မသိဘူး။ ဆေးရုံဝင်၀ သံတံခါးမှာ ကပ်ထားတာ၊ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားတယ် ဘဘဦးတင်ဦးကို အနီးကပ် ဘယ်သူမှကြည့်ခွင့်မပြုဘူးဆိုတာ ဟုတ်ပါသလား။

ဦးဝင်းထိန်။ ။ ဒေါ်စုမဟုတ်ဘူး၊ ICU သဘောက ဘယ်သူမှ မဝင်ရဘူး။ အပြင်ကလူတွေကပူတော့ အထဲက ကူးမှာစိုးလို့ ။ သူကခေါင်းဆောင်တယောက်ဆိုတော့ လူတွေက လာကြဆိုတော့ ဆရာဝန်တွေက မလာစေချင်ဘူး။ ဒေါ်စုကတော့ အဲဒီလိုဘယ်ပြောပါ့မလဲ ၊ အဲဒါကို ကျနော်မမြင်ခဲ့လို့ မြင်ရင်တော့ ဆွဲဖြုတ်ခဲ့မှာ ။ ဒါပေမယ့် သူတို့ကတော့ လုပ်ခိုင်းတာပေါ့လေ ၊ တကယ့်ကို တွေ့သင့်တဲ့လူကလွဲပြီးတော့ ကျန်တဲ့လူတွေ ကို အဲလိုမှာခဲ့တယ်။

ကိုကျော်ကျော်သိန်း။ ။ ဒေါ်အောင်ဆန်းစုကြည်က အဲလိုညွန်ကြားတာတော့ မဟုတ်ပါဘူးပေါ့။ နောက်တခုက ဘဘဦးတင်ဦးက ကျန်းမာရေးအရ ဆေးရုံမှာဆိုတော့ ဘဘဦးတင်ဦးတာဝန်တွေ ထွေထွေထူးထူးတာဝန်တွေ ဘယ်လိုများလွှဲယူတာတွေရှိနေပါသလဲ။

ဦးဝင်းထိန်။ ။သူကတော့ နာယကလေ ရှင်းရှင်းပြောရရင်တော့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၊ ဥပမာဆိုရင် ဗုဒ္ဓဘာသာမှာရတနာ သုံးပါးရှိတယ်။ NLD မှာလည်း ဒေါ်စုအတွက် ဦးတင်ဦးက ရတနာတွေပဲ ။ အဲလိုပဲ သဘောထားတယ်။ သူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျနော်တို့ကတော့ သွားရမယ့်တာဝန်ကို ဆက်လုပ်နေတယ်။ဥပမာဆိုရင် တနေရာမှာ အခမ်းအနားရှိတယ် သူလိုလူ တက်ရောက်တာနဲ့ ကျနော်တို့ တက်တာနဲ့ကွာတယ်။ အရေးပါမှု သြဇာရှိမှုကွာတော့ သူရှိရင်တော့ အများကြီး ပုံရိပ်ကောင်းတာပေါ့။ ပုံရိပ်ကောင်းတာကလွဲရင်တော့ ကျန်တာကတော့ နေ့တဓူ၀ ပါတီကိစ္စတွေတော့ ဦးဉာဏ်ဝင်းတို့၊ ဦးဟန်သာတို့၊ ကျနော်တို့ ပဲဆက်လုပ်တယ်ဆိုတော့ သိပ်ထူးခြားမှုမရှိပါဘူး။

ကိုကျော်ကျော်သိန်း။ ။နောက်ပြီးတော့ ဘဘဦးတင်ဦးရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို မပြတ်သတင်းပို့နေတာတွေရှိပါသလား။

ဦးဝင်းထိန်။ ။မနက်တခါ၊ ညနေတခါ မပြတ် လုပ်နေတယ်။ ဆေးရုံအုပ်ကြီးနဲ့ တကွ အားလုံးက Team ဖွဲ့ပြီးတော့ သူ့ရောဂါကို အဖွဲ့ဖွဲ့ပြီး နေ့စဉ် Monitor လုပ်နေတာပေါ့နော်။

ကိုကျော်ကျော်သိန်း။ ။အခုကတော့ တချို့ပြောတာတွေရှိပါတယ်။ ဘဘဦးတင်ဦးက တချိန်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီး သူရဘွဲ့လည်းရထားတာ ။ တပ်ထဲမှာ နှစ်ပေါင်းများစွာ လုပ်ခဲ့တာ ။ ဒီကနေ့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေက ဘဘဦးတင်ဦးကို လာမကြည့်ကြသေးဘူးဆိုပြီးတော့ တချို့ဘဝင်မကျတဲ့ပုံစံနဲ့ ပြောသံကြားရပါတယ်။

ဦးဝင်းထိန်။ ။ကျနော်တို့က မေ့တောင်မေ့နေတယ်။ အခုပြောမှာ သတိရတာ။ နောက်ပြီးတော့ ရန်ကုန်ဆေးရုံကြီးဆိုတာက ICU လိုက facility က အကောင်းဆုံး ၊ ဒါကြောင့် ရန်ကုန်ဆေးရုံကြီးမှာပဲ ကုသခံမယ်။ လုပ်ပေးထားတာတွေလည်း ပြောစရာမရှိအောင်ပြည့်စုံတယ်။

ကိုကျော်ကျော်သိန်း။ ။ဆိုလိုတာကတော့အခုနိုင်ငံခြားပို့ပြီးကုဖို့ အစီအစဉ်မရှိသေးဘူးပေါ့

ဦးဝင်းထိန်။ ။မရှိသေးပါဘူး။ တခုရှိတာကတော့ သူ့ရဲ့ ကျန်းမာရေးအခြေအနေက နိုင်ငံခြားကို ပို့လောက်တဲ့အထိ ခံနိုင်ရည်ရှိမရှိဆိုတာအဲဒီအချက်လည်း ပါတယ်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်ကို ကိုကျော်ကျော်သိန်းက နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာမှာ တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။”

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG