သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူငယ်တွေအတွက် ဦးဝင်းတင် အမှတ်တရအစီအစဉ် ပြုလုပ်မည် 


သတင်းစာဆရာ နိုင်ငံရေးသမား ဟံသာဝတီ ဦးဝင်းတင်
သတင်းစာဆရာ နိုင်ငံရေးသမား ဟံသာဝတီ ဦးဝင်းတင်

သတင်းစာဆရာ နိုင်ငံရေးသမား ဟံသာဝတီ ဦးဝင်းတင်ရဲ့ တန်းဖိုးရှိတဲ့ အကြောင်းတွေကို ဒီကနေ့လူငယ်တွေ ပိုပြီးသိလာစေဖို့ ရည်ရွယ်ပြီး “ဘယ်သူလဲဟဲ့ ဦးဝင်းတင်” ဆိုတဲ့ခေါင်းစဉ်နဲ့ ဦးဝင်းတင် အမှတ်တရအစီအစဉ်တခုကို လမ်းမတော်မြို့နယ် Yangon Book Plaza မှာ မတ်လ ၁၂ ရက်နေ့ကျရင် ပြုလုပ်သွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ အဲဒီပွဲမှာ လူငယ်လေးတွေက ဟံသာဝတီဦးဝင်းတင် အကြောင်းနဲ့ ပတ်သက်လို့ ဟောပြော ယှဉ်ပြိုင်ကြမှာဖြစ်ပြီး၊ အကောင်းဆုံး ၃ ဦးကို ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

လာမယ့် မတ်လ ၁၂ ရက်နေ့ဟာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ စာရေးဆရာ သတင်းစာဆရာ နိုင်ငံရေးသမား ဟံသာဝတီ ဦးဝင်းတင်ရဲ့ ၈၇ နှစ် ပြည့် မွေးနေ့ဖြစ်တာကြောင့် PEN Myanmar နဲ့ Yangon Book Plaza တို့ပေါင်းပြီး “ဘယ်သူလဲဟဲ့ ဦးဝင်းတင်” ဆိုတဲ့ခေါင်းစဉ်နဲ့ ရန်ကုန် လမ်းမတော်မြို့နယ် သံဈေး ၅ လွှာမှာရှိတဲ့ Yangon Book Plaza မှာ ဦးဝင်းတင် အမှတ်တရပွဲတခုကို ကျင်းပသွားမှာဖြစ်ပါတယ်။

“ဘယ်သူလဲဟဲ့ ဦးဝင်းတင်” ဆိုတဲ့ခေါင်းစဉ်တပ်ရတဲ့အကြောင်းနဲ့ ပတ်သက်လို့ PEN Myanmar အဖွဲ့က စာရေးဆရာမ မသီတာ(စမ်းချောင်း) က ခုလိုရှင်းပြပါတယ်။

“ ‘ဘာလဲဟဲ့..လူ့ငရဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆရာစာအုပ်က အားလုံးသိတဲ့စာအုပ်ဖြစ်တယ်။ အဲဒီအခါကျတော့ ဆရာ့ကိုလဲ အသက်ရှိစဉ် ကာလမှာ သမိုင်းတလျှောက်လုံး သတင်းအမှောင်ချထားတဲ့ကာလမို့လို့ လူငယ်တွေက ဆရာ့အကြောင်းကို လုံလုံလောက်လောက်သိခွင့်မရခဲ့ဘူးပေါ့နော်။ အခုဆရာ ကွယ်လွန်ပြီးအခါမှပဲ ဆရာ့အကြောင်းကို ပြန်ပြီး နောက်ကြောင်းပြန်လေ့လာ သလိုဖြစ်နေတယ်ပေါ့နော်။ အဲဒီတော့ သိရအောင် ကျမတို့ ဖန်တီးပေးပြီးတော့ အဲဒီလို သိရတာတင်မကဘူး သူတို့စိတ်ထဲမှာ မြင်တဲ့အမြင်တွေ သူတို့ခံစားမိသလို ပြန်ပြောတဲ့ ဆရာဦးဝင်းတင်ဆိုတာ ဘယ်သူလဲ ဆိုတာမျိုးဖြစ်အောင်လို့ ဒီခေါင်းစဉ်လေး ပေးဖြစ်တာပါ။”

အဲဒီပွဲမှာ ဟံသာဝတီ ဆရာဦးဝင်းတင်နဲ့ လက်ပွန်းတတီးရှိခဲ့ဖူးတဲ့ စာရေးဆရာ မောင်မိုးသူ၊ ဆရာအောင်ဝင့်(ခေါ်) ဦးအုန်းကြိုင်တို့က သူတို့ ကြုံဆုံဖူးတဲ့ ဦးဝင်းတင်အကြောင်း ပြောပြမှာ ဖြစ်သလို၊ စာရေးဆရာတွေဖြစ်ကြတဲ့ မျိုးမြင့်ငြိမ်း၊ မသီတာ(စမ်းချောင်း)နဲ့ ကိုဂျင်မီတို့ကလည်း ထောင့်သုံးထောင့်မှာ နေရာယူရင်း ဆရာ့ အကြောင်းတွေ ပြောဆိုကြမှာပါ။ အဲဒီပွဲကို တက်ရောက်လာတဲ့ လူငယ်လေးတွေက သူတို့သိထားတဲ့ ဦးဝင်တင် ဆိုတာ ဘယ်သူလဲ ဆိုတာကို စင်ပေါ်မှာတက်ပြီး ဟောပြော ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ Yangon Book Plaza ရဲ့တာဝန်ခံ ကဗျာဆရာ စာရေးဆရာ မြေမှုန်လွင်က ပြောပါတယ်။

“အဲဒီနေ့ကျရင် လူကြီးတွေက နည်းနည်းပြောပြီးတော့ လူငယ်တွေက များများပြောတဲ့ဟာကို လုပ်မယ်။ ကျနော်တို့နိုင်ငံမှာ ဘာမဆို လူကြီးတွေက များများပြောပြီးတော့ လူငယ်တွေက နားထောင်တဲ့အဆင့် ကို ကျနော်က မကြိုက်ဘူး။ ဆိုတော့ အဲဒီနေ့ပွဲက လူငယ်တွေအတွက် ပွဲဖြစ်တယ် ဦးဝင်းတင်ကို မသိသေးတဲ့ လူငယ်တွေကို သိအောင်လုပ်မယ့်ပွဲဖြစ်တယ်။ ဆိုတော့ ဘယ်လိုလုပ်ထားသလဲဆိုတော့ မသီတာ(စမ်းချောင်း) ၊ ဦးမိုးသူ၊ မျိုးမြင့်ငြိမ်း၊ကိုဂျင်မီတို့ က နေရာလေးတွေ ပေါ်မှာနေမယ်၊ Main stage မှာမနေဘူး၊ သူတို့ကနေပြီးတော့ ပြောမယ် နောက် အဲဒီမှာ စာအုပ်တွေရှိမယ်၊ ပန်ဖလက်တွေ ရှိမယ်ပေါ့နော်။

ဦးဝင်းတင်အကြောင်းကို လူငယ်တွေကို သိအောင်လုပ်ခိုင်းမယ် ၊ အဲဒီနေ့မှာ လာမယ့်လူငယ်တွေအများကြီးရှိတယ် တက္ကသိုလ်အသီးသီးက ကျောင်းသားအရွယ်တွေလည်းပါတယ်၊ ၈ တန်း-၉တန်းအရွက်ကျောင်းသား၊ ကျောင်းသူတွေလည်း ပါတယ်။ တချို့တွေလည်း သိပြီးပြီ ၊ တချို့ကို Main Stage ပေါ်မှာ တင်ပေးလိုက်မယ်။ Presentation လုပ်ခိုင်းမယ် သူတို့လုပ်တာတွေကို ကျနော်တို့က ပြန်နားထောင်မယ်။ အကောင်းဆုံး ၃ ယောက်ကို ဆုပေးမယ်။ Presentation လုပ်တဲ့သူတွေလည်း ‘ဘာလဲဟဲ့..လူ့ငရဲ’ ဆိုတဲ့စာအုပ်ကို ပေးသွားမယ်။ ကျနော်တို့တွေက နားထောင်သူတွေပဲလုပ်မယ် ၊ ပြောတဲ့သူတွေလုပ်မှာ မဟုတ်ပါဘူး။”

စာရေးဆရာ မသီတာ(စမ်းချောင်း)နဲ့ မြေမှုန်လွင်တို့ကတော့ ဆရာဦးဝင်းတင် နဲ့ပတ်သက်တဲ့ သူတို့ အမြင်တွေကို ပြောလာပါတယ်။

“မြန်မာစာပေလောကမှာ ဆရာဟာ ကျမအတွက်တော့ အင်မတန်မှ ကိုယ်ပိုင်ဟန်အပြည့်ရှိပြီးတော့ ကိုယ်ပိုင်အားထုတ်မှု အင်မတန်ကြီးတယ်ပေါ့နော်၊ ဆရာ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ သတင်းစာသမားကလောင်ကို ပိုပြီးတော့ သိကြပေမယ့်၊ ဆရာ့ပန်းချီနဲ့ပတ်သက်ပြီးတော့ လူငယ်တွေ ခံစားတတ်အောင်ရေးခဲ့တဲ့ ကလောင်ကိုတော့ မသိလိုက်ကြဘူးပေါ့နော်၊ တန်ဖိုးရှိခဲ့တယ်ပေါ့နော်။ နောက်ဆုံးတော့ ဒီမိုကရေစီရဖို့အတွက်ကို သူပြောသင့်ပြောထိုက်တဲ့စကားကို ဘယ်သူ့မျက်နှာမှ မကြည့်ပဲနဲ့ ပြောခဲ့တယ် အဲဒီလိုလူမျိုးပါ။”

ကဗျာဆရာ စာရေးဆရာ မြေမှုန်လွင်က အခုလို ပြောပါတယ်။

“ကျနော် ဦးဝင်းတင်ရေးတဲ့စာကို ပထမဦးဆုံးစဖတ်တာက ‘ဘာလဲဟဲ့..လူ့ငရဲ’ ပေါ့နော် အဲဒါကို စဖတ်လိုက်တော့ ကျနော်တို့တွေ စိတ်ထဲမှာရှိတဲ့ဟာကို ရဲရဲဝံ့ဝံ့ ရေးလို့ရတယ်၊ ရေးရမယ်ဆိုတဲ့ဟာမျိုးပေါ့နော် အားအင်ကိုရတယ်။ သူ့စာအုပ်စထွက်တဲ့အချိန်တုန်းကကျတော့ မြန်မာပြည်မှာက စာပေစိစစ်ရေးရှိသးတဲ့အခါကျတော့ အဲဒီစာအုပ်က ထုတ်ခွင့်မရဘူးလေ၊ ကျနော်တို့က ခိုးဖတ်ရတာပေါ့နော်၊ အဲဒီတော့ အဲဒါကို စဖတ်ပြီးကျနော် အရမ်း shock ဖြစ်သွားတယ်။ သူရေးတာတွေက အင်မတန်ပွင့်လင်းတယ်၊ အင်မတန် တည့်တိုးကြတယ်။ ရဲရဲဝံ့ဝံ့ ရေးရတယ်ပေါ့နော် အဲဒီလို စတိုင်တွေရတယ်၊ အဲဒါကို ကျနော်တို့လည်း အားကျမိတယ်။”

ဟံသာဝတီ ဦးဝင်းတင်ကို ၁၉၃၀ မတ်လ ၁၂ ရက်နေ့ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့မှာ မွေးဖွားခဲ့တာပါ။ ၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ စတင် ထူထောင်ရာမှာ ပါဝင်ခဲ့ပြီး၊ ကြေးမုံသတင်းစာ ပြည်သူပိုင် အသိမ်းခံရပြီးနောက် မန္တလေးမြို့မှာထုတ်ဝေတဲ့ ဟံသာဝတီ သတင်းစာမှာ အယ်ဒီ တာချုပ်အဖြစ် ၁၀ နှစ်နီးပါးလုပ်ကိုင်ရင်း ဟံသာဝတီဦးဝင်းတင်အဖြစ် လူသိများခဲ့ပါတယ်။ “ကွိ” “ဥတ္တရအလင်း” စတဲ့ ဘာသာပြန်စာအုပ်တွေ ရေးသားခဲ့ပြီး ၁၉၇၈ ခုနှစ်မှာ ဦးဝင်းတင် ဦးဆောင်တဲ့ စနေ စာပေဝိုင်းကနေ မဆလ တပါတီလမ်းစဉ်ကို ဝေဖန်တဲ့ စာတမ်းတစောင်ဖတ်ကြား ခဲ့ပါတယ်။

၁၉၈၈ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ စတင်တည်ထောင်ရာမှာ ပါဝင်ခဲ့ပြီး၊ ပါတီအတွင်းရေးမှူး တာဝန်ကို ယူခဲ့ပါတယ်။ စစ်အစိုးရလက်ထက် ၁၉၈၉ ကနေ ၂၀၀၈ ခုနှစ်ထိ ၁၉ နှစ်ကြာ ထောင်ဒဏ်ကျခံ ခဲ့ရပါတယ်။ အကျဉ်းထောင်က လွတ်မြောက်လာပြီးမှာ NLD ပါတီနာယကအဖြစ် ရပ်တည်ခဲ့တာပါ။ နောက်ပိုင်း ဆေးကုသမှုခံယူနေရင်း ၂၀၁၄ ခု ဧပြီလ ၂၁ ရက်နေ့ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာ အခုဆိုရင် ၃နှစ်နီးပါး ရှိတော့မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG