သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်ဂျာယန်ညီလာခံ ၂၁ ရာစုပင်လုံအတွက် အရေးကြီးကြောင်း ကုလကိုယ်စားလှယ်ပြော


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar မိုင်ဂျာယန်ညီလာခံ မှာ အမှာစကားပြောကြား (ဇူလိုင်လ ၂၆၊ ၂၀၁၆)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar မိုင်ဂျာယန်ညီလာခံ မှာ အမှာစကားပြောကြား (ဇူလိုင်လ ၂၆၊ ၂၀၁၆)

ကချင်ပြည်နယ် မိုင်ဂျာယန်ညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ထုတ်ဖေါ် ပြောဆိုတဲ့ စိုးရိမ်ပူပန်ချက်တွေဟာ (၂၁)ရာစု ပင်လုံညီလာခံပြင်ဆင်ဖို့အတွက် အရေးကြီးတဲ့ကိစ္စရပ် တွေဖြစ်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

ဇူလိုင်လ (၂၆)ရက်နေ့ကနေ (၃၀)ရက်နေ့ထိ ငါးရက်တာကျင်းပတဲ့ ညီလာခံကို တက်ရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar က စနေနေ့က ပြောကြားတဲ့ သူရဲ့မိန့်ခွန်းမှာ အဲဒီလို ပြောဆိုခဲ့တာပါ။မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာဖြစ်ပါတယ်။

(၂၁) ပင်လုံညီလာခံမတိုင်ခင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ဘုံသဘော တူညီချက် ရရှိရေး ရည်ရွယ်ချက်နဲ့ ကျင်းပတဲ့ မိုင်ဂျာယန်ညီလာခံ ရလာဒ်အရေးပါမှုနဲ့ ပတ်သက်လို့ Mr. Nambiar က ညီလာခံနောက်ဆုံးနေ့ဖြစ်တဲ့ ဇူလိုင်လ (၃၀) ရက်နေ့ ပြောကြားတဲ့ သူရဲ့မိန့်ခွန်းမှာ အခုလိုပြောသွားတာပါ။

“ဒီမျက်နှာစုံညီအစည်းအဝေးမှာဆိုရင် တက်ရောက်လာတဲ့ခေါင်းဆောင်တွေအနေနဲ့ ကိုယ့်အဖွဲ့အ စည်း၊ ကိုယ့်လူမျိုးတွေရဲ့ ရေတို၊ ရေရှည် စိုးရိမ်ပူပန်နေတဲ့ အချက်အလက်တွေ အများ ကြီး ထုတ်ဖေါ် ပြောဆို မျှဝခဲ့ကြပါတယ်။ အဲဒီလို ပြောကြားချက်တွေဟာ (၂၁)ရာစု ပင်လုံညီလာခံကို ကြိုတင်ပြင်ဆင်ဖို့အတွက် သက်ဆိုင်ပြီးအရေးကြီးတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။”

ဒါအပြင် ညီလာခံမှာ အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရော၊ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေ အချင်းချင်း ရှေ့ဆက်လုပ်ငန်းစဉ်တွေအတွက် ပူးပေါင်းဆောင်ရွက် တာ၊ နောက်သဘောတူညီချက်ရတာကို သူ့အနေနဲ့ တွေ့မြင်ခဲ့ရကြောင်း Mr. Nambiar ကပြောပါတယ်။

“ဒီညီလာခံကို တက်ရောက်လေ့လာတဲ့အခါမှာ ကျနော်တို့မြင်ရတာကတော့ ဒီမှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ ရှေ့ဆက်သွားနေတဲ့အချိန်မှာ တစိုက်မတ်မတ်နဲ့ ရည်ရွယ်ချက် ရှိရှိနဲ့ စည်းလုံးညီညွတ်စွာ သွားနေကြတာပါ။ တဆက်တည်းမှာပဲ ဒီလိုသွားတဲ့နေရာမှာ ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေပေါ်မှာ အသိအမှတ်ပြုပြီး၊ အဲဒီပြောင်းလဲနေတဲ့ အခြေအနေနဲ့ အညီ ကိုယ်ရဲ့ စဉ်းစားတွေးခေါ်ချက်တွေကိုလည်း ပြောင်းလဲပြီးလုပ်ဆောင်နေတာတွေ့ရပါတယ်။”

နောက်ပြီး မိုင်ဂျာယန်ညီလာခံရဲ့ ထူးခြားချက်ဟာ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေသာမက နိုင်ငံရေးပါတီတွေ၊ အမျိုးသမီးအဖွဲ့တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်နေတာဖြစ်တယ်လို့ Vijay Nambiar က ပြောပါတယ်။

“အဲဒီလိုမျိုးပါဝင်တဲ့အတွက်ကြောင့် ကျား၊မ ဆိုင်ရာ တန်းတူရေး ကိစ္စ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိစ္စရပ်တွေ၊ ကလေးအခွင့်အရေးနဲ့ အခြားသက်ဆိုင်ရာ အကြောင်းအရာတွေ အများကြီးပါလာပါတယ်။ ဒါတွေဟာ ရှေ့ဆက်သွားမယ့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့နေရာမှာ အရေးပါတဲ့ကဏ္ဍတခုအဖြစ် ရှိနေတာပါ။”

မိုင်ဂျာယန်ညီလာခံနဲ့ပတ်သက်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တဦးအနေနဲ့ Mr. Nambiar ဘက်က မှန်မှန်ကန်ကန် သုံးသပ်နိုင်ကြောင်း တွေ့ရတယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“သူကတော့ ကုလသမုဂ္ဂကနေပြီးတော့ မြန်မာနိုင်ငံအရေးမှာ အထူးကိုယ်စားလှယ်တယောက်အနေနဲ့ အနီးကပ် ထဲထဲဝင်ဝင် နှစ်ကာလများစွာပေါ့နော် လေ့လာတဲ့လူကနေ နောက်ဆုံးညီလာခံ မိုင်ဂျာယန်အစည်းအဝေးမှာသုံးသပ်သွားတာဟာ တော်တော်လေးမှန်ကန် နိုင်တယ်လို့ ကျနော်ယူဆပါတယ်။ ဒီအစည်းအဝေးကနေပေါ့နော် ၂၁ ရာစုပင်လုံအပါအဝင်ပေါ့နော် ပြည်ထောင်စု တည်ဆောက်ရေးမှာ အများကြီးလည်း အကျိုးရစေတဲ့ ဆောင်ရွက်ချက်လို့ပဲ ကျနော်မြင်ပါတယ်ခင်ဗျ။”

မိုင်ဂျာယန်ညီလာခံကို အပစ်ရပ်လက်မှတ်ရေးမထိုးထားတဲ့ အဖွဲ့တွေထဲက MNDAA ကိုးကန့်အဖွဲ့နဲ့ TNLA တအောင်းပလောင် အဖွဲ့တို့က တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ အဓိကပြောဆိုထားတဲ့ အချက်တွေထဲမှာတော့ သြဂုတ်လ အကုန်မှာကျင်းပဖို့ စီစဉ်ထားတဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ အပစ်အခပ်ရပ်စဲထားတာရော၊ မရပ်ထားတဲ့ အဖွဲ့တွေအားလုံးပါဝင်ရေးနဲ့ NCA စာချုပ်မှာ သဘောတူလက်မှတ်ရေးထိုးဖို့ဆိုရင်လည်း အဖွဲ့အားလုံးပါဝင်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

မိုင်ဂျာယန်ညီလာခံအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း ပင်လုံလက်စွဲစာတမ်း၊ ဖက်ဒရယ်ဒီမို ကရေစီ ပြည်ထောင်စုနဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ ပါဝင်ရမယ့် အခြေခံမူတွေ၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အခြေခံမူတွေ၊ နောက် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ဆိုင်ရာ မူဝါဒတွေ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိစ္စရပ်တွေအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဘုံရပ်တည်ချက်ကို ညီလာခံအတွင်း စုစည်းနိုင်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG