သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ထိရောက်အောင် ဘယ်လိုကိုင်တွယ်သင့်


မူဆလင် ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်း မှာ တွေ့ရစဉ်။ ( နိုဝင်ဘာ ၂၁၊ ၂၀၁၆)
မူဆလင် ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်း မှာ တွေ့ရစဉ်။ ( နိုဝင်ဘာ ၂၁၊ ၂၀၁၆)

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သတ်ဖြတ်မှုတွေ၊ မုဒိန်းကျင့်မှုတွေနဲ့ ရိုဟင်ဂျာတွေရဲ့ အိမ်တွေကို မီးရှို့မှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ နေ့စဉ်နဲ့အမျှ ရနေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Zeid al Hussein ကပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်ပဋိပက္ခကို မြန်မာအစိုးရရဲ့ လက်တလောကိုင်တွယ်ဖြေရှင်းနေပုံမှာ အားနည်းချက်တွေရှိနေ တာကြောင့် နိုင်ငံတွင်းသာမက ဒေသတခုလုံးကိုပါ ရိုက်ခတ်လာနိုင်ကြောင်းလည်း သတိပေးလိုက်ပါတယ်။ မြန်မာ အစိုးရဘက် ကတော့ နိုင်ငံတကာဥပဒေစံနှုန်းတွေနဲ့အညီ အလေးအနက်ထား ကိုင်တွယ်ဖြေရှင်းနေ ကြောင်း ပြောဆိုထားပါတယ်။ ရခိုင်အရေးမှာ မြန်မာ အစိုးရဘက်က ထိရောက်မှုရှိအောင် ဘယ်လိုဆောင်ရွက်သင့်ပါသလဲ။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းက စိုးရိမ်စရာအခြေအနေတွေ၊ သတင်းတွေကို ကုလသမဂ္ဂဘက်က နေ့စဉ် ရရှိနေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Zeid al Hussein ကပြောဆိုခဲ့တာပါ။

ဒါအပြင် ကုလသမဂ္ဂအနေနဲ့ သွားရောက်စုံစမ်းခွင်ပြုဖို့ အစဉ်တစိုက်တောင်းဆိုချက် ကို အခုချိန်ထိ မြန်မာအစိုးရက ခွင့်မပြုသေးတဲ့အပေါ်မှာ အလွန်စိတ်ပျက်မိကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာ မင်းကြီးရုံးရဲ့ ပြောခွင့်ရ အမျိုးသမီးက မနေ့က ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

“အခြေအနေ အဆိုးဆုံးဖြစ်နေတဲ့ နေရာတွေဆီ သီးခြား လွတ်လပ်တဲ့ လေ့လာစောင့်ကြည့်သူတွေ သွားခွင့်ပြုဖို့ခွင့် မပြုတာအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြဿနာအပေါ် မြန်မာအစိုးရက အမြင်ကျဉ်းစွာ၊ အကျိုးမဲ့စွာအပြင် အကြင်နာတရာကင်းစွာ ကိုင်တွယ်နေမှုတွေက မြန်မာနိုင်ငံ အတွက်သာမက ဒေသတွင်းအတွက် ရေရှည်ကြီးမားတဲ့ ဂယက် ရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ လူ့အခွင့်ရေးကော်မရှင်နာ မင်းကြီးက မြန်မာအစိုးရကို သတိပေးပါတယ်။”

အထူးသဖြင့် အရင်သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားတပိုင်း အစိုးရလက်ထက် ၂၀၁၂ခုနှစ်မှာ စတင်ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုအခြေခံတဲ့ ပဋိပက္ခဟာ နှစ်နဲ့ချီကြာမြင့် ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရတက်လာချိန်မှာ အခြေအနေ ပိုပြီးဆိုးလာခဲ့တာပါ။ ဒီအခြေအနေမှာမြန်မာစစ်တပ်က အင်အားအလွန်အကျွံအသုံးပြုပြီး ဒေသခံ မွတ်စလင်အရပ်သားတွေကိုပါ ညှမ်းပန်းနှိပ်စက်မှုတွေရှိနေကြောင်း၊ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ခိုလှုံနေရကြောင်း ကုလသမဂ္ဂက ထောက်ပြပြောဆိုနေ တာဖြစ်ပါတယ်။

အခုလို နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ် နိုင်ငံတကာမှာ သြဇာကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ဒီလို အခြေအနေတွေရင်ဆိုင်နေရတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက Georgetown တက္ကသိုလ်ရဲ့ နိုင်ငံတကာဖွံဖြိုးရေးဘာသာရပ်ဆိုင်ရာ ပါမောက္ခ Christina Fink က အခုလို သုံးသပ်ပါတယ်။

“လက်ရှိမှာ အစိုးရက အခြေအနေကို ဒီလိုပုံစံမျိုးကိုင်တွယ်နေတဲ့ အပေါ် ကျွန်မစိတ်မကောင်းပါဘူး။ နှစ်ပေါင်းများစွာဖိနှိပ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံကို သူ့ရဲ့တန်ဖိုးတွေနဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံရောယှက်နေထိုင် တဲ့နိုင်ငံတခုအဖြစ် ဒေသတွင်းမှာသာမက တမ္ဘာလုံးကအသိအမှတ်ပြုတာကို လူတွေကမြင်ချင်ကြလို့ပါ။”

ရခိုင်အရေးနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို တနင်္လာနေ့ ဒီဇင်ဘာလ (၁၉)ရက်နေ့မှာ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးဖို့ ဖိတ်ကြားထားပါတယ်။ အဲဒီတွေ့ဆုံပွဲကနေ ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ လျော့ချပြီး အခြေအနေ ပြန်လည် တည်ငြိမ်တိုးတက်လာရေးဘက်ကို ဦးတည်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း Christina Fink ကဆိုပါတယ်။

ဒါပေမဲ့ လက်ရှိ ရခိုင်မှာ ဖြစ်နေတဲ့ ပဋိပက္ခမှာ ဒေသခံတွေလိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ထိထိရောက်ရောက်ပေးနိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို သွားခွင့်ပြုသင့်ကြောင်းChristina Fink က သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။

“အခြေအနေတွေကို စုံစမ်းဖို့ အစိုးရကစုံစမ်းရေးကော်မရှင်ဖွဲ့တယ်။ အစိုးရအာဏာပိုင်တွေနဲ့အတူ သတင်းထောက်တွေပါတဲ့အဖွဲ့ကို သွားလေ့လာခွင့်ပြုမယ်ဆိုတာတွေက ကောင်းပါတယ်။ ဒါပေမဲ့ အခြေအနေတွေကိုလေ့လာတာထက် အဲဒီမှာရှိနေတဲ့သူတွေကို အကူအညီပေးနိုင်ဖို့က အရေးကြီးပါတယ်။ သူတို့တွေ နိုင်ငံသားဖြစ်ခွင့်ရှိတယ်။ မရှိဘူးဆိုတာထက် သူတို့ဟာလူသားတွေပါ။ သူတို့အနေနဲ့ အစားအသောက်၊ နေစရာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရသင့်ပါတယ်။ သူတို့အသက်အန္တရာယ်ကို စိုးရိမ်မနေသင့်ပါဘူး။ အဲဒီလိုဖြစ်အောင် အစိုးရက လုပ်ပေးဖို့လိုအပ်ပါတယ်။

လူသားချင်းစာနာမှုအကူအညီတွေပေးနေတဲ့အဖွဲ့တွေကို သွားခွင့်ပြုရမယ်။ လူတွေအနေနဲ့ သူတို့အသက်အန္တရာယ်အတွက် စိုးရိမ်စရာမလိုဘဲ နေထိုင်နိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီနေရာမှာ လွတ်လွတ်လပ်လပ်သွားလာနိုင်ပြီး အခြေအနေကို ဘက်မလိုက် စောင့်ကြည့်နိုင်မယ့်သူမျိုးရှိမယ်ဆိုရင် အဲဒီမှာရှိနေကြသူတွေဖက်က ပိုပြီးလုံခြုံတယ်လို့ ခံစားရပါလိမ့်မယ်။ နိုင်ငံခြားသား မှဖြစ်စရာမလိုပါဘူး၊ နိုင်ငံထဲက ဘက်မလိုက်အဖွဲ့မျိုးကလဲဖြစ်လို့ရပါတယ်။ လက်ရှိမှာလို စစ်တပ်ကလူ့အခွင့် အရေးချိုးဖောက်မှုတွေကို မလုပ်တော့ဘူးဆိုတာနဲ့တင်မဟုတ်ဘဲ၊ လူတွေနဲ့လွတ်လွတ်လပ်လပ် တွေ့ဆုံမေးမြန်းနိုင်၊ သူတို့တေ့ွရှိမှုတွေကို လွတ်လွတ်လပ်လပ် ပြန်ပြောနိုင်မယ့်အဖွဲ့မျိုးတွေကို အစိုးရက သွားခွင့်ပြုသင့်ပါတယ်။”

လက်ရှိအခြေအနေမှာ လုံခြုံရေးအရ နိုင်ငံတကာအဖွဲ့အစည်းတွေကို ရခိုင်ဒေသဘက်ကို သွားခွင့်မပြုနိုင်သေးဘူးလို့ မြန်မာအစိုးရက တုန်ြ့ပန်ထားပါတယ်။ ဒါပေမဲ့ သတင်းထောက်တချို့ကို လာမယ့် ဒီဇင်ဘာလ (၁၉)ရက်နေ့ကနေ (၂၂)ရက်နေ့ထိ အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ မောင်တောဒေသဘက်ကို ပထမဆုံးအကြိမ် သွားရောက်ခွင့်ပြုမှာဖြစ်တယ်လို့ သမ္မတရုံးညွန်ကြားရေးမှူး ဦးဇော်ဌေးက ဗွီအိုအေကိုပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ပြည်တွင်း ပြည်ပ သတင်းထောက် စုစုပေါင်း (၁၃)ဦးကို ခေါ်သွားမယ့်အစီအစဉ်မှာ ပြည်ပသတင်းဌာနတွေဖြစ်တဲ့ BBC၊ VOA တို့ကတော့ ဒီတကြိမ်မှာ ပါဝင်ခွင့်ရမှာမဟုတ်ဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG