သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nuclear လက်နက်ထိန်းချုပ်မှုဆွေးနွေးပွဲ နိုင်ငံ ၄၀ ကန့်ကွက်


 အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၄၀ နီးပါးကုလသမဂ္ဂညီလာခံကို ကန့်ကွက်
အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၄၀ နီးပါးကုလသမဂ္ဂညီလာခံကို ကန့်ကွက်

Nuclear လက်နက်တားဆီးရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ကုလသမဂ္ဂမှာ တင်္လာနေ့က စတင်တဲ့ညီလာခံကို အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၄၀ နီးပါး မတက်ရောက်ကြပါဘူး။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်အပါအဝင် Nuclear လက်နက်ပိုင်ဆိုင်ကြတဲ့ နိုင်ငံတွေအနေနဲ့ သူတို့နိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့ Nuclear လက်နက်ပိုင်ဆိုင်ထားတယ်လို့ ပြောပြီး ကုလသမဂ္ဂညီလာခံကို ကန့်ကွက်ခဲ့ကြတာပါ။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

ကမ္ဘာပေါ်မှာ Nuclear လက်နက်လုံးဝ ပပျောက်သွားဖို့အထိ ရည်ရွယ်ပြီး Nuclear လက်နက်တားဆီးရေးဆိုင်ရာ မဖြစ်မနေလိုက်နာသင့်တဲ့ ဆောင်ရွက်ချက်တွေကို ညှိုနှိုင်းဆွေးနွေးမယ့် ညီလာခံကို New York မြို့ကကုလသမဂ္ဂဌာနချုပ်မှာ တနင်္လာနေ့က စတင်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံ အပါအဝင်နိုင်ငံပေါင်း ၄၀ လောက်က ဒီညီလာခံကို မတက်ဘဲ ကန့်ကွက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာမှာ ညီလာခံကျင်းပဖို့ ဆွေးနွေးခဲ့ကြစဉ်က ကန့်ကွက်မဲပေးခဲ့ကြတဲ့ထဲမှာ အစ္စရေးနဲ့ ရုရှားတို့လည်း ပါဝင်ပါတယ်။ တရုတ်၊ India နဲ့ ပါကက်စတန်တို့က မဲမပေးဘဲ နေခဲ့ကြပြီး။ Austria၊ Sweden၊ အိုင်ယာလန်၊ Brazil၊ မက်ဆီကို တောင်အာဖရိက အပါဝင် နိုင်ငံပေါင်း ၁၂၀ ကျော်ကတော့ ထောက်ခံခဲ့ကြပါတယ်။ ဒီကနေ့ကမ္ဘာကြီးမှာ ကိုယ့်နိုင်ငံကိုယ် ကာကွယ်ဖို့အတွက် Nuclear လက်နက်ပိုင်ဆိုင်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကပြောကြားခဲ့ပါတယ်။

“ဒီကနေ့ အထွေထွေညီလာခံစည်းဝေးပွဲမှာ နိုင်ငံပေါင်း ၄၀ နီးပါးမတက်တာ တေ့ွပါလိမ့်မယ်။ အဲဒီနိုင်ငံ ၄၀ လုံးက ဒီကနေ့ ဒီအချိန်မှာ Nuclear လက်နက်တားမြစ်မှုကို လိုလားတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ဒီကနေ့ ဒီအချိန်မှာ လူဆိုးတွေကတော့ Nuclear လက်နက်ပိုင်ဆိုင်ခွင့်ရှိနေပြီး၊ ငြိမ်းချမ်းဖို့ လုံခြုံဖို့ ကြိုးစားနေကြတဲ့ လူကောင်းတွေကိုတော့ Nuclear လက်နက်ပိုင်ဆိုင်ခွင့် ပေးမထားရင် ပြည်သူတွေကို အကာအကွယ်ပေးနိုင်မယ်လို့ ကျွန်မတို့ ရဲရဲကြီး ဘယ်လိုမှမပြောနိုင်ပါဘူး။”

Nuclear လက်နက်ကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်ရေးကို လိုလားပေမယ့် လက်ရှိအခြေအနေမှန်ကို သဘောပေါက်ဖို့လိုတယ်လို့ အမေရိကန်သံအမတ်ကြီးက ပြောပါတယ်။ Nuclear လက်နက်တားမြစ်ရေးအတွက် ကုလသမဂ္ဂညီလာခံမှာ ညှိုနိုင်ဆွေးနွေးကြမယ့်နိုင်ငံတွေအနေနဲ့ မြောက်ကိုရီးယားနိုင်ငံက Nuclear လက်နက်တားဆီးရေးအပေါ် သဘောတူမယ်လို့ ယုံကြည်ရဲ့လားလို့လည်း သံအမတ်ကြီး Nikki Haley ကမေးခွန်းထုတ်ခဲ့ပါတယ်။ တနင်္လာနေ့က စတင်တဲ့ညီလာခံမတိုင်ခင် အမေရိကန်သံအမတ်ကြီးနဲ့အတူ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနဲ့ ပြင်သစ်သံအမတ်ကြီးတို့က သူတို့ဘာကြောင့် ညီလာခံမတက်ရသလဲဆိုတာကို သတင်းထောက်တွေကို ပြောကြားခဲ့ကြတာပါ။ ကမ္ဘာကြီးမှာ Nuclear လက်နက်ဖျက်သိမ်းရေးအထိ ထိရောက်တဲ့ ညှိုနှိုင်းဆွေးနွေးမှုတွေဖြစ်မယ်လို့ မယုံကြည်တဲ့အတွက် ဒီညီလာခံကို ဗြိတိန်နိုင်ငံကလည်း မတက်တာဖြစ်တယ်လို့ ဗြိတိန်သံအမတ်ကြီး Matthew Rycroft ကခုလိုပြောပါတယ်။

“Nuclear လက်နက်တွေကို တားမြစ်ရုံနဲ့ နိုင်ငံတကာလုံခြုံရေး တိုးတက်လာမှာ မဟုတ်သလို Nuclear လက်နက်ပိုင်ဆိုင်ကြတဲ့ နိုင်ငံအချင်းအချင်းကြားမှာ ယုံကြည်မှုနဲ့ ပွင့်လင်းမြင်သာမှု တိုးတက်လာမှာမဟုတ်ပါဘူး။ Nuclear လက်နက်ဖျက်သိမ်းရေးအတွက် ကျွမ်းကျင်မှုပိုင်းနဲ့ လုပ်ထုံးလုပ်နည်းပိုင်းက ရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေကိုလည်း ဒီညီလာခံကနေ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဗြိတိန်က အမေရိကန်နဲ့ အတူရပ်တည်တာဖြစ်ပါတယ်။”

ကမ္ဘာကြီးမှာ Nuclear လက်နက်တွေ ဖျက်သိမ်းနိုင်ဖို့အတွက်ဆိုရင် လက်ရှိရှိနေတဲ့ နိုင်ငံတကာ မူဘောင်တွေကြားကနေ တဆင့်ပြီး တဆင့်ချဉ်းကပ်တဲ့နည်းကိုသုံးပြီး တဖြည်းဖြည်းချင်း ဘက်ပေါင်းစုံ ညှိုနှိုင်းဆွေးနွေးမှုတွေလုပ်မှ ရမယ်လို့ ဗြိတိန်အစိုးရက ယုံကြည်ထားတယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ကပြောသွားပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Alexis Lamek ကလည်း ကုလသမဂ္ဂညီလာခံကို ပြင်သစ်နိုင်ငံက ဘာကြောင့် ကန့်ကွက်ရသလဲဆိုတာကို ခုလိုပြောပါတယ်။

“Nuclear လက်နက်တွေကို တဆင့်ပြီးတဆင့်ဖျက်သိမ်းရမယ်လို့ Nuclear လက်နက် မပျံ့ပွားရေးသဘောတူစာချုပ် အပိုဒ် ၆ မှာဖော်ပြထားချက်နဲ့ Nuclear လက်နက်တွေကို ချက်ချင်းတားမြစ်ရေးက ကွဲလွဲနေပါတယ်။ စာချုပ်ထဲမှာ သဘောတူထားတဲ့ လုံခြုံရေးအခြေအနေမျိုးလည်း မရှိသေးပါဘူး။ အထူးသဖြင့် ဖျက်အားပြင်းလက်နက်တွေ မပျံ့ပွားရေးဆိုင်ရာ လက်ရှိအခြေအနေအရ ပြင်သစ်နိုင်ငံရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် Nuclear လက်နက်တွေကို အဟန့်အတားအနေနဲ့ ဆက်ပြီးအားကိုးသွားမှာဖြစ်ပါတယ်။”

NPT လို့အတိုကောက်ခေါ်တဲ့ Nuclear လက်နက် မပျံ့ပွားရေးသဘောတူစာချုပ်ကို ၁၉၇၀ ခုနှစ်တုန်းက နိုင်ငံပေါင်း ၄၀ ကျော် ပါဝင်လက်မှတ် ထိုးထားကြပါတယ်။ NPT နိုင်ငံတကာစာချုပ်ထဲမှာ ပါဝင်သဘောတူထားတဲ့ နိုင်ငံတွေအနေနဲ့ Nuclear လက်နက်၊ ဓါတုလက်နက်နဲ့၊ ဇီဝလက်နက်တွေ မပျံ့ပွားအောင် အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့လိုပါတယ်။ ဒါပေမဲ့ Nuclear လက်နက်တွေ ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ရတဲ့ မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတွေရဲ့ ရန်ရှိနေချိန်မှာ Nuclear လက်နက်တွေတားမြစ်ရေးဆွေးနွေးဖို့ ကုလသမဂ္ဂက ရုတ်တရက် ညီလာခံခေါ်တဲ့အပေါ် နိုင်ငံတွေက ကန့်ကွက်နေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG