သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်လုံခြုံရေးအခြေအနေ သတိထားကိုင်တွယ်ဖို့ ကန်နဲ့ ကုလတိုက်တွန်း


ရခိုင်ပြည်နယ်အတွင်းက နယ်ခြားစောင့် ကင်းစခန်း ၃ ခု တိုက်ခိုက်ခံခဲ့ရတဲ့ကိစ္စအပေါ် အထူး စိုးရိမ် ပူပန်ကြောင်းနဲ့ ဒီကိစ္စကို ပွင့်လင်း မြင်သာစွာနဲ့ ဥပဒေအရ ကိုင်တွယ် ဖြေရှင်းဖို့ အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် Vijay Nambiar က တိုက်တွန်းပါတယ်။ ဒါ့အပြင် ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေအတွင်း တိုက်ပွဲတွေ ပြန်လည် ဖြစ်ပေါ်လာနေတဲ့ကိစ္စကိုလည်း အထူး စိုးရိမ်မိကြောင်း Mr. Nambiar က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာအစိုးရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်နဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ မောင်တော်မြို့နယ်အတွင်းက ကင်းစခန်း (၃) ခုကို အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ဖြစ်သွားခဲ့တဲ့အပေါ် အမေရိကန်အစိုးရအနေနဲ့ ပြစ်တင် ရှုတ်ချလိုက်ပြီး အခုလို ဖြစ်သွားခဲ့တဲ့အပေါ် အထူး စိုးရိမ် ပူပန်ကြောင်း နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ပြောခွင့်ရအမျိုးသမီး Katina Adams က ပြောပါတယ်။

“ရခိုင်ပြည်နယ်မြောက်ပိုင်း အောက်တိုဘာ ၉ ရက်နေ့က နယ်စပ်စခန်း ၃ ခု တိုက်ခိုက်ခံရမှုကို အမေရိကန်ပြည်ထောင်စုက ပြစ်တင် ရှုံ့ချပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရက ဆက်သွယ်ခဲ့ပြီး တကယ် ဖြစ်ရပ်မှန်အကြောင်း အသိနိုင်ဖို့ နောက်ထပ် အချက်အလက်တွေ စုဆောင်းနေချိန်မှာ အခြေအနေကို နီးနီးကပ်ကပ် လေ့လာ စောင့်ကြည့်နေပါတယ်။ ဖြစ်ရပ်ကို တိတိကျကျ ထင်သာ မြင်သာနဲ့ တရားဥပဒေအရ စုံစမ်း စစ်ဆေးပြီး တိုက်ခိုက်မှု ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း တိုက်တွန်းပါတယ်။ တချိန်ထဲမှာပဲ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်တွေကို လေးစား လိုက်နာဖို့ကိုလည်း မေတ္တာရပ်ခံသလို နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်သွားစေဖို့ အုပ်စု အားလုံးတို့ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ရတဲ့ အခြေခံ အကြောင်းရင်းတွေကို ကိုင်တွယ် ဖြေရှင်းရာမှာ မြန်မာအစိုးရနဲ့ အမေရိကန်က ဆက်လက် ကူညီ ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။”

ဒီကိစ္စကို ပွင့်လင်း မြင်သာစွာ အသေအချာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက်လည်း မြန်မာအစိုးရကို တောင်းဆိုထားကြောင်း Katina Adams က ဆက်ပြောပါတယ်။

“ဒီဖြစ်ရပ်ကို ထိထိရောက်ရောက်နဲ့ ထင်သာ မြင်သာရှိစွာ စုံစမ်း စစ်ဆေးဖို့အပြင် အဲဒီ ဒေသရှိ လူတွေရဲ့ အခွင့်အရေးတွေနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကာကွယ် စောင့်ရှောက်ပေးဖို့ကိုလည်း ကျမတို့ တိုက်တွန်းပါတယ်။ အခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်နေပြီး ရခိုင်ပြည်နယ်အတွင်း အုပ်စု အားလုံးတို့ကို ကိုယ်စားပြုတဲ့ ဒေသခံအဖွဲ့အစည်းတွေနဲ့လည်း ဆက်သွယ်ခဲ့ပြီး တိုက်ခိုက်မှုအတွင်းနဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ဖြစ်ရပ်မှန်ကို သိရှိနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တရားဝင် စုံစမ်း စစ်ဆေးပြီး နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်ပွားရလေအောင် အုပ်စု အားလုံးတို့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းပါတယ်။”

ရခိုင်ပြည်နယ်အတွင်း နယ်ခြားစောင့် ကင်းစခန်း (၃) ခုကို အမည်မသိ လက်နက်ကိုင် အုပ်စုတွေရဲ့ ဝင်ရောက် တိုက်ခိုက်ခြင်း ခံလိုက်ရတဲ့အပေါ် အထူး စိုးရိမ်မိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကြံပေးပုဂ္ဂိုလ် Vijay Nambiar က အောက်တိုဘာလ ၁၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

Eri Kaneko ဟာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရအမျိုးသမီး ဖြစ်ပါတယ်။ သူက မစ္စတာ Nambiar ရဲ့ ကြေညာချက်ကို အခုလို ဖတ်ပြပါတယ်။

“အမည်မသိလူတွေနဲ့ အုပ်စုတွေက နယ်ခြားစောင့် တပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပေါ်ကို အောက်တိုဘာလ ၉ ရက်နေ့က ညတွင်းချင်း တိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲ တိုက်ခိုက်မှုတွေကြောင့်မို့လို့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ နေရာ (၃) ခုမှာ တပ်ဖွဲ့ဝင်တွေအပြင် ဒေသခံ အရပ်သားတွေပါ သေဆုံးတဲ့အတွက် လွန်စွာ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ Nambiar က ထုတ်ပြန်ပါတယ်။ ဒါကြောင့် ဒေသခံ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ အနေနဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ရှိကြပြီးတော့ ဘာသာခြား အုပ်စုတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုကြဖို့ အခြေအနေ ပိုဆိုးရွားလာအောင် မလုပ်ကြဖို့ကိုလည်း တိုက်တွန်းပါတယ်။ လုံခြုံရေးတပ်တွေအနေနဲ့ မြန်မြန်ထက်ထက်နဲ့ ဥပဒေအရ ဒီကိစ္စကို တုန့်ပြန်ဖို့ လိုအပ်တာကို အထူးအကြံပေး အနေနဲ့ နားလည် သဘောပေါက်ပေမယ့် တချိန်ထဲမှာပဲ သတိထား ကိုင်တွယ်ပြီး အပြစ်မဲ့ အရပ်သားတွေ သေဆုံးမှု၊ အိမ်ယာပစ္စည်းတွေ ဖျက်ဆီးခံရမှု၊ ဒေသခံတွေအပေါ် နှောင့်ယှက် ဟန့်တားမှုတွေကို ရှောင်ကြဉ်ဖို့လည်း အထူးအကြံပေးပုဂ္ဂိုလ်က တိုက်တွန်းပါတယ်။”

အလားတူပဲ ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေအတွင်း တိုက်ပွဲတွေ ပြန်လည် ဖြစ်ပေါ်ပြီး အခြေအနေတွေ တင်းမာလာနေတဲ့အပေါ် အထူး စိုးရိမ်ကြောင်းလည်း မစ္စတာ Nambiar က နောက်ထပ် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်လို့ Eri Kaneko က ပြောပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် ကင်းစခန်း (၃) ကို ဝင်ရောက် တိုက်ခိုက်မှု ဖြစ်သွားခဲ့ပြီးတဲ့ နောက်တနေ့မှာ မောင်တောမြို့နယ်၊ မြို့သူကြီး ကျေးရွာအနီးမှာ အကြမ်းဖက် စီးနင်းတိုက်သူတွေ ရောက်ရှိနေကြာင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့ တပ်မတော်သားတွေက သတင်းရရှိတဲ့အတွက် ရောက်သွားတာမှာ အဲဒီ ကျေးရွာထဲက လူ ၂၀ ခန့်က တုတ်၊ ဓား ၊ လက်နက်တွေနဲ့ တိုက်ခိုက်တာကြောင့် တပ်မတော်ဘက်က ပြန်လည် ပစ်ခတ်ခဲ့တာမှာ ဝင်ရောက် တိုက်ခိုက်သူ ၄ ဦး သေဆုံးခဲ့ကြောင်း၊ ကျန်လူတွေကတော့ ထွက်ပြေးသွားကြကြောင်းနဲ့ သူတို့ထံက လက်လုပ်သေနတ်နဲ့ ကျည်ဆံတချို့ သိမ်းဆည်း ရမိလိုက်ကြောင်း ၊ တချိန်ထဲမှာပဲ မောင်တောမြို့နယ်၊ ပြောင်းပစ်ကျေးရွာအနီးမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းတွေကို အကြမ်းဖက် ဆီးနင်းတိုက်ခိုက်သူ အင်အား ၃၀၀ လောက်က ဝိုင်းဝန်းတိုက်ခိုက်တဲ့အတွက် တပ်မတော်ဘက်က ပြန်လည် ပစ်ခတ်မှာတာ အကြမ်းဖက် တိုက်ခိုက်သူတွေဖက်က တဦး သေဆုံးပြီး တပ်မတော်သား ၄ ဦး သေဆုံးခဲ့တယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။

မောင်တောမြို့နယ်အတွင်းက ကျေးရွာတချို့ကို တပ်မတော်က ဝင်ရောက် ရှင်းလင်းစဉ် အကြမ်းဖက်သမား ၄ ဦးကို ဖမ်းဆီး ရမိထားကြောင်း ဖမ်းဆီးထားသူတချို့ရဲ့ ပုံနဲ့တကွ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေမှန်တွေ သိရှိနိုင်ဖို့အတွက်နဲ့ တည်ငြိမ်အေးချမ်းမှုရှိရေး ရှင်းလင်း ပြောကြားဖို့အတွက် အောက်တိုဘာလ ၁၁ ရက်ကနေ့ ၁၄ ရက်နေ့အထိ ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘလာ ၁၁ ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ ဗုဒ္ဓဘာသာ ဆရာတော်တွေ၊ အစ္စလာမ်ဘာသာရေး အဖွဲ့တွေ၊ စစ်တွေမြို့က မြို့မိ မြို့ဖတွေ၊ ဌာနဆိုင်ရာက ဝန်ထမ်းတွေနဲ့ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက နယ်ခြားစောင့်စခန်း (၃) တိုက်ခိုက်ခံရမှုအတွင်း ကျဆုံးခဲ့ကြသူတွေရဲ့ မိသားစုတွေအတွက် ဥရောပသမဂ္ဂအနေနဲ့ ဝမ်းနည်းကြောင်းနဲ့ ဒီကိစ္စကို တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့အတွက် တိုက်တွန်းကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

အလားတူပဲ နိုင်ငံတကာမှာရှိတဲ့ ရိုဟင်ဂျာ အဖွဲ့အစည်းတွေကလည်း ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ မူဆလင်တွေအပေါ် စစ်တပ်က အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် စိုးရမ် ပူပန်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့သလို အကြမ်းဖက်မှုတွေ ရပ်တန့်ရေးအတွက်လည်း နိုင်ငံတကာ အစိုးရထံတွေ တောင်းဆို ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG