သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သိမ်းဆည်းထားတဲ့ အမေရိကန် ရေငုတ်Drone တရုတ် လွဲှအပ်


 ရေငုပ် Drone ယာဉ်
ရေငုပ် Drone ယာဉ်

တောင်တရုတ်ပင်လယ်တွင်းက နိုင်ငံတကာရေပိုက်နက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တရုတ်နိုင်ငံက သိမ်းဆည်းသွားတဲ့ ရေငုပ် Drone ယာဉ်ကို တရုတ်နိုင်ငံက ပြန်လည်လွဲှပြောင်းပေးအပ်လိုက်ပါတယ်။

ဆားဓာတ်ပါဝင်နှုန်းနဲ့ အပူချိန်အပြောင်းအလဲကို တိုင်းတာနေစဉ် တရုတ်နိုင်ငံက သိမ်းဆည်းသွားတဲ့ နေရာမှာပဲ ရေယာဉ်ကို ပြန်ပေးခဲ့တာလို့လည်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရသူ Peter Cook က ပြောဆိုခဲ့တာပါ။

အခုအဖြစ်အပျက်ဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ရော၊ ရေတပ်တခုနဲ့တခုကြား လိုက်နာရမယ့် စံချိန်စံညွှန်းတွေနဲ့ပါ ကိုက်ညီမှုမရှိခဲ့ဖူးလို့လည်း ပင်တဂွန်ပြောခွင့်ရက ကြေညာချက်ထဲမှာ ပြောဆိုခဲ့ပါတယ်။

ဒါကိုလည်း သက်ဆိုင်ရာ သံတမန်ရေး၊ စစ်ရေး နည်းလမ်းတွေနဲ့ တရုတ်နိုင်ငံကို အသိပေးခဲ့သလို၊ နိုင်ငံတကာမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေကို စောင့်ထိန်းဖို့နဲ့ အမေရိကန် ပြည်ထောင်စုက ဥပဒေနဲ့အညီ ဆောင်ရွက်နေတဲ့ ကိစ္စတွေကို ဟန့်တားဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်မျိုးတွေကို နောက်ထပ် မလုပ်ဖို့လည်း တရုတ်အာဏာပိုင်တွေကို တောင်းဆိုခဲ့တယ်လို့လည်း ပြောပါတယ်။

တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ၂ နိုင်ငံကြား ရင်းရင်းနှီးနှီး တိုင်ပင်ညှိနှိုင်းပြီး ရေယာဉ်ကို ချောချောမောမောနဲ့ ပြန်လည်လွဲှပြောင်းပေးအပ်ခဲ့ကြောင်း ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။ တရုတ်နိုင်ငံ ကမ်းရိုးတန်းရေပြင်မှာ အမေရိကန်က အနီးကပ် ထောက်လှမ်းရေး လုပ်ငန်းတွေကို ပုံမှန်လိုလို လုပ်ဆောင်လေ့ရှိပြီး၊ တရုတ်နိုင်ငံအနေနဲ့ ဒီလုပ်ရပ်တွေကို အပြင်းအထန် ဆန့်ကျင်ကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying က နောက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

အစောပိုင်းမှာ တုန်းကတော့ တရုတ်ရေတပ်သင်္ဘောတစင်းဟာ ပင်လယ်ပြင်မှာ ဘာမှန်းမသိတဲ့ပစ္စည်းတခုကို တွေ့ရှိခဲ့တဲ့အတွက် ရေကြောင်းဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆယ်ယူခဲ့တာ ဖြစ်တဲ့အကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG