သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ကာကွယ်ရေးဝန်ကြီး ဂျပန်ဝန်ကြီးချုပ်နဲ့တွေ့


အမေရိကန် ကာကွယ်ရေးဝန်ကြီး James Mattis ဂျပန်အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံ။ (ဖေဖော်ဝါရီ ၃-၂၀၁၇)
အမေရိကန် ကာကွယ်ရေးဝန်ကြီး James Mattis ဂျပန်အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံ။ (ဖေဖော်ဝါရီ ၃-၂၀၁၇)

အမေရိကန် ကာကွယ်ရေးဝန်ကြီး James Mattis ဟာ ဒီကနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့တော်ကို ရောက်ရှိနေပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံပါတယ်။

“အမေရိကန်အစိုးရ အပြောင်းအလဲ ကာလမှာ အမေရိကန်ရဲ့ ရပ်တည်ချက် နဲ့ပတ်သက်ပြီး နားလည်မှု မလွဲစေဖို့၊ ဂျပန်ဝန်ကြီးချုပ်၊ ဂျပန်ပြည်သူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက တရာ ရာခိုင်နှုန်းပြည့် အတူ လက်တွဲ ရှိနေမယ်ဆိုတာကို အခိုင်အမာ ပြသဖို့ ဒီနေရာကို ကျနော် လာခဲ့တာပါ။” - လို့ ဝန်ကြီး Mattis က ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုသွားပါတယ်။

အခု ခရီးစဉ်အတွင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး Fumio Kishida ၊ ဂျပန်ကာကွယ်ရေးဝန်ကြီး Tomomi Inada တို့နဲ့လည်း ဝန်ကြီး Mattis တွေ့ဆုံမှာဖြစ်ပါတယ်။

ဒီကနေ့ အစောပိုင်း တောင်ကိုရီးယားနိုင်ငံကနေ မထွက်ခွာခင်မှာတော့ ဝန်ကြီး Mattis က - အမေရိကန် ဒါမှမဟုတ် အမေရိကန်ရဲ့ မဟာမိတ်တွေ အပေါ် မြောက်ကိုရီးယား ဘက်က လုပ်ဆောင်လာနိုင်တဲ့ ဘယ်လို နျူကလီးယား ခြိမ်းခြောက်မှုမျိုးကို မဆို ထိထိရောက်ရောက် အင်အားသုံး တုံ့ပြန်သွားမယ်လို့ ဆိုပြီး အာရှဒေသတွင်း အမေရိကန်ရဲ့ ရေရှည် မဟာမိတ် နှစ်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေကို ထပ်မံ အာမခံ ပြောဆိုသွားပါတယ်။

အမေရိကန်သမ္မတ Donald Trump ကတော့ သူအနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲအတွင်းမှာ - တကယ်လို့ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေအနေနဲ့ လက်ရှိ အမေရိကန်အစိုးရက ပေးနေတဲ့ စစ်ရေး အကူအညီတွေနဲ့ ပတ်သက်လို့ ငွေကြွေး တိုးမြင့် မျှဝေမခံဘူးဆိုရင် အဲဒီနိုင်ငံတွေမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်း မယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG