သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အစိုးရသစ်နဲ့ လက်တွဲနိုင်ဖို့ နိုင်ငံတကာမျှော်လင့်


ရွေးကောက်ခံသမ္မတ ဒေါနယ်ထရမ့်နဲ့ ဒုသမ္မတ
ရွေးကောက်ခံသမ္မတ ဒေါနယ်ထရမ့်နဲ့ ဒုသမ္မတ

အမေရိကန်ပြည်ထောင်စုနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သွားဖို့ ရုရှားအစိုးရဘက်က အဆင်သင့်ပဲလို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

“IS စစ်သွေးကြွ ချေမှုန်းရေး ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ် ထားတယ်၊ ပူးပေါင်းဆောင်ရွက်ဖို့ အဆင့်သင့်ပဲဆိုတာ အပါအဝင် ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက Donald Trump ပြောခဲ့တဲ့ကိစ္စတွေကို ကျနော်တို့ အလေးအနက်ထား စောင့်ကြည့်ခဲ့ပါတယ်။ အကြမ်းဖက်ဝါဒ နဲ့ ခေတ်သစ်မှာကြုံရတဲ့ တခြား စိန်ခေါ်မှုအများအပြားကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်သွားဖို့ အဆင်သင့်ပဲ ဆိုတာကို သမ္မတ ပူတင်ကလည်း အကြိမ်ကြိမ်ပြော ထားပြီးသားဖြစ်တယ်။” - လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov ပြောသွားတာပါ။

Sergei Lavrov
Sergei Lavrov

ဒီအတောအတွင်း Trump ရဲ့ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှု အကြံပေးပုဂ္ဂိိုလ်တွေနဲ့ ရုရှားအစိုးရကြား အပြန်အလှန် အဆက်အသွယ်တွေနဲ့ ငွေကြေးအရ ဆက်နွယ်ပတ်သက်မှုတွေ ရှိခဲ့နိုင်တယ်ဆိုတာကို အမေရိကန်ထောက်လှန်းရေး အဖွဲ့တွေက ရှာဖွေ တွေ့ထားတဲ့အကြောင်း New York Times သတင်းစာမှာ ဖော်ပြထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ Trump အနိုင်ရအောင် ရုရှားက ကူညီခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ရဲ့ တစိတ်တိုင်းပါ။ ဒါပေမဲ့ အခုရှာဖွေတွေ့ရှိမှုက သမ္မတသစ်ဖြစ်လာတော့မယ့် Trump နဲ့ ဒါမှမဟုတ် သူ့ရဲ့ မဲဆွယ်လှုပ်ရှားမှုအဖွဲ့နဲ့ ဆိုင်မဆိုင် ဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hua Chuying
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hua Chuying

အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်လ်ထရမ့်က သမ္မတအဖြစ်နဲ့ ကျမ်းသစ္စာကျိန်ဆိုဖို့ နာရီပိုင်းအလိုမှာပဲ တရုတ်နိုင်ငံအနေနဲ့ လာမယ့်အမေရိကန်အစိုးရသစ်နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ မျှော်လင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hua Chuying က ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အမေရိကန်အစိုးရသစ်လက် ပဋိပက္ခမဖြစ်ရေး၊ ထိပ်တိုက်မတွေ့ဆုံရေး ၊ ၂ ဘယ်စလုံးအပြန်အလှန် ယုံကြည်မှု နဲ့ အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မှု မူဝါဒတွေအပေါ် အခြေခံပြီး အတူလက်တွဲ လုပ်သွားနိုင်ဖို့မျှော်လင့်တယ်လို့ Hua Chuying က ပြောသွားတာဖြစ်ပါတယ်။

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်လ်ထရမ့်က တရုတ်နိုင်ငံဟာ ကုန်သွယ်ရေးမညီမျှမှုတွေလုပ်ဆောင်နေတယ်လို့ စွပ်စွဲလိုက်ပြီး၊ တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်းတွေအပေါ်မှာ အခွန်တွေတိုးကောက်ပြီး ကုန်သွယ်ရေးစစ်ပွဲဆင်နွဲသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ကုန်သွယ်ရေးစစ်ပွဲက ၊ ကမ္ဘာ့ကုန်သွယ်ရေးမှာပါဝင်ပတ်သက်နေတဲ့ နိုင်ငံအားလုံးကို ထိခိုက်စေမှာဖြစ်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က တုံ့ပြန်လိုက်ပါတယ်။

တချိန်တည်းမှာပဲ တရုတ်နိုင်ငံရဲ့ အခုနှစ် စီးပွားရေးဖွံ့ဖြိုးနှုန်းဟာ အခုနှစ် နောက်ဆုံး ၃ လမှာတက်လာခဲ့ပေမယ့်၊ တနှစ်လုံးအတိုင်းအတာအရဆိုရင်တော့ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခုအတွင်းမှာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ အနှေးကွေးဆုံးဖြစ်တယ်လို့ တရုတ်အစိုးရက ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေက ဖော်ပြနေ ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Shinzo Abe.
ဂျပန်ဝန်ကြီးချုပ် Shinzo Abe.

အမေရိကန်သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတာနဲ့ သမ္မတသစ်ဖြစ်လာမယ့် Donald Trump နဲ့ အမြန်ဆုံး တွေ့ဆုံနိုင်အောင် အမေရိကန် ပြည်ထောင်စုကို သွားဖို့စီစဉ်ထားတယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ပြောပါတယ်။

“အမေရိကန်-ဂျပန် မဟာမိတ်ဆက်ဆံရေးဟာ ဂျပန်နိုင်ငံရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေး ဆိုင်ရာ မူဝါဒတွေရဲ့ အခြေခံပဲဖြစ်ပါတယ်။ ဒါဟာ အရင်ကရော အခုရော နောင်အနာဂတ်မှာရော ဒီအတိုင်းပဲ ဆက်ရှိနေမယ့် မပြောင်းလဲတဲ့ မူဝါဒတရပ်ပါ။ ကျနော့်အနေနဲ့ အမေရိကန်ပြည်ထောင်စုကို အမြန်ဆုံး သွားရောက်ပြီးတော့ သမ္မတသစ် Trump နဲ့ တွေ့ဆုံပြီး မဟာမိတ် ဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်သွားချင်ပါတယ်။” - လို့ ဂျပန်ဝန်ကြီးချုပ် အာဘေးက ဒီကနေ့ ဂျပန်လွှတ်တော်မှာ မူဝါဒရေးရာ နှစ်ပတ်လည် မိန်ခွန်းပြောကြားချိန် ပြောသွားတာပါ။

အမေရိကန်ပြည်ထောင်စုသာ အဓိကဦးစားပေး ဖြစ်ရမယ်ဆိုတဲ့ Trump ရဲ့မူဝါဒကြောင့် အာရှဒေသနဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့ အလေးအနက်ထားမှုတွေ ပြောင်းလဲ သွားမှာကို ဂျပန်က စိုးရိမ်နေတာပါ။ ဒါ့အပြင် တရုတ်နဲ့ မြောက်ကိုရီးယား နိုင်ငံတွေနဲ့ အမေရိကန် ဆက်ဆံရေး ပိုမိုတင်းမာပြီး ပြဿနာတွေ ဖြစ်လာမှာကိုလည်း ဂျပန်အစိုးရက စိတ်ပူပါတယ်။ မစ္စတာ အာဘေးဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ တုန်းကလည်း မစ္စတာ Trump ရွေးကောက်ပွဲမှာ အနိုင်ရပြီး သိပ်မကြာခင်မှာပဲ တွေ့ဆုံခဲ့သေးသလို၊ သူဟာ ရွေးကောက်ခံသမ္မတ Trump ကို ပထမဆုံး တွေ့ဆုံတဲ့ ပြည်ပနိုင်ငံတခုက ခေါင်းဆောင်တဦးပဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG