သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump ရာထူးလက်ခံမိန့်ခွန်း ဘာတွေပါမလဲ


သမ္မတသစ် ဖြစ်လာတော့မယ့် Donald Trump
သမ္မတသစ် ဖြစ်လာတော့မယ့် Donald Trump

Donald Trump ဟာ သောကြာနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီးတာနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စစ်သေနာပတိချုပ် အနေနဲ့ ပထမဆုံး နိုင်ငံတော်ကို မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ ထုံးတမ်းစဉ်လာအရ မစ္စတာ Trump က လွှတ်တော်အပြင်ဘက် စင်မြင့်ပေါ်ကနေ ဝါရှင်တန် ဒီစီမြို့တော်ရဲ့ ပြည်သူ့ရင်ပြင်တလျှောက် စုဝေးနေကြတဲ့ ကြီးမားတဲ့ ပရိတ်သတ်ကြီးကို မိန့်ခွန်းပြောရမှာ ဖြစ်ပါတယ်။

သမ္မတသစ် Trump ရဲ့ မိန့်ခွန်း ဘယ်လောက်ရှည်နိုင်တယ်ဆိုတာ မသိကြသေးပေမယ့် ကြိုပြီး ထွက်လာတဲ့ သတင်းတွေ အရဆိုရင် မိနစ် ၂၀ လောက် ရှည်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ Trump ရဲ့ပြောခွင့်ရ Sean Spicer ကတော့ သမ္မတသစ်က သူ့မိန့်ခွန်းကို တည်းဖြတ် ဖြည့်စွက်တာတွေ လုပ်နေသလို ဒီမိန့်ခွန်းဟာ Trump ရဲ့ တိုင်းပြည်အတွက် အမြင်နဲ့ ပတ်သက်ပြီး သိပ်ကိုထူးခြားပြီး ရိုးသားတဲ့ မိန့်ခွန်းတရပ် ဖြစ်မယ်လို့ ပြောပါတယ်။

ဒီမိန့်ခွန်းမှာ နိုင်ငံ့ ပြဿနာတွေအကြောင်း နည်းနည်းပဲပါမှာ ဖြစ်ပြီး အစိုးရတရပ်ရဲ့ အခန်းကဏ္ဍနဲ့ နိုင်ငံသားတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်နဲ့ အတွေးအခေါ်ပိုင်းကိုပဲ အများဆုံး ပြောဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ အမေရိကန် တယောက်ဖြစ်လာဖို့ ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပတ်သက်ပြီး ပါမှာ ဖြစ်သလို အမေရိကန် အလယ်လတ်တန်းစားတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း ပြောဖို့ရှိတယ်လို့ Spicer က ပြောပါတယ်။ သူသမ္မတအဖြစ် ဘယ်လိုပုံစံနဲ့ အုပ်ချုပ်မယ်ဆိုတာကို ခြေရာကောက်ကြမယ့် သတင်းထောက်တွေအတွက် သူ့မိန့်ခွန်း မိတ္တူကို ကြိုပြီး ပေးဖို့ ရှိမရှိတော့ မသိရသေးပါဘူး။

အရင်သမ္မတတွေရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မိန့်ခွန်းတွေဟာ ကြာမြင့်ချိန် မတူကြပါဘူး။ အမေရိကန်သမိုင်းမှာ အတိုဆုံး ပြောသွားသူက George Washington ဖြစ်ပြီး သူ့ရဲ့ ၁၇၉၃ ခုနှစ် ဒုတိယအကြိမ် ပြန်လည် အရွေးခံရချိန်က မိန့်ခွန်းဟာ စာလုံး ၁၃၃ လုံးပဲ ရှိပါတယ်။ အရှည်ဆုံး မိန့်ခွန်းက ၁၈၄၁ မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ William Henry Harrison ဖြစ်ပြီး စာလုံးပေါင်း ၈၄၉၅ လုံးပါပါတယ်။ နှင်းမုန်တိုင်း တိုက်နေတဲ့ အေးလွန်းတဲ့ ရာသီမှာ မိန့်ခွန်းပြောခဲ့တဲ့ သမ္မတဟာ တလအကြာမှာပဲ အဆုတ်အအေးမိပြီး ကွယ်လွန်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG