သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၄၅ ဦးမြောက် ကန်သမ္မတ ဖြစ်မည့်သူအပေါ် မြန်မာတချို့ အမြင်


အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump
အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump

အခုလာမယ့် သောကြာနေ့၊ ဇန်နဝါရီလ ၂၀ ရက်နေ့ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ (၄၅) ဦးမြောက် ရွေးကောက်ခံသမ္မတဟာ တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုပြီး သမ္မတတာဝန်ကို စတင်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းအတွေ့အကြုံမရှိသလို သမ္မတအဆက်ဆက်ရဲ့ ပြုမူတုံ့ပြန်မှုတွေကနေ တမူထူးခြားနေတဲ့ သမ္မတသစ် တက်လာတဲ့အခါမှာ အရင် ဒီမိုကရက်အစိုးရလက်ထက်က ချမှတ်ထားတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေအရေး၊ ကျန်းမာရေးဝန်ဆောင်မှုကိစ္စတွေအပေါ်မှာ သာမန်ပြည်သူ အများစုက စိုးရိမ်မကင်းဖြစ်နေကြတာတွေလည်း ရှိနေတဲ့အကြောင်းတွေကို အမေရိကန်မှာ နေထိုင်ကြတဲ့ မြန်မာလူမျိုးတွေရဲ့ အမြင်သဘောထားတွေနဲ့အတူ မခွာညိုက ပြောပြပေးပါမယ်။

အုပ်ချုပ်ရေးတွေ့အကြုံမရှိတဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် ကုဋေကြွယ် သူဌေးကြီး ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန်တုန်း ကလိုပဲ အခုလည်း သူ့ရဲ့ စီးပွားရေးလုပ်ငန်းမှာ ကျွမ်းကျင်ပိုင်နိုင်မှု တွေကိုပဲ ထောက်ပြခဲ့ပြီး အမေရိကန်ကို ပြန်လည် ဦးမော့လာအောင် လုပ်ပေးဖို့ ကတိပေး မဲဆွယ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပြောကြားခဲ့တဲ့ သူ့ရဲ့မိန့်ခွန်းမှာ သူက အခုလို ပြောသွားပါတယ်။

“ကျနော့်အနေနဲ့ ကျနော့ဘဝတလျှော်ကလုံး စီးပွားရေးကို လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။ ကျနော့်ဘဝမှာ လုပ်ငန်းအသစ်တွေနဲ့ လူတွေရဲ့ လုပ်နိုင်စွမ်းရည်ကို ကျနော်လေ့လာခဲ့ပါတယ်။ အဲဒီအတိုင်း ကမ္ဘာတဝန်းရှိ စီးပွားရေးလုပ်ငန်းသစ်တွေနဲ့ လူတွေရဲ့ လုပ်ကိုင်နိုင်စွမ်းကို ကျနော် လေ့လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတိုင်းပါပဲ၊ ကျနော်တို့နိုင်ငံမှာရှိတဲ့ လူတွေရဲ့စွမ်းပကားကိုလည်း ကျနော် မြှင့်တင်ပေးဖို့ ရည်ရွယ်ပါတယ်။”

ဒါပေမယ့်လို့ မစ္စတာ ထရမ့်က အမေရိကန်သမ္မတတဦးအနေနဲ့ အာဏာကို အလွန်အကျွံမသုံးနိုင်အောင် နိုင်ငံ့ရဲ့စနစ်မှာ Checks and Balances ဆိုတဲ့ အပြန်အလှန် အာဏာထိန်းညှိတဲ့မှုစနစ်တွေ ရှိနေတဲ့အတွက်ကြောင့် ထရမ့်အနေနဲ့ သူလုပ်ချင်သလို လုပ်လို့မရအောင် ဘယ်လိုစနစ်တွေအရ ထိန်းညှိသွားနိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပထမကတော့ လွှတ်တော်အနေနဲ့ ရီပတ်ဘလီကင်တို့ကြီးစိုးပြီး သမ္မတကလည်း ရီပတ်ဘလီကင်ဖြစ်တဲ့အတွက် လွှတ်တော်အမတ်တွေ အနေနဲ့ ထရမ့်ကို ဘယ်လို ထိန်းချုပ်နိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဥပဒေတွေ ပြဌာန်းရာမှာ သမ္မတတဦးအနေနဲ့ လွှတ်တော်ရဲ့အတည်ပြုချက် ရယူဖို့ လိုအပ်သလို သမ္မတခန့်အပ်တဲ့အစိုးရအဖွဲ့ဝင်တွေအပြင် လစ်လပ်နေတဲ့ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး ခန့်အပ်ရာမှာ သမ္မတက အမည်တင်သွင်းရာမှာလည်း အထက်လွှတ်တော်ရဲ့ အတည်ပြုချက် ရယူဖို့ လိုအပ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတအနေနဲ့ ကျင့်ဝတ်နဲ့မညီ ဥပဒေချိုးဖောက်မှု ကျူးလွန်ခဲ့ရင် လွှတ်တော်က အရေးယူနိုင်တာလည်း ဖြစ်ပါတယ်။

ရွေးကောက်ခံသမ္မတ ထရမ့်အနေနဲ့ အစ္စလာမ်ဘာသာဝင် အခြေချပြောင်းရွှေ့နေထိုင်သူတွေနဲ့ တရားမဝင် ရောက်ရှိနေတဲ့ လူပေါင်း ၁၁ သန်းခန့်တို့ကို ပြည်နှင်ဒဏ်ပေးမယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အတွက်လည်း ACLU ခေါ် အမေရိကန် ပြည်သူ့လွတ်လပ်ခွင့်များဆိုင်ရာ သမဂ္ဂ က ထရမ့် သမ္မတဖြစ်လာတဲ့အခါ ထိပ်တိုက်တွေ့မယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံမှာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့သတင်းလွတ်လပ်ခွင့် ထိန်းသိမ်းဖို့ အရေးကြီးတဲ့အတွက်ကြောင့်လည်း ထရမ့်နဲ့ သတင်းမီဒီယာကြား မကျေလည်တဲ့ ဆက်ဆံရေးဟာ လည်း သတိထားရမယ့် အချက်တရပ်ဖြစ်ပါတယ်။ ရွေးကောက်ခံသမ္မတထရမ့်ရဲ့ ရုရှား၊ အီရန်၊ တရုတ် အစရှိတဲ့ နိုင်ငံကြီးတွေအပေါ် ထားရှိမယ့် နိုင်ငံခြားရေးမူဝါဒတွေဟာလည်း ဒွိဟဖြစ်စရာတွေ ပေါ်ပေါက်နေတာဖြစ်ပါတယ်။

အခုလို အခြေအနေမျိုးမှာ မကြာမီအမေရိကန်ရဲ့ သမ္မတဖြစ်လာမယ့် ဒေါ်နယ်ထရမ့်အပေါ် အမေရိကန်ရောက် မြန်မာတချို့ကတော့ ဘယ်လို မြင်ကြပါသလဲ။

အင်ဒီယားနားပြည်နယ်မှာ နေထိုင်သူ ဒေါက်တာတင့်ဆွေကတော့ အခုလို စပြောပါတယ်။

“ Donald Trump ရဲ့ သက်တမ်းမှာတော့ ကျနော်တို့ မမျှော်လင့်တာတွေဖြစ်နိုင်တယ်ဆိုတဲ့ မှန်းဆချက်တခုပေါ့။ နောက်တခုကလည်း စိုးရိမ်ချက်တွေလည်း တော်တော်များတယ်ပေါ့ နိုင်ငံတကာ ကိစ္စရော၊ အမေရိကန်ပြည်ထောင်စုအတွင်းက ပြည်တွင်းရေး ကိစ္စရော နောက်ဆက်ပြောရင် ဒီအမေရိကကို လာနေကြတဲ့ တခြားနိုင်ငံက အထူးသဖြင့် မြန်မာနိုင်ငံကလူတွေအတွက်ရောက ဘာဖြစ်လာနိုင်မလဲဆိုတာ မှန်းဖို့တော်တော်ခက်တဲ့ ကာလဖြစ်တယ်ဆိုတာ ကျနော်မြင်ပါတယ်ခင်ဗျ။”

နယူးယောက်မြို့မှာ နေထိုင်သူ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတခုမှာ အလုပ်လုပ်နေတဲ့ မဖြူစင်က အခုလို ပြောပါတယ်။

“Trump Administration မှာတော့ အခုအကြမ်းဖျင်းတော့ ကျန်းမာရေးအတွက် Affordable care ဆိုတာ လူတိုင်း ကျန်းမာလုံခြုံမှုရနိုင်တဲ့အစီအစဉ်ကို အိုဘားမားလုပ်နေတဲ့ဟာကို အစားထိုးဖို့ လုပ်နေတာ ရှိတယ်ပေါ့နော်။ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်လာရင်တော့ စက်ရုံအလုပ်ရုံတွေကို ဒီအထဲကို ဝင်အောင် ပြန်လုပ်မယ်ဆိုတာမျိုးတွေရှိတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ အဲဒါတွေကတော့ ခက်ပါတယ်။ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်လို့ကတော့ သူက ရွေးကောက်ပွဲအစကတည်းက စကားတွေကို မဆင်မခြင်ပြောတာတွေပေါ့နော် ၊ နောက်အမျိုးသမီးတွေကို ထိခိုက်မှုတွေအများကြီးရှိခဲ့တယ် ဆိုတော့ အမျိုးသမီးထုကြီးတခုလုံးကတော့ အရမ်းစိုးရိမ်ပူပန်မှုတွေ ရှိတယ်လေ။ အထူးသဖြင့် Reproductive Right လို့ခေါ်တဲ့ သန္ဓေသား တားမြစ်ခွင့်တွေ၊ သန္ဓေသား ဖျက်ချခွင့်တွေ ဆုံးရှုံးဖို့ရှိတယ်ဆိုပြီးတော့ အရမ်းကို စိုးရိမ်ပူပန်မှုတွေရှိကြတယ်။”

သမ္မတသစ်ကျမ်း သစ္စာကျိန်ဆိုပွဲပြီး နောက်တနေ့ဖြစ်တဲ့ စနေနေ့မှာ အမေရိကန် အမျိုးသမီး ၂ သိန်းလောက်ဟာ - အမျိုးသမီးတွေရဲ့ အခွင့်အရေးဟာ လူ့အခွင့်အရေးဖြစ်တယ်ဆိုတာကို သမ္မတသစ်အစိုးရကို ပြသနိုင်ဖို့ ဝါရှင်တန်မြို့တော်မှာ ချီတက်ဆန္ဒပြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG