သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရသစ် ရက် ၁၀၀ ဆောင်ရွက်ချက် Trump ချပြ


အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump
အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump

အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က သူ့ရဲ့ ရက် ၁၀၀ အတွင်း ဆောင်ရွက်မယ့်အစီအစဉ်တွေဟာ အမေရိကန်ဦးစားပေးဆိုတဲ့ မူဝါဒတခုတည်းကို အခြေခံပြီးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

သမ္မတတာဝန် ပထမဆုံးယူတဲ့နေ့ ဖြစ်တဲ့ ၂၀၁၇ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတအမိန့်နဲ့ ဆောင်ရွက်နိုင်မယ့် စာရင်းတွေကိုပြုစုထားပေးဖို့ သူ့ရဲ့ အာဏာလွှဲယူရေးအဖွဲ့ကို ညွှန်ကြားထားတယ်လို့ ရွေးကောက်ခံသမ္မတ Trump က YouTube website ပေါ်ကနေ Video မိန့်ခွန်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်တရားဥပဒေ ပြန်လည်စိုးမိုးဖို့နဲ့ အလုပ်အကိုင်တွေ နိုင်ငံထဲ ပြန်လည်ယူဆောင်ဖို့ ကိစ္စတွေကို ဆောင်ရွက်မှာဖြစ်တယ်လို့ သူကပြောပါတယ်။ ပထမဆုံးနေ့မှာ သူလုပ်ဆောင်မှာက Pacific ရပ်ဝန်းဒေသနိုင်ငံများနဲ့ ရရှိထားတဲ့ TPP ကုန်သွယ်ရေးမဟာမိတ် သဘောတူညီမှုကို ရုပ်သိမ်းပြီး၊ သက်ဆိုင်ရာနိုင်ငံတွေနဲ့ နှစ်နိုင်ငံကြား ပိုအကျိုးရှိမယ့် ကုန်သွယ်ရေးသဘောတူညီမှုတွေရအောင် ပြန်လည်ညှိနှိုင်းမယ်လို့ ပြောပါတယ်။

ဗဟိုအစိုးရ စည်းကမ်းသတ်မှတ်ချက်အသစ် ၁ ခုကို ဖန်တီးတိုင်းမှာ အဟောင်း ၂ ခုကို ဖျက်သိမ်းမယ်ဆိုတဲ့ ဥပဒေထုတ်မယ့် အစီအစဉ်လည်း Trump ရဲ့ ရက် ၁၀၀ အစီအစဉ်မှာ ပါဝင်ပါတယ်။ အမေရိကန် အခြေခံအဆောက်အအုံတွေအပေါ် Online ပေါ်ကနေ Cyber တိုက်ခိုက်မှုရန်က ကာကွယ်နိုင်အောင် ပြည်စုံတဲ့ အစီအစဉ်တခု Pentagon စစ်ဌာနချုပ်ကို ဖန်တီးခိုင်းမယ်လို့လည်းဆိုပါတယ်။

Donald Trump ရဲ့ အစီအစဉ်ထဲမှာ အရင်က ပြောနေသလို Mexico နယ်စပ်မှာ တံတိုင်းကာမယ့်အကြောင်းတော့ ထည့်သွင်းထားခြင်းမရှိပါဘူး။ ဒါပေမယ့် အမေရိကန် အလုပ်သမားတွေအစား နိုင်ငံခြားကျွမ်းကျင်သူတွေကို ငှားရမ်းနိုင်တဲ့ Visa အစီအစဉ်တွေကို လက်တလုံးခြားလုပ်မှုအားလုံးကို စုံစမ်းဖို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားမယ်လို့လည်း ရွေးကောက်ခံသမ္မတကပြောပါတယ်။

နုန်းကျောက်နဲ့ ကျောက်မီးသွေးထုတ်လုပ်မှု အပါအဝင် အမေရိကန်စွမ်းအင်ထုတ်လုပ်မှုအပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားမယ်လို့လည်း ရွေးကောက်ခံသမ္မတ Donald Trump က သူ့ရဲ့ ရက် ၁၀၀ အတွင်း ဆောင်ရွက်မယ့်အစီအစဉ်တွေထဲမှာ ကတိပြုထားပါတယ်။

ဒီအတောအတွင်း တနလာၤနေ့မှာတော့ New York ရှိ Trump Tower အဆောက်အဦးမှာ နိုင်ငံရေး မျက်နှာသိတွေရော၊ တချို့မျက်နှာစိမ်းတွေပါ Trump အစိုးရသစ်မှာ တာဝန်ထမ်းဆောင်ရမယ့် ရာထူးတွေမှာ ခန့်အပ်နိုင်ရေးအတွက် လေ့လာစဉ်းစားဖို့ Trump က တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။

XS
SM
MD
LG