သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအပေါ် ကန်စိတ်ရှည်သီးခံတဲ့ဗျူဟာခေတ်ကုန် Pence သတိပေး


အမေရိကန်ဒုတိယသမ္မတ Mike Pence
အမေရိကန်ဒုတိယသမ္မတ Mike Pence

မြောက်ကိုရီးယားနိုင်ငံအပေါ် အမေရိကန်အစိုးရက မဟာဗြူဟာအရ စိတ်ရှည် သည်းခံတဲ့ခေတ် ကုန်သွားပြီလို့ အမေရိကန်ဒုတိယသမ္မတ Mike Pence ကပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားက မအောင်မြင်တဲ့ Missile ဒုံးကျည်ပစ်လွှတ်မှုလုပ်ခဲ့ပြီး တရက်အကြာမှာပဲ အမေရိကန်ဒုသမ္မတက တောင်ကိုရီးနိုင်ငံမှာ ခုလိုပြောကြားခဲ့တာပါ။ ဒုသမ္မတ Pence ရဲ့အာရှခရီးစဉ်အတွင်း မြောက်ကိုရီးယားအပေါ်ထားရှိတဲ့ Trump အစိုးရရဲ့ သဘောထားကို ပြတ်ပြတ်သားသား ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ ဒီအပေါ်မှာ မြောက်ကိုရီးယားဖက်က ဘယ်လိုတုံ့ပြန်ပါသလဲ။ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

အမေရိကန်ဒုသမ္မတ Mike Pence ရဲ့ အာရှ ၄ နိုင်ငံခရီးစဉ်အတွင်း တောင်ကိုရီးယားနိုင်ငံကို ပထမဆုံးသွားရောက်ခဲ့ပြီး အမေရိကန်အစိုးရသစ်အနေနဲ့ မတည်ငြိမ်မှုမြင့်မားနေတဲ့ ဒေသအပေါ် ကျောခိုင်းထားမှာ မဟုတ်ဘူးဆိုတာကို ပြသခဲ့ပါတယ်။ အမေရိကန်ဒုသမ္မတ တောင်ကိုရီးယားဆီ ခရီးထွက်ခွာလာချိန်မှာကို မြောက်ကိုရီးယားက Missile ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

တနင်္လာနေ့ကတော့ ဒုသမ္မတ Pence ဟာ တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံကြားက စစ်မဲ့ဇုံကို သွားရောက်ခဲ့ပါတယ်။ တနိုင်ငံနဲ့ တနိုင်ငံ ၂ မိုင်ခွဲသာခြားတဲ့အကွာအဝေးအတွင်း မိုင်းတွေ အပြည့်ချထားသလို ၂ ဖက်စစ်သားတွေ အချိန်မလပ်သတိအနေအထားရှိနေတဲ့နေရာကို သွားရောက်ပြီး ဒုသမ္မတက အမေရိကန်ပြည်ထောင်စုအနေနဲ့ မဟာမိတ်တောင်ကိုရီးယားဖက်က ရပ်တည်ကာကွယ်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ လက်ရှိအမေရိကန်အစိုးရရဲ့ မြောက်ကိုရီးယားအပေါ်ထားရှိတဲ့ သဘောထားကိုလည်း ဒုသမ္မတ Pence ကခုလိုပြောကြားခဲ့ပါတယ်။

"အရင်အမေရိကန်အစိုးရနဲ့ အရင့်အရင်အစိုးရတွေတုန်းက သည်းခံစိတ်ရှည်တဲ့မဟာဗြူဟာနဲ့ ချဉ်းကပ်ခဲ့ကြပါတယ်။ မြောက်ကိုရီးယားရဲ့ Nuclear အစီအစဉ်ဖျက်သိမ်းရေးနဲ့ မြောက်ကိုရီးယားပြည်သူတွေ ခံစားနေရတာသက်သာစေဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ကျွန်တော်တို့ရဲ့မဟာမိတ်တွေ ကြိုးစားခဲ့တာ အနှစ် ၂၀ ကျော်ခဲ့ပါပြီ။ ဒါပေမဲ့ မြောက်ကိုရီးယားဖက်က လိမ်လည်လှည်ဖျားမှုတွေ၊ မတည်တဲ့ကတိတွေ၊ Missile ဒုံးစမ်းသပ်မှုတွေနဲ့သာ တုံ့ပြန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၈ လအတွင်းမှာကို တရားမဝင် Nuclear စမ်းသပ်မှု ၂ ခုနဲ့ ပဲ့ထိန်းတပ်ဒုံးစမ်းသပ်မှုအကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။ ကျွန်တော်ဒီကိုလာနေတဲ့အချိန်မှာတောင် Missile ဒုံးပစ်လွှတ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ မဟာဗြူဟာအရ စိတ်ရှည်သည်းခံခဲ့တဲ့ခေတ် ကုန်သွားပါပြီ။"

ကိုရီးယားကျွန်းဆွယ်မှာ Nuclear လက်နက်ကင်းမဲ့သွားစေရမယ်ဆိုတဲ့ ရည်ရွယ်ချက်အောင်မြင်ဖို့အတွက် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ညှိနှိုင်းဆွေးနွေးသွားမှာဖြစ်ပေမယ့် အဖြေရနိုင်မယ့်နည်းလမ်းအားလုံးကိုလည်း ထည့်သွင်းစဉ်းစားထားတယ်လို့ ဒုသမ္မတ Mike Pence က ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားယာယီသမ္မတ Hwang Kyo-ahn ကလည်း မြောက်ကိုရီးယားဖက်က နောက်ထပ်ရန်စမှုတွေအတွက် အရေးယူဆောင်ရွက်သွားဖို့ အဆင်သင့်ပဲလို့ Seoul မြို့တော်မှာ အမေရိကန်ဒုသမ္မနဲ့ ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

"မြောက်ကိုရီးယားရဲ့ Nuclear နဲ့ Missile ဒုံးရန်ဟာ ဘယ်လောက်လေးနက်ပြီး အရေးတကြီးကိုင်တွယ်ဖို့လိုတယ်ဆိုတဲ့အမြင်အပေါ် ဒုသမ္မတ Pence နဲ့ ကျွန်တော်တို့ကြားမှာ တူညီနေပါတယ်။ မြောက်ကိုရီးယားရဲ့ မဟာဗြူဟာ တွက်ချက်မှုတွေပြောင်းလဲသွားစေဖို့ တကမ္ဘာလုံးရဲ့ဖိအားတွေတိုးမြှင့်အောင် ကျွန်တော်တို့ ၂ ဆပိုအားထုတ်ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပါတယ်။ Nuclear လက်နက်တွေစွန့်လွှတ်ဖို့ငြင်းဆန်နေတဲ့ မြောက်ကိုရီးယားအပေါ် ဘက်စုံကနေဒဏ်ခတ်အရေးယူမှုတွေ အကောင်အထည်သွားဖို့လည်း သဘောတူခဲ့ကြပါတယ်။"

တရုတ်နိုင်ငံရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ မြောက်ကိုရီးယားကို ဖိအားပိုပေးသွားမယ်ဆိုတာကိုလည်း အမေရိကန်ဒုသမ္မတ Pence ရော တောင်ကိုရီးယားယာယီသမ္မတ Hwang ကပါပြောကြားခဲ့ကြပါတယ်။ တရုတ်နိုင်ငံက ကန့်ကွက်နေတဲ့ကြားကပဲ အမေရိကန်ရဲ့ THAAD ဒုံးလက်နက်ရန်ကာကွယ်ရေးစနစ်ကို တောင်ကိုရီယားမှာထားရှိနိုင်ရေး ဆက်လုပ်သွားမှာဖြစ်တယ်ဆိုတာကိုလည်း အမေရိကန်ဒုသမ္မတကပြောခဲ့ပါတယ်။ ခုလိုပြောကြားချက်တွေကို မြောက်ကိုရီးယားဖက်ကလည်း တနင်္လာနေ့မှာပဲ တုံ့ပြန်ခဲ့ပါတယ်။ New York မြို့ကကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး Kim In Ryone က မြောက်ကိုရီးယားအနေနဲ့ အမေရိကန်နဲ့ စစ်ဖြစ်ဖို့ အဆင်သင့်ပဲလို့ ခုလိုပြောပါတယ်။

"တကယ်လို့အမေရိကန်က စစ်ရေးအရဆောင်ရွယ်မယ့်လမ်းကို ရွေးချယ်ရဲလို့ လက်ဦးမှုယူပြီး ဌာနချုပ်တွေကို ရှင်းလင်းတိုက်ခိုက်ဖို့ကြိုးစားမယ်ဆိုရင် မြောက်ကိုရီးယားကလည်း အမေရိကန်ဖက်ကလိုလားတဲ့ စစ်ရေးပုံစံအတိုင်းတုံ့ပြန်ဖို့ အဆင်သင့်ပါပဲ"လို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီးက ပြောကြားသွားတာဖြစ်ပါတယ်။ အမေရိကန်ဟာ ငြိမ်းချမ်းရေးခိုင်မာအောင်လုပ်မယ်လို့ တဖက်ကပြောနေပေမဲ့ ဆီးရီးယားလိုအချုပ်အခြာအာဏာပိုင်နိုင်ငံအပေါ် စစ်ရေးအရဆောင်ရွက်ဖို့ဝန်မလေးဘူးဆိုတာ သက်သေပြနေတယ်လို့လည်း သူကဆိုခဲ့ပါတယ်။ လတ်တလောရရှိခဲ့တဲ့ ဂြိုတ်တုဓါတ်ပုံတွေအရ မြောက်ကိုရီးယားဟာ မြေအောက် Nuclear လက်နက်စမ်းသပ်မှုနောက်တခုကို အချိန်မရွေး လုပ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ တောင်ကိုရီးယားနိုင်ငံကို သွားရောက်တဲ့ အမေရိကန်ဒုသမ္မကတော့ တောင်ကိုရီးယားရဲ့ လွတ်လပ်ငြိမ်းချမ်းအတွက် အမေရိကန်က နောင်နှစ်ပေါင်းများစွာရပ်တည်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ Mike Pence ရဲ့ ၁၀ ရက်ကြာ အာရှခရီးစဉ်အတွင်း ဂျပန်၊ အင်ဒိုနီးရှားနဲ့ Australia နိုင်ငံတွေဆီကိုလည်း သွားရောက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG