သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G7 ရာသီဥတု ကြေညာချက် ကန်မပါဝင်


G- 7 စက်မှု ထိပ်သီးခေါင်းဆောင်များ။ ဓာတ်ပုံ - ရိုက်တာ။
G- 7 စက်မှု ထိပ်သီးခေါင်းဆောင်များ။ ဓာတ်ပုံ - ရိုက်တာ။

G-7 စက်မှုထိပ်သီး ၇ နိုင်ငံ ထိပ်သီးစည်းဝေးပွဲက ထုတ်ပြန်တဲ့ ကြေညာချက်မှာ အရင်က မလုပ်ဘူးတဲ့ လုပ်ရပ်တခုအနေနဲ့ အရေးကြီးတဲ့ ကိစ္စရပ်တခုအတွက် အမေရိကန် ပြည်ထောင်စုကို ချန်လှပ် ထားခဲ့ပါတယ်။ နောက်ဆုံး ထုတ်ပြန်တဲ့ ကြေညာချက်အရ အမေရိကန် ပြည်ထောင်စုက လွဲလို့ ဥတုရာသီ ပြောင်းလဲမှု လျော့ကျရေးအတွက် ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ဥတုရာသီ ပြောင်းလဲမှုနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေနဲ့ ပဲရစ် သဘောတူညီချက် တို့ကို အမေရိကန် ပြည်ထောင်စုက ပြန်လည် သုံးသပ်နေဆဲ ကာလ ဖြစ်တာကြောင့် အများ သဘောတူ ဆုံးဖြတ်ချက်ထဲမှာ ပါဝင်နိုင်တဲ့ အနေအထား မရှိသေးဘူးလို့ G-7 ထိပ်သီး ညီလာခံက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်ကို နားလည် သဘောပေါက် ထားတဲ့အတွက် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ UK နိုင်ငံတို့က အစိုးရ အကြီးအကဲတွေ အပါအဝင် ဥရောပ ကောင်စီ၊ ဥရောပ ကော်မရှင်တို့က ဥက္ကဋ္ဌတို့ အနေနဲ့ ပဲရစ် သဘောတူညီချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ကြဖို့ သံဓိဌာန်ပြုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် ယိုစိမ့်မှု လျှော့ချရေး လွန်ခဲ့တဲ့ ၂ နှစ်တုန်းက နိုင်ငံပေါင်း ၁၉၅ နိုင်ငံက ကိုယ်စားလှယ်တွေ အကြား ရရှိခဲ့တဲ့ သမိုင်းဝင် ပဲရစ် သဘောတူညီချက် ကနေ အမေရိကန် ပြည်ထောင်စု နုတ်ထွက်ရေး မထွက်ရေး အချိန်ယူ ဆုံးဖြတ်ဖို့ လိုနေသေးတယ်လို့ G-7 ထိပ်သီး ညီလာခံက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပဲရစ် သဘောတူညီချက် အတွက် အပြီးသတ် ဆုံးဖြတ်ချက်ကို ရှေ့သီတင်းပတ် အတွင်းမှာ ချမှတ်မယ်လို့ အီတလီနိုင်ငံ၊ Sicily ကျွန်းမှာ ကျင်းပတဲ့ G-7 ထိပ်သီးစည်းဝေးပွဲ ပြီးဆုံးခါနီး အလုပ်သဘော တွေ့ဆုံတဲ့ နေ့လည်စာ စားပွဲမှာ သူ့ရဲ့ ကိုယ်ပိုင် Twitter လူမှုကွန်ယက်က တဆင့် သမ္မတ Donald Trump က ကြေညာလိုက်ပါတယ်။

G7 ရာသီဥတု ကြေညာချက် ကန်မပါဝင်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG