သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံအပေါ်သစ္စာစောင့်သိဖို့ နိုင်ငံတော်တရားသူကြီးသစ် ကတိပြု


နိုင်ငံတော်တရားရုံးချုပ်တရားသူကြီးသစ်ဖြစ်လာတဲ့ Neil Gorsuch
နိုင်ငံတော်တရားရုံးချုပ်တရားသူကြီးသစ်ဖြစ်လာတဲ့ Neil Gorsuch

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတော်တရားရုံးချုပ်တရားသူကြီးသစ်ဖြစ်လာတဲ့ Neil Gorsuch က အမေရိကန်ဖွ့ဲစည်းပုံနဲ့ ဥပဒေတွေကို စောင့်ထိန်း ကာကွယ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ နိုင်ငံတော်တရားရုံးချုပ်မှာ ၁၄ လကြာလစ်လပ်နေတဲ့တရားသူကြီးနေရာအတွက် Conservative တရားသူကြီး Neil Gorsuch ကတနင်္လာနေ့က ကျမ်းသစ္စာကျိန်ဆိုပြီး တာဝန်ယူခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်တရားရုံးချုပ်မှာ အခုဆိုရင် Conservative တရားသူကြီး ၅ ယောက် Liberal တရားသူကြီး ၄ ယောက်ဖြစ်သွားပြီမို့ ကြားနာဆုံးဖြတ်မှုတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်ပါသလဲ မစုမြတ်မွန်က စုစည်းတင်ပြပါမယ်။

Colorado ပြည်နယ် ပြည်ထောင်စုအယူခံ တရားရုံးကတရားသူကြီး အသက် ၄၉ နှစ်အရွယ် Neil Gorsuch ဟာအမေရိကန်ပြည်ထောင်စု နိုင်ငံတော်တရားရုံးချုပ်ရဲ့ ၁၁၃ ယောက်မြောက် တရားသူကြီးဖြစ်လာခဲ့ပါပြီ။ အမေရိကန်အထက်လွှတ်တော်မှာ ပြီးခဲ့တဲ့ သောကြာနေ့က မဲအများစုနဲ့ အတည်ပြုချက်ရပြီးတဲ့နောက် April လ ၁၀ ရက် တနင်္လာနေ့က နိုင်ငံတော်တရားရုံးချုပ်တရားသူကြီးအဖြစ် Neil Gorsuch ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

မိသားစုဝင်တွေနဲ့ သီးသန့်ကျမ်းကျိန်ပွဲကို တရားရုံးချုပ်မှာ မနက်အစောပိုင်းကလုပ်ခဲ့ပြီး အများပြည်သူရှေ့မှောက်ပြုလုပ်တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကိုတော့ အိမ်ဖြူတော် နှင်းဆီခြံမျက်ခင်းပြင်မှာ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။ အမေရိကန်နိုင်ငံရေးမှာ Republican တွေရဲ့ကြီးမားတဲ့အောင်နိုင်မှုတခုလို့ မြင်နိုင်တဲ့ နိုင်ငံတော်တရားရုံးချုပ်တရားသူကြီးခန့်အပ်ပွဲမှာ သမ္မတ Donald Trump က သူ့သမ္မတသက်တမ်းရက် ၁၀၀ အတွင်းမှာ ခုလိုခန့်အပ်နိုင်မှုအတွက် ဂုဏ်ယူကြောင်းပြောကြားခဲ့ပါတယ်။ ပြည်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သွားဖို့လည်း သမ္မတ Trump ကတိုက်တွန်းပါတယ်။

“တရားသူကြီး Gorsuch အနေနဲ့ အမေရိကန်ပြည်ထောင်စု ဖဲ့ွစည်းပုံကို ကာကွယ်စောင့်ရှောက်ရမယ့် ကြီးမြတ်တဲ့တာဝန်ကို ယုံကြည်စွာ ပေးအပ်ခံခဲ့ရပါပြီ။ အမျှော်အမြင်ရှိပြီး ဘက်မလိုက် မျှတတဲ့တရားသူကြီးတယောက်ဖြစ်ဖို့၊ ဥပဒေတွေအထက်ကမဟုတ်ဘဲ ဥပဒေတွေနဲ့အညီ တာဝန်ထမ်းဆောင်ဖို့၊ အမေရိကန်ပြည်သူတွေကိုယ်တိုင် သူတို့နဲ့ဆိုင်တဲ့ ကိစ္စတွေမှာ သူတို့ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိအောင် ကာကွယ်ပေးဖို့၊ အမေရိကန်တနိုင်ငံလုံးက မျှော်လင့်ထားပါတယ်။”

နိုင်ငံရဲ့ ၁၀၉ ယောက်မြောက် နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးဖြစ်လာတဲ့ Mr. Gorsuch ကလည်း အမေရိကန်ဖွဲ့စည်းပုံနဲ့ ဥပဒေတွေကို စောင့်ထိန်းကာကွယ်သွားဖို့ ကတိပြုခဲ့ပါတယ်။

“ကျွန်တော့်အပေါ်ပေးအပ်လိုက်တဲ့ တာဝန်ဟာ ဘယ်လောက်ကြီးမားတယ်။ ဒီတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ဖို့ မျှော်လင့်ချက်တွေ ဘယ်လောက်မြင့်မားတယ်ဆိုတာကို ကျွန်တော်ဘယ်တော့မှ မေ့ထားမှာမဟုတ်ပါဘူး။ ဒီနိုင်ငံရဲ့ ဖဲ့ွစည်းပုံနဲ့ ဥပဒေတွေကို အတတ်နိုင်ဆုံး သစ္စာရှိစွာ စောင့်ထိန်းကာကွယ်သွားမယ်လို့ သစ္စာပြုပါတယ်။”

အိမ်ဖြူတော်နှင်းဆီခြံမျက်ခင်းပြင်က ကျမ်းကျိန်ပွဲမှာ သူ့ကိုသစ္စာတိုင်ပေးခဲ့သူကတော့ နိုင်ငံတော်တရားရုံးချုပ်တရားသူကြီးတယောက်ဖြစ်တဲ့ Anthony Kennedy ဖြစ်ပါတယ်။ Mr. Gorsuch ရှေ့နေ့ဖြစ်ခါစတုန်းက Mr. Kennedy ဆီမှာ စာရေးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ အခုတော့ သူတို့ ၂ ယောက်နိုင်ငံတော်တရားရုံးချုပ်မှာ တရားသူကြီးတွေအဖြစ် အတူတာဝန်ထမ်းဆောင်ကြရတော့မှာဖြစ်ပါတယ်။ တရားရုံးချုပ်မှာ အမှုတွေကို အပြန်အလှန်ကြားနာတဲ့ကာလ ရှေ့သီတင်းပတ်မှာ စတင်တော့မှာဖြစ်ပါတယ်။

နိုင်ငံတော်တရားရုံးချုပ်က အဆုံးအဖြတ်ပေးရမယ့်ကိစ္စတွေထဲမှာ၊ ကိုယ့်ရဲ့ အိမ်ရှေ့မှာ လက်နက်ကိုင်ဆောင်ခွင့်ပြုခွင့်ကို အမေရိကန်ဖွဲ့စည်းပုံ ဒုတိယပြင်ဆင်ချက်ထဲမှာ ထည့်သင့်မသင့်ကိစ္စ၊ လိင်တူစုံတွဲတွေရဲ့ မင်္ဂလာပွဲတွေမှာ ဝန်ဆောင်မှုပေးဖို့ စီးပွားရေးလုပ်ငန်းတွေက ငြင်းပိုင်ခွင့်ရှိမရှိ စတဲ့ကိစ္စတွေပါဝင်ပါတယ်။

Conservative တရားသူကြီး ၅ ယောက် Liberal တရားသူကြီး ၄ ယောက်ပါတဲ့ နိုင်ငံတော်တရားရုံးချုပ်မှာ Conservative တွေဘက်ကတမဲသာသွားပြီမို့ အရင်က ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့ အမှုတွေကိုလည်း ပြန်လည်ကြားနာဆုံးဖြတ်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တချို့ကပြောပါတယ်။ ရာသက်ပန် တရားသူကြီး ၉ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံတော်တရာရုံးချုပ်မှာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က Conservative တရားသူကြီး Antonin Scalia ကွယ်လွန်သွားပြီးထဲက အခုမှ သူ့နေရာကို တရားသူကြီး Neil Gorsuch နဲ့အစားထိုးခန့်အပ်နိုင်တာဖြစ်ပါတယ်။

သမ္မတဟောင်း Barack Obama လက်ထက်ကအဆိုပြုခဲ့တဲ့ Liberal တရားသူကြီးကို Republican အများစုလွှမ်းမိုးထားတဲ့ လွှတ်တော်မှာ ခန့်အပ်သင့် မသင့်ဆွေးနွေးတဲ့အဆင့်တောင် မရောက်ခဲ့ပါဘူး။ Mr. Gorsuch ကို အထက်လွှတ်တော်မှာ မဲခွဲအတည်ပြုနိုင်ရေးအတွက်ကိုလည်း Republican အများစုလွှမ်းမိုးထားတဲ့ အထက်လွှတ်တော်မှာ မဲခွဲတဲ့စည်းကမ်းကို ပြင်ဆင်ခဲ့ရတာပါ။ ပုံမှန်အားဖြင့် နိုင်ငံတော်တရားရုံးချုပ်တရားသူကြီးအဖြစ် အတည်ပြုနိုင်ဖို့ ထောက်ခံမဲ ၆၀ လိုအပ်တာပါ။ ဒါပေမဲ့ Democrat အထက်လွှတ်တော်အမတ်အားလုံးက ကန့်ကွက်ခဲ့တာကြောင့် မဲ ၆၀ မရနိုင်တဲ့အတွက် မဲအများအသာရရင် အတည်ပြုနိုင်တယ်လို့ စည်းကမ်းကို ပြင်ခဲ့တာဖြစ်ပါတယ်။

အခုတော့ Conservative တရားသူကြီးတယောက်ကို ခန့်အပ်နိုင်ပြီဖြစ်လို့ သမ္မတ Trump ကတော့သူ့ရဲ့ နိုင်ငံရေးအောင်မြင်မှုကြီး တခုအဖြစ်ဂုဏ်ယူပြောဆိုနေပါတယ်။ ဒါပေမဲ့ ဥပဒေအထက်မှာ သမ္မတအပါအဝင် ဘယ်သူမှ မရှိစေရဘူးလို့ လွှတ်တော်ကြားနာပွဲတွေမှာ Mr. Gorsuch က ပြောကြားထားတာကြောင့် သူ့ရဲ့တရားရုံးအဆုံးအဖြတ်တွေက နိုင်ငံရေးအမြင်လွှမ်းမိုးမှု ဘယ်လောက်ရှိသလဲဆိုတာ စောင့်ကြည့်ရမယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG