သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Trudeau နှစ်နိုင်ငံအရေး ဆွေးနွေး


အမေရိကန်သမ္မတ Donald Trump နဲ့ ကနေဒါဝန်ကြီးချုပ် Justin Trudeau တို့ ဝါရှင်တန်မြို့တော်မှာ တနင်္လာနေ့က တွေ့ဆုံခဲ့ကြပြီး ၂ နိုင်ငံကြား ကုန်သွယ်ရေး တိုးမြှင့်ဖို့ သဘောတူခဲ့ကြပါတယ်။

ဒါပေမဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒနဲ့ပတ်သက်လို့ အိမ်နီးချင်းခေါင်းဆောင် ၂ ယောက်ကြား သိသိသာသာ ကွဲပြားနေဆဲဖြစ်ပါတယ်။ ဆွေးနွေးပွဲအပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ သမ္မတ Trump က တရားဝင်နေထိုင်ခွင့် မရှိဘဲ အမေရိကန်ထဲမှာ နေထိုင်နေသူတွေကို ဖမ်းဆီးနေရပ်ပြန်ပို့နေတဲ့ ဆောင်ရွက်မှုတွေကို ချီးကျူးပြောခဲ့ပါတယ်။ ဝန်ကြီးချုပ် Trudeau ကတော့ ကနေဒါကလက်ခံထားတဲ့ ဆီးရီးယားဒုက္ခသည်တွေရဲ့ အောင်မြင်မှုကို ချီးကျူးပြောသွားခဲ့ပါတယ်။

ဆီးရီးယားဒုက္ခသည် ၄ သောင်းလောက်ကို လက်ခံထားတဲ့ ကနေဒါနဲ့ထိစပ်နေတဲ့ အမေရိကန်မြောက်ပိုင်း နယ်စပ်ကို လုံခြုံစိတ်ချရတယ်လို့ ပြောနိုင်လားလို့ မေးရာမှာ သမ္မတ Trump က ဘယ်တော့မှ အပြည့်အဝ စိတ်ချရမှာ မဟုတ်ဘူးလို့ ဖြေခဲ့ပါတယ်။ သမ္မတ Trump တက်လာခဲ့ပြီးနောက် ကနေဒါဝန်ကြီးချုပ်နဲ့ ပထမဆုံးအကြိမ်တေ့ွဆုံတာဖြစ်ပါတယ်။ အမေရိကန်နဲ့ ကနေဒါကြား ရှိနေတဲ့ကုန်သွယ်ရေး သဘောတူညီချက်တွေကို ပိုပြီးကောင်းမွန်အောင်လုပ်သွားမယ်လို့ သမ္မတ Trump ကပြောပါတယ်။

ကနေဒါရဲ့ ထုတ်ကုန် ၇၅% ဟာအမေရိကန်ကို တင်ပို့နေရတာဖြစ်တဲ့အတွက် ကနေဒါရဲ့ စီးပွားရေးအလားအလာဟာ အမေရိကန်အပေါ်မှာ အကြီးအကျယ် အားထားနေရတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် Trudeau ကလည်းပြောပါတယ်။

အဓိကကုန်သွယ်ဖက်တွေဖြစ်တဲ့ အမေရိကန်နဲ့ ကနေဒါ ၂ နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတန်ဖိုးက တနေ့ကို ဒေါ်လာ ၂ ဘီလျံတန်ဖိုးရှိနေတယ်လို့ဆိုပါတယ်။ အမေရိကန်နဲ့ ကနေဒါက အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေကို မြှင့်တင်အားပေးသွားမဲ့ အစီအစဉ်သစ်အကြောင်းလည်း ခေါင်းဆောင် ၂ ယောက်က ကြေညာခဲ့ပါတယ်။

၁ ရက်ကြာ အမေရိကန်ခရီးစဉ်အတွင်း ဝန်ကြီးချုပ် Trudeau ဟာ အောင်လွှတ်တော်ဥက္ကဋ္ဌ Paul Ryan နဲ့ အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် Theresa May ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ပြီးရင် ကနေဒါဝန်ကြီးချုပ် Justin Trudeau ဟာ သမ္မတ Trump နဲ့တတိယမြောက် တေ့ွဆုံတဲ့ နိုင်ငံခြားခေါင်းဆောင်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG