သုံးရလွယ်ကူစေသည့် Link များ

USDP ပါတီညီလာခံ နေပြည်တော်မှာ ကျင်းပ


USDP ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် (ဓါတ်ပုံ-USDP ပြည်ခိုင်ဖြိုးပါတီ)

ကမ္ဘာ့ ဒီမိုကရေစီနိုင်ငံတွေမှာ အမြဲတမ်း အနိုင်ရနေတဲ့ ပါတီဆိုတာမရှိသလို၊ အမြဲ ရှုံးနေတဲ့ပါတီဆိုတာလဲ မရှိကြောင်း USDP ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် က နေပြည်တော်မှာ မနေ့ကပြုလုပ်တဲ့ ပြည်ခိုင်ဖြိုး ပါတီ ဒုတိယအကြိမ်ညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

ပြည်ခိုင်ဖြိုးပါတီ အနေနဲု့ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်သူ့အရေး စီမံခန့်ခွဲမှုတွေမှာ ကျွမ်းကျင်အောင် လေ့လာထားရမှာဖြစ်ပြီး အချိန်ရောက်လို့ ပြည်သူက ရွေးချယ် တာဝန်ပေးလာတဲ့အခါ အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားဖို့လိုကြောင်း ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ကပြော ဆိုခဲ့သလို၊ ပါတီဝင် တွေအနေနဲ့ ဘာပဲလုပ်လုပ် ပြည်သူကို မျက်နှာမူ၊ ပြည်သူကို ဗဟိုပြုပြီး ပြည်သူ့အရေးကို ဦးစားပေးကြဖို့ကိုလဲ သူက တိုက်တွန်း ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေနဲ့ အနိုင်ရခဲ့တယ် ဆိုပြီး အဝေဖန်ခံရတဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ NLD ပါတီကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ကန့်ဂေါမြို့နယ် က ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ဦးလှဆွေက ခုလိုသုံးသပ် ပါတယ်။

“အဓိကတော့ ကျနော်တို့ ပါတီက မူဝါဒတွေက ကောင်းပြီးသားခင်ဗျ။ အဓိကတော့ လူပါပဲ အခု အဲဒီလူတွေကို သူတို့ ပြန်လည်ပြုပြင်ပြောင်း လဲရေးတွေ လုပ်နေတယ် ခင်ဗျ။ အရင် လူဟောင်းတွေ တော်တော်လေးကို ၇၀ ရာခိုင်နှုန်းလောက် မပါတော့ ဘူး။ အဲဒီလိုတွေ့ရပါတယ်။ နောက်တချက်ရှိတာက ဒီမိုကရေစီနိုင်ငံလို့ပြော တယ်လေ သမ္မတကြီးပြောတာ။ ဒီမိုကရေစီနိုင်ငံတွေမှာ ဒီအတိုင်းပဲဖြစ်တယ်။

ဒါပေမယ့် တချို့လူတွေက ပြည်ခိုင်ဖြိုးပါတီ ဟာ အရင်တုန်းက တစည လိုပဲ နလန် ထူနိုင်မှာ မဟုတ်တော့ဘူးလို့ပြော တာတွေရှိတယ်။ ဒါကိုကျနော့်အနေနဲ့ ပြန် ပြီးတော့ သုံးသပ်ပြရမယ်ဆိုရင် တစည ကြီး တိမ်မြှပ်သွားတဲ့ ခေတ်က အရင် တပ်မတော် အစိုးရလက်ထက်ဗျ။ တပ်မတော်အစိုးရ လက်ထက်မှာ ဘယ်ပါတီမှ မရှင်သန်နိုင်ဘူး ဖုတ်လိုက်ဖုတ်လိုက်ပဲ NLD ကအစပေါ့နော်။ အဲဒီလိုမျိုး ဖုတ်လိုက် ဖုတ်လိုက်ကနေမှ တဖြည်းဖြည်းနဲ့ ရှင်သန်လာနိုင်တဲ့ သဘောပဲ အခုဟာက ကျနော် တို့က ပါတီစုံ ဒီမိုကရေစီခေတ်ဗျ။ ပါတီစုံ ဒီမိုကရေစီခေတ်ဆိုတော့ ပါတီအားလုံး ကိုယ့်ဟာကို ရပ်တည်ပြီး ရှင်သန်နိုင်တဲ့ အနေအထားရှိတယ်။

မိတ်ဖက်ပါတီများ ဆိုပြီးတော့ ဖိတ်တယ်ခင်ဗျ။ ဖိတ်တဲ့အထဲမှာ အခြားပါတီတွေကို ဖိတ်တယ် အဲဒါအထဲမှာ ပါတီ အတော်တော်များများက ပါတီဥက္ကဋ္ဌတွေ လာတက် တာတွေ့တယ် ။ ဒါပေမယ့် ကျနော်တို့ ဖိတ်တဲ့အထဲမှာ NLD မပါဘူးခင်ဗျ။ အဲဒါကို ကြည့်ခြင်းအားဖြင့် ကျနော်က မိတ်ဖက်ပါတီလို့ သဘောမထားဘူး။ ဒီပါတီက ပြိုင်ဘက် ပါတီလို့ပဲ သဘောထားတယ်။ အဲဒါကြောင့်မို့လို့ မဖိတ်တာလို့ ယူဆတယ်။ ကြံခိုင်ရေးပါတီဟာ အစတုန်းကပြောကြတယ်လေ ကြံခိုင်ရေးပါတီဟာ အတိုက်အခံ မလုပ်ဘူးနဲ့ပြောနေတာ ကနေ အခု အတိုက်အခံ လမ်းကြောင်းကို သွားမယ်ဆိုတဲ့ အနေအထားကို ဦးသိန်းစိန်ကပြော တယ်လို့ ကျနော်က ဒီလိုသုံးသပ် တယ်ခင်ဗျ။”

2016 USDP party summit in Nay Pyidaw
2016 USDP party summit in Nay Pyidaw

ပြည်ခိုင်ဖြိုးပါတီ ဒုတိယအကြိမ်ညီလာခံကို သြဂုတ် ၂၁ ရက်ကနေ ၂၅ရက်နေ့ထိ ငါးရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး တိုင်းနဲ့ပြည်နယ်က ပါတီ ခေါင်းဆောင်တွေ အပါအဝင် တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ၊ တအာင်း-ပလောင်အမျိုးသား ပါတီ၊ 'ဝ'ဒီမိုကရက်တစ်ပါတီ၊ NDF ပါတီ၊ အမျိုးသားဒီမိုကရေစီသစ်ပါတီ စတဲ့ အခြား မိတ်ဖက်ပါတီ ကိုယ်စားလှယ် စုစုပေါင်း ၉၈၀ ကျော် တက်ရောက်ခဲ့ ပါတယ်။ ပြည်ခိုင်ဖြိုးပါတီကို အရင်စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်မှာ ပြည်ခိုင်ဖြိုး လူမှုရေးအသင်း အဖြစ် စစ်ခေါင်းဆောင်တွေနဲ့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ၂၀၁၀ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲ မတိုင်ခင် ၂၀၁၀ ဇွန်လထဲမှာမှ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG