သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် USIP သုံးသပ်


မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘာတွေပြု ပြင်သင့်သလဲ ဆိုတာနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတွေရဲ့ ဆွေးနွေးပွဲ။ (နိုဝင်ဘာ ၄၊ ၂၀၁၆)
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘာတွေပြု ပြင်သင့်သလဲ ဆိုတာနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတွေရဲ့ ဆွေးနွေးပွဲ။ (နိုဝင်ဘာ ၄၊ ၂၀၁၆)

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘာတွေပြု ပြင်သင့်သလဲဆိုတာနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတွေရဲ့ ဆွေးနွေးပွဲကို မနေ့ သောကြာနေ့က ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။ ငြိမ်းချမ်းရေးမှာ အဓိကကျနေတဲ့ မြန်မာ့တပ်မတော်ရဲ့ သဘောထားကို ထောက်ပြဆွေးနွေး ခဲ့ကြသလို နိုင်ငံတည်ဆောက်ရေးမှာ NLD အစိုးရနဲ့ တပ်မတော်ကြား ပူးပေါင်းဆောင်ရွက်နေရတဲ့အခြေအနေကို နိုင်ငံတကာအနေနဲ့ နားလည်ပေးဖို့ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီးက တုန့်ပြန်ပြောဆိုသွားပါတယ်။ ကိုယ်တိုင် သတင်းသွားရောက်ယူခဲ့တဲ့ မအင်ကြင်းနိုင်က အသေးစိတ်ကို ဆက်ပြီးပြောပြမှာပါ။

ငြိမ်းချမ်းရေးဖေါ်ဆောင်ရာမှာ မြန်မာနိုင်ငံ တွေ့ ကြုံနေရတဲ့ အခက်အခဲများ ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့အရေးကျွမ်းကျင်သူတွေက ဆွေးနွေးခဲ့ကြတာပါ။ ၂၀၁၀ပြည့်နှစ်ကနေ လက်ရှိအချိန်ထိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ Vijay Nambiar က မြန်မာငြိမ်းချမ်းရေးဖေါ်ဆောင်မှုမှာ သူကိုယ်တိုင်ပါဝင်နေတဲ့ အတွေ့အကြုံကို အခြေခံပြီး ဦးဆောင်ဆွေးနွေးသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ အရင်သမ္မတ ဦးသိန်းစိန်တုန်းကလို တဖက်သတ် အပစ်အခတ်ရပ်စဲရေးကြေညာဖို့ အလားအလာရှိမရှိ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက Mr. Nambiar ကို အခုလိုမေးခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ “ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ ဦးဆောင်တဲ့ NLD အစိုးရဟာ တပ်မတော်နဲ့ ဆက်ဆံရေး အတိမ်းအစောင်း မရှိအောင် သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်နေတယ်ဆိုတာ အားလုံး သိပါတယ်။ အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ကိစ္စမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်လေ့လာမိသလောက် ယခင် ဦးသိန်းစိန် အစိုးရ နဲ့ သိပ်မကွဲပါဘူး။ ဦးသိန်းစိန်တုန်းကလည်း သူပြောသမျှကို စစ်တပ်က နားထောင်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့လက်ထက်က အဓိက ညှိနှိုင်းရေးမှူး ဦးအောင်မင်းဟာ တိုင်းရင်းသားတွေနဲ့ စစ်တပ်အကြား ခေါက်တုန့်ခေါက်ပြန် သွားလာနေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ကချင်မှာ တိုက်ပွဲတွေပြန်ဖြစ်တော့ ဒီဇင်ဘာလမှာ သမ္မတ ဦးသိန်းစိန်က တဖက်သတ် အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့ပါတယ်။ စစ်တပ် ဒါကို မလိုက်နာပေမဲ့ ယုံကြည်မှု တည်ဆောက်ရေး အတွက် ကြေညာခဲ့တာပါ။ အခုလက်ရှိ NLD အစိုးရအနေနဲ့ ဒီလို ယုံကြည်ရေး တည်ဆောက်မှုလုပ်ငန်းမျိုး မတွေ့ရပါဘူး။ ဒီအပေါ်မှာ မစ္စတာ ဗီဂျေးနမ်ဘီယားရဲ့ သဘောထား သိချင်ပါတယ်။”

Mr.Vijay Nambiar ။။ “ဒါကိုဝေဖန်ရာမှာ ကျနော် နည်းနည်းတွန့်ဆုတ်မိပါတယ်။ တကယ်တော့ အရင်အစိုးရဟာ စစ်တပ်အစိုးရပါ။ သမ္မတဟာလည်း စစ်တပ်မှာ အစဉ်အလာရှိခဲ့ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်သည်ပင်လျှင် သူထက် ဂျူနီယာကြပါတယ်။ အခုအခါမှာတော့ အရပ်သားအစိုးရနဲ့ စစ်တပ်ဖြစ်နေတဲ့ အတွက် အခြေအနေက လုံးဝကွာခြားပါတယ်။

အရပ်သားအစိုးရက စစ်တပ်ရဲ့အာဏာကို လျော့နည်းစေလိုတဲ့ ကိစ္စမှာ ပြဿနာရှိနေတာ တွေ့ရပါလိမ့်မယ်။ ဦးထင်ကျော်နဲ့ ဒေါ်စုတို့က တဘက်၊ စစ်တပ်က တဘက် ဟိုတုန်းကလို ဆက်ဆံရေးမျိုး အခု မဖြစ်ထွန်းသေးပါဘူး။ တဖြည်းဖြည်းတော့ စတင်လာနေပြီထင်ပါတယ်။

လက်ရှိကချင်အခြေအနေနဲ့ ပတ်သက်ပြီး တဖက်သတ် အပစ်အခတ် ရပ်စဲရေး ကြေညာဖို့ဆိုတာတော့ လုံးဝလက်တွေ့မကျဘူးထင်ပါတယ်။ စစ်တပ်က လက်ခံမှာ မဟုတ်ပါဘူး။ လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်စွမ်းအပေါ် စစ်တပ်က စိတ်ချယုံကြည်မှုမရှိသေးဘူးလို့ ကျနော်ထင်ပါတယ်။ တကယ်တော့ အပစ်အခတ်ရပ်စဲရေးကို ကာကွယ်ရေးဦးစီးချုပ်က ကြေညာရမှာပါ။ သမ္မတ အမိန့်တောင်မလိုပါဘူး။ ဒီလိုကြေညာခဲ့ရင် သူရဲ့ဂုဏ်သိက္ခာတက်လာပြီး အရပ်သားအစိုးရနဲ့ ဆက်ဆံရေးလည်း ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။ ဒါကို ကာချုပ်သဘောပေါက်အောင် ကုလသမဂ္ဂနဲ့တကွ ကျနော်တို့ အားလုံးကြိုးပမ်းရမှာဖြစ်ပါတယ်။”

ဒါအပြင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာNLD အစိုးရက အချိန်သတ်မှတ်ပြီး သက်ဆိုင်သူအားလုံး ကို တွန်းအားပေးနေတဲ့ နည်းလမ်းမှာ အလျော့အတင်းရှိဖို့ လိုအပ်ကြောင်းလည်း Mr. Nambiar ကပြောသွားပါတယ်။

Mr. Vijay Nambiar ။။ “ပါဝင်ပတ်သက်သူတချို့က နောက်ဆုတ်ချင်နေတဲ့အချိန်မှာ ဒီလို တွန်းအားပေးတာကောင်းပါတယ်။ ဒီနေရာမှာ လုပ်နည်းကိုင်နည်းက အရေးကြီးတယ်လို့ထင်ပါတယ်။ မလုပ်သင့်ဘူးလိုဘယ်သူမှ ပြောလိမ့်မယ် မထင်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ ယုံကြည်လာအောင် လုပ်ဆောင်မှု၊ အလွတ်သဘောပြောဆိုမှုတွေဟာ သိပ်ကို အရေးကြီးပါတယ်။ အခုထက်ထိတော့ စစ်တပ်နဲ့ ဒီလိုဆက်ဆံရေးမျိူးမတွေ့ရသေးပါဘူး။ ဒီလို ပုဂ္ဂိုလ်မျိုး ထိတွေ့ဆက်ဆံမှုမျိုးကို ဦးအောင်မင်းက တိုင်းရင်းသားတချို့နဲ့လုပ်ခဲ့ပါတယ်။ အခုပိုလုပ်သင့်တယ်လို့ထင်ပါတယ်။

မြောက်အိုင်ယာလန်ငြိမ်းချမ်းရေးဆွေးနွေးပွဲတုန်းက Jonathan Powell က ဒါမျိုးလုပ်ခဲ့တာမျိုး လုပ်နိုင်ရင်ကောင်းပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့တော့ အခြေအနေခြင်းသိပ်မတူပါဘူး။ မြန်မာပြဿနာက ပိုမိုရှုပ်ထွေးပါတယ်။ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေကလည်း အများကြီးပါ။ မြန်မာနိုင်ငံ မှာ စေ့စပ်ညှိနှိုင်းမှုပုံစံကလည်း နဲနဲကွဲမယ်လို့ထင်ပါတယ်။ အချိန်သတ်မှတ်ပြီး တွန်းအားပေးတာတော့ကောင်းပါတယ်။ အလျော့အတင်းနည်းနည်းလုပ်နိုင်ရင် ပိုကောင်းမယ်ထင်ပါတယ်။”

နောက်ထပ် အဓိကဆွေးနွေးသူတဦးဖြစ်တဲ့ USIP မြန်မာနိုင်ငံဆိုင်ရာ ညွန်ကြားရေး မှူး Vanessa Johanson ကတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ချပြခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံ (၇)ချက်ဟာ အပြုသဘောဆောင်ပေမဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ သဘောတူညီမှုမရ သေးပဲ တဖက်သက် ကြေညာတဲ့ အနေအထားမှာရှိနေပြီး အဓိကဆွေးနွေးဖို့ လိုအပ်နေတဲ့ လုံခြုံရေးဆိုင်ရာကိစ္စ ပါဝင်မှုမရှိတဲ့အချက်ကို အခုလိုဝေဖန် ထောက်ပြသွားပါတယ်။

Vanessa Johanson။ ။ “အဓိက လုံခြုံရေးနဲ့ပတ်သက်လို့ ပြုပြင်ပြောင်းလဲမှု ကို ဖေါ်ပြထားခြင်း မရှိပါဘူး။ ဒီလို ထည့်သွင်း ဖေါ်ပြခြင်းမရှိတာဟာ သိပ်ကို စိတ်ဝင်စားစရာကောင်း တယ်လို့ ကျမထင်ပါတယ်။ ဘာကြောင့်မထည့်ထားလဲ ဆိုတာကို ကျမတို့မသိပါဘူး။ အတော်များများက ဒါကိုသိချင်နေကြပါတယ်။ ဒီမေးခွန်းက အခြေခံကျတဲ့ မေးခွန်းဖြစ်ပြီး ဆွေးနွေးဖို့ လိုအပ်ပါတယ်။”

မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၆၀)ကျော်ကြာမြင့်နေတဲ့ ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းရေးရဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှုတွေ ကို မြန်မာပြည်သူတွေ သာမက နိုင်ငံတကာကပါ စောင့်ကြည့်နေတဲ့အတွက် NLD အစိုးရက ဘယ်လိုဆောင်ရွက်နေသလဲဆိုတာ နိုင်ငံတကာသိအောင်ပြောပြဖို့ အရေးပါကြောင်း ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အမေရိကန်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်လင်းက ပြောပါတယ်။

ဒါအပြင် အရပ်သားအစိုးရအနေနဲ့ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်နေရတဲ့ အခြေအနေကို နိုင်ငံတကာက နားလည်ဖို့ လိုအပ်ကြောင်း သံအမတ်ကြီးက ဗွီအိုအေကို အခုလိုပြောပါတယ်။

" တပ်မတော်ဟာဆိုရင် လွတ်လပ်ရေး စတင်ရခဲ့တဲ့အချိန်ကစပြီးတော့ ကျေျနာ်တို့နိုင်ငံမှာ အင်မတန်မှကို အရေးကြီးတဲ့ ကျနော်တို့ရဲ့ အင်အား အဖွဲ့အစည်းတခုဖြစ်ပါတယ်။ ကျနော်တို့ အခုလက်ရှိ တာဝန်ယူထားတဲ့ အစိုးရဟာဆိုရင်လည်း တပ်မတော်နဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်လျက် ရှိတဲ့နေရာမှာ နိုင်ငံတကာကလည်း နားလည်ပေးဖို့ နိုင်ငံတော်၊ တပ်မတော်အပိုင်း ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့အခန်းကဏ္ဍကိုလည်း ကျနော်တို့အနေနဲ့ တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။"

USIP မှာကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း လည်းဖြစ်၊ လက်ရှိ USIP ရဲ့အကြီးအကဲတဦးလည်းဖြစ်တဲ့ Derek Mitchell က အခမ်းအနားမှုး အဖြစ်ဆောင်ရွက်ခဲ့ ပါတယ်။ ဒါအပြင် HRW နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ တာဝန်ခံတဦးဖြစ်သူ David Mathieson ကလည်း မြန်မာနိုင်ငံကနေ အင်တာနက် Skype ကတဆင့် ပါဝင်ဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG