သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ ကန်အထူးအလေးထား


အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် John Kirby
အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် John Kirby

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ နယ်ခြားစောင့် ကင်းစခန်းတွေ အောက်တိုဘာလ ၉ ရက်နေ့က တိုက်ခိုက်ခံရပြီးတဲ့နောက် အစိုးရ တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်တဲ့နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ - မြန်မာအစိုးရအနေနဲ့ ပွင့်လင်းမြင်သာစွာနဲ့ လူ့အခွင့်အရေးကို လေးစား လိုက်နာပြီး တရားဥပဒေ စိုးမိုးရေး ကိစ္စတွေကို လုပ်ဆောင်ဖို့ တိုက်တွန်းကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် John Kirby က တနင်္လာနေ့မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ မကြာသေးမီက သတင်းတချို့ ထွက်ပေါ်ခဲ့ပြီး ဒါတွေနဲ့ ပတ်သက်လို့ ကျနေ်ာတို့အနေနဲ့ သိပ်ကို စိုးရိမ်မကင်း ဖြစ်ပါတယ်။ ဒါကြောင့် လုံခြုံရေး အရာရှိတွေ တိုက်ခိုက်ခံရမှုတွေကို တုန့်ပြန်ရာမှာနဲ့ နောက်ပိုင်းထွက်ပေါ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ထင်သာ မြင်သာရှိပြီး တရားဥပဒေအရ လုပ်ဆောင်ဖို့၊ မြန်မာနိုင်ငံသား အားလုံးတို့ရဲ့ လူ့ခွင့်အရေးကို လေးလစား လိုက်နာဖို့တို့ကို ကျနော်တို့ တိုက်တွန်းပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်း တချို့ဒေသတွေမှာ လူသားချင်း စာနာမှု အထောက်အကူတွေ ပြန်လည် ပေးနိုင်ဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ဒါ့အပြင် လူသားချင်း စာနာမှု အထောက်အကူတွေ လိုအပ်နေတဲ့ နေရာအားလုံးကိုလည်း အစိုးရကပေးဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။”

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ - မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂရဲ့ အကူအညီနဲ့ နိုင်ငံတကာ လေ့လာသူတွေ ရခိုင်ပြည်နယ်အတွင်း သွားရောက် လေ့လာခွင့် ပြုသင့်ကြောင်း HRW လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့က အောက်တိုဘာလ ၃၁ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

HRW က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ - မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ ကြက်ရိုးပြင်၊ ပြောင်ပစ်၊ ဝါးပိတ် စတဲ့ ရွာ ၃ ရွာမှာ အောက်တိုဘာလ ၂၂ ရက်နေ့က မီးလောင်နေတဲ့ ဂြိုလ်တုပုံတွေနဲ့တကွ ဖော်ပြထားတာ ဖြစ်ပါတယ်။

အဲဒီလို တောင်းဆိုမှုတွေနဲ့ပတ်သက်လို့ နိုဝင်ဘာလ ၂ ရက်နေ့မှာ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Dessallien ဦးဆောင်တဲ့ ၁၀ ဦးပါ နိုင်ငံတကာ သံတမန်အဖွဲ့တခု ရခိုင်ပြည်နယ်ကို သွားရောက် လေ့လာနိုင်ဖို့အတွက် ပြင်ဆင်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးသက်ဆွေက ဗွီအိုအေကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက အဖြစ်အပျက်တွေကို မျက်မြင် သိရှိနိုင်ရေး သွားရောက်မယ့် နိုင်ငံတကာ သံတမန်အဖွဲ့ရဲ့ အဲဒီ ခရီးစဉ်မှာ မြန်မာအစိုးရဖက်က နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင့်တို့ လိုက်ပါသွားမယ်လို့ ညွှန်ကြားရေးမှူး ဦးသက်ဆွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG