သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလစစ်ဆေးရေးအဖွဲ့ ရခိုင်မောင်တော သွားရောက်စုံစမ်း နိုင်မည်


ရခိုင်ပြည်နယ် မောင်တောဒေသက မီးလောင် ပျက်ဆီးသွားတဲ့ ကျေးရွာ။ (အောက်တိုဘာ ၂၇၊ ၂၀၁၆)
ရခိုင်ပြည်နယ် မောင်တောဒေသက မီးလောင် ပျက်ဆီးသွားတဲ့ ကျေးရွာ။ (အောက်တိုဘာ ၂၇၊ ၂၀၁၆)

ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး နယ်မြေရှင်းလင်းစဉ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေချိန်မှာပဲ ကုလသမဂ္ဂနဲ့ နိုင်ငံတကာသံတမန်တွေ ပဋိပက္ခဖြစ်ပွားရာ ဒေသတွင်းကို ဒီသီတင်းပတ်ထဲ သွားရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မောင်တောဒေသ တိုက်ခိုက်မှုနောက်ပိုင်း စစ်ဆင်ရေးတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတဲ့အကြောင်း ဂြိုဟ်တုဓာတ်ပုံတွေနဲ့တကွ ထပ်မံသတင်းထုတ်ပြန်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှ လုံခြုံရေးတပ်ဖွဲ့တွေကနယ်မြေရှင်းလင်းရာမှာအရပ်သားတွေအပေါ် ဥပဒေမဲ့ သတ်ဖြတ်တာ၊ဖမ်းဆီးတာနဲ့ မူဆလင်အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှုတွေ ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပါတ်သက်ပြီး နိုင်ငံတကာက လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ ကို ခွင့်ပြုဖို့အတွက် ကုလသမဂ္ဂတောင်းဆိုခဲ့သလို အမေရိကန်အစိုးရကလည်း ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

ဒီတောင်းဆို တိုက်တွန်းတာနဲ့ပတ်သက်လို့ ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှုး Ms Renata Dessallien ဦးဆောင်ပြီး နိုင်ငံတကာသံတမန်တွေ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ ပြင်ဆင်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှုး ဦးသက်ဆွေက ပြောပါတယ်။

“နိုဝင်ဘာ ၂ ရက်နေ့မှာ Renata ပါမယ်။ အဖွဲ့ဝင် စုစုပေါင်း သူတို့ အနောက်ကအဖွဲ့တွေရော သူတို့ စုစုပေါင်း ၁၀ ယောက်ဆိုပြီးတော့ ရာထားပြီးတော့ လုပ်နေတယ် သို့သော်လုပ်တုန်းပဲ။ ရခိုင်ပြည်နယ်မှာရှိတဲ့ စွတ်စွဲချက်တွေပေါ့ ၊ အဲဒီစွတ်စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့မှ သူတို့ အဲဒီဟာကို ကိုယ်တွေ့မျက်မြင်သိအောင် အဲဒါတွေကို ကွင်းဆင်းသွားစစ်ဆေးမယ် သွားကြည့်မယ့်သဘောပါခင်ဗျ။ ဒီဘက်ကတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ နယ်စပ်ဝန်ကြီးပါသွားမယ် ၊ နိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်တင့်ပါသွားမယ်၊ ဘူးသီးတောင် မောင်တောပါပဲခင်ဗျ။”

အောက်တိုဘာလ ၃၁ရက်နေ့မှာတော့ HRW ခေါ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အောက်တိုဘာလ ၂၂ ရက်နေ့မှာ ရခိုင်နယ်မြောက်ပိုင်းက ကြက်ရိုးပြင်၊ ပြောင်ပစ် (ငါးစားကြူး)၊ ဝါးပိတ်(ကျီးကန်းပြင်) ရွာသုံးရွာမှာမီးလောင်နေတဲ့ ဂြိုလ်တုဓါတ်ပုံတွေကို ကိုးကားပြီး မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂရဲ့စုံစမ်းစစ်ဆေးတာတွေကို လက်ခံဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။

“ရခိုင်ပြည်နယ် မြောက်ပိုင်းက အနည်းဆုံးရွာ ၃ ရွာမှာ မီးလောင်ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်ဆိုတာကတော့ ရှင်းပါတယ်။ ဒီနေရာတွေဟာ အရပ်သားတွေ တိုက်ခိုက်ခံရပြီး၊ ကျေးရွာတွေမီးရှို့ခံရတယ်လို့ တခြားသူတွေကလည်း ပြောဆိုနေကြတဲ့ ဒေသတွေပါ။ ဒါဟာ ဘက်လိုက်မှုမရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ခွင့်ပြုပြီး ရေဆုံးရေဖျား ဖော်ထုတ်ဖို့ မြန်မာအစိုးရအတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ပြသရာလည်းရောက်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့၊ မြန်မာအစိုးရအနေနဲ့ ဒီလို စုံစမ်းစစ်ဆေးမှုမျိုး လုပ်ဆောင်လိုပုံ မရတဲ့အတွက်လည်း ကျနော်တို့က စိုးရိမ်ပါတယ်။ ဒါကြောင့်လည်း ဒီကျေးရွာတွေမှာ ဘာတွေဖြစ်ခဲ့သလဲ၊ ဘယ်သူတွေမှာ တာဝန်ရှိသလဲ၊ ဒီရွာတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ဘယ်သူတွေ တာဝန်ခံဖို့လိုသလဲ ဆိုတာတွေကို တိတိကျကျ ဖော်ထုတ်နိုင်အောင် မြန်မာအစိုးရ အနေနဲ့ ကုလသမဂ္ဂကို အကူအညီတောင်းဖို့ ကျနော်တို့က တိုက်တွန်းနေရတာပါ။”

ဒါကတော့ HRW အဖွဲ့ အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson ပြောဆိုတာဖြစ်ပါတယ်။

မြန်မာအစိုးရတပ်မတော်ဖက်ကတော့ ဒီလိုမီးလောင်တာတွေနဲ့ပတ်သက်ပြီး အကြမ်းဖက် တိုက်ခိုက်သူတွေက ကျေးရွာတွေကို မီးရှို့ခဲ့တာတွေ ရှိကြောင်း ပြောဆိုတာတွေလည်း ရှိပါတယ်။ အထူးသဖြင့် အောက်တိုဘာလ ၁၂ရက်နေ့က ကျီးကန်းပြင်ရွာရှိ နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်ကို တိုက်ခိုက်သူတွေဟာ ကျီးကန်ပြင်ရွာအနီးက ဝါးပိတ်ကျေးရွာကို မီးရှိုသွားကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီလိုအာဏာပိုင်တွေရဲ့ ပြောဆိုချက်တွေက ခိုင်လုံမှုမရှိတာကြောင့် နိုင်ငံတကာက စုံစမ်းစစ်ဆေးတာတွေကို ခွင့်ပြုသင့်ကြောင်း HRW အဖွဲ့ အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson ဆက်ပြောပါတယ်။

“ဒီပြောဆိုချက်တွေဟာ စစ်တွေမြို့မှာ ရိုဟင်ဂျာတွေက သူတို့နေထိုင်ရာအရပ်တခုလုံးကို မီးတင်ရှို့ခဲ့တယ်လို့ ၂၀၁၂ ခုနှစ်မှာတုန်းက အစိုးရတာဝန်ရှိသူတွေ ပြောဖို့ကြိုးပမ်းခဲ့ဖူးတဲ့ အဓိပါယ်မဲ့ ပြောကြားချက်တွေနဲ့ တူနေပါတယ်။ တိတိကျကျ စုံစမ်းစစ်ဆေးမှုတွေ မရှိတဲ့ ဒီလိုပြောဆိုချက်တွေဟာ လက်ခံယုံကြည်နိုင်စရာလည်း မရှိပါဘူး။ မြန်မာအစိုးရတာဝန်ရှိသူတွေ အနေနဲ့ ဒီလိုစုံစမ်းစစ်ဆေးမှုမျိုး လုပ်ဆောင်နေတာ မရှိဘူးဆိုတာလည်း ရှင်းပါတယ်။ ဂြိုဟ်တုဓာတ်ပုံတွေအရ၊ ထိခိုက်ပျက်စီးမှု ပမာဏဟာ လူတွေထင်ထားတာထက် ပိုပြီးကြီးမားနေတာကိုလည်း တွေ့ရပါတယ်။ တကယ်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒီဒေသတွေမှာ ဖြစ်ပျက်နေတာတွေဟာ ဒီဓာတ်ပုံတွေထဲမှာထက်တောင် ပိုနိုင်တယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာအသိုင်းအဝိုင်းကို ဝင်ခွင့်ပြုဖို့ လိုပါတယ်။ မီဒီယာတွေ၊ ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အေဂျင်စီတွေ၊ NGOs တွေနဲ့ တခြားအဖွဲ့အစည်းတွေ အနေနဲ့ အစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို တင်ပြနိုင်အောင် ကိုယ်တိုင်လေ့လာခွင့်၊ စုံစမ်းခွင့်ပေးရမှာ ဖြစ်ပါတယ်။”

HRW ခေါ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကတော့ သူတို့ ရရှိတဲ့ ဂြိုလ်တုဓါတ်ပုံတွေဟာ ဖြစ်ပျက်နေတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေရဲ့ အစွန်းထွက်လောက်သာဖြစ်နိုင်ကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့ အောက်တိုဘာ၉ရက်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို တိုက်ခိုက်သူတွေကို ဖော်ထုတ်ဖို့ တာဝန်ရှိသလို လူ့အခွင့်အရေးချိုးဖောက်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်း ဖော်ထုတ်ဖို့ တာဝန်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

မြန်မာ့တပ်မတော်ကတော့ အောက်တိုဘာ ၂၇ရက်နေ့ကနတ်မြစ်အတွင်း ဖမ်းဆီးရမိသူ ၅ဦးအနက်က ၃ယောက်နဲ့ အောက်တိုဘာ ၁၄ရက်က ဖမ်းဆီးထားသူ၁ဦးကို အကြမ်းဖက်မှုဖြစ်စဉ်မှာ မပါဝင်တဲ့အတွက် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG