သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အခြေအနေမှန်သိဖို့ ကုလကိုယ်စားလှယ် တောင်းဆိုချက်အတိုင်း ဆောင်ရွက်နေ


ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ရဲ့ သတင်းစာရှင်းလင်းပွဲ ။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ရဲ့ သတင်းစာရှင်းလင်းပွဲ ။

ရခိုင်ပြည်နယ်က အခြေအနေမှန်တွေသိနိုင်အောင် နိုင်ငံတကာအဖွဲ့တွေကို ဝင်ရောက်ခွင့်ပြုဖို့နဲ့ သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ကို မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောင်းဆို ထားတဲ့အတိုင်း ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတရုံးပြောခွင့်ရသူက ပြောပါတယ်။ လုံခြုံရေးအတွက် ဆောင်ရွက်မှုတွေမှာလည်း ဥပဒေနဲ့ အညီဖြစ်အောင် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်း အောက်တိုဘာလ ၉ရက်နေ့ဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှု နဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့က နယ်မြေရှင်းလင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့ အပေါ်မှာ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ က တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒီတောင်းဆိုချက်နဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုလို ပြောဆိုပါတယ်။

" အဲ့တာ နိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်နေတယ်။ နိုင်ငံခြားရေးက လုပ်နေတယ်။ ဒါပေမဲ့ ကျနော်တို့ သိသလောက်ကတော့ ဒီအပေါ်မှာ ဒီဒေသကို နိုင်ငံတကာ အဖွဲ့အစည်းတွေ သွားရောက်ခွင့်ကို ဒီမှာရှိနေတဲ့ သံရုံးတွေရှိတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ဌာနကိုယ်စားလှယ်တွေရှိတယ်။ ဒါတွေအပေါ်မှာ ကျနော်တို့ စဉ်းစားနေတုန်းပဲ။ နောက် ဟိုလိုမျိုး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ humanitarian access ဆိုတာ ကျျနော်တို့ သွားခွင့်ပေးထားပြီးသား။ အစောပိုင်းက ဒေသ အခြေအနေ မတည်ငြိမ် ထိန်းသိမ်းနေဆဲအခြေအနေပေါ့။ မတည်ငြိမ်သေးတဲ့ အချိန်မှာတော့ ခဏ ကန့်သတ်ထားတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်က စပြီး WFP ( World Food Programme )လိုမျိုး တကယ့် humanitarian သွားတဲ့ အဖွဲ့အစည်းတွေကို ကျနော်တို့ သွားခွင့်ပေးထားပြီးသားပါ။"

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က နယူးယောက်မြို့ မှာကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်တာတွေ ဆက်လက်ဖြစ်ပေါ်နေကြောင်း အစီရင်ခံတင်ပြခဲ့သလို သတင်းစာ ရှင်းလင်းပွဲ မှာလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ ဘက်မှာ မူဆလင် အရပ်သားတွေအပေါ် ဥပဒေမဲ့ သတ်ဖြတ်မှု၊ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှု၊ ဖမ်းဆီးမှုတွေ ကြားနေရကြောင်း ပြောဆိုထားပါတယ်။

တချိန်တည်းမှာပဲ ဒီရက်ပိုင်းတွေမှာ ပြည်တွင်း ပြည်ပ သတင်းမီဒီယာ တချို့မှာ မောင်တောဒေသအတွင်း လုံခြုံရေးတပ်ဖွ့ဲတွေက နယ်မြေရှင်းလင်းစဉ်မှာ မူဆလင်အမျိုးသမီးတွေကို အဓမ္မပြုကျင့်ကြောင်း သတင်းတွေ ဖော်ပြခဲ့ပါတယ်။

သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေး ကတော့ လုံခြုံရေးအာဏာပိုင်တွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ လုပ်ရပ်မျိုးတွေ မဖြစ်စေဖို့ ညွန်ကြား ထားပြီးဖြစ် တယ်လို့ ပြောပါတယ်။

" အဲ့အပေါ်မှာတော့ ဒီကိစ္စတွေကို ကိုင်တွယ်တဲ့အခါ ခုနကပြောသလို လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး ဖိအားပေးမှုတွေ၊ စွပ်စွဲဝေဖန်မှုတွေ လုပ်လာမယ်ဆိုတာကို ဒီအစိုးရက ကြိုသိတယ်။ ကြိုသိတော့ သတိကြီးကြီးထားပြီး လုပ် ဥပဒေနဲ့အညီ လုပ်၊ နောက်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မလုပ်ဖို့ ဒါမျိုးတွေ အကုန်လုံး ညွှန်ကြားထားပြီးသားဖြစ်တယ်။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေ တာဖြစ်တယ်။"

လောလောဆည်မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ဟာ ပဋိပက္ခဖြစ်ပွားရာ ဘူးသီးတောင်၊ မောင်တော ဒေသဘက်ကို ရောက်ရှိနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ပတ်သက်လို့ မူဆလင်ကျေးရွာတွေက တိုင်ကြားတာ မရှိကြောင်း ရခိုင်ပြည်နယ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။

" မနေ့က နယ်စပ်မြို့ဖြစ်တဲ့ တောင်ပြိုလက်ဝဲရောက်တယ်။ ဒီနေ့ကတော့ ငါးခူရ အဲ့တာလည်း နယ်စပ်မြို့ပဲ။ ကျီးကန်းပြင်ရောက်တယ်။ အဲ့တာ နယ်စပ်မြို့ ရွာတွေပေါ့နော်။ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုရင် သူတို့အထောက်အထားနဲ့ အပြည့်အစုံ တင်ပြမှာပေါ့။ လူတိုင်းမှာ ဓာတ်ပုံရိုက်နိုင်တဲ့ဖုန်းတွေရှိနေတာပဲ။ တကယ်ရှိခဲ့တယ်ဆိုရင်တော့ အများကြီး တိုင်ကြမှာပေါ့နော်။ ကျနော်တို့က အဲ့ဒီ့အထောက်အထားနဲ့ ကျနော်တို့က ဖြေရှင်းပေးရုံပဲ ရှိမှာပေါ့။ သူတို့ပြောတဲ့ အထောက်အထားတွေ မသိပဲနဲ့ ကျနော်တို့က ဘယ်လိုမှ ဆုံးဖြတ်ပြီး ပြောလို့မရဘူးလေ။"

ပြည်နယ်အစိုးရအဖွဲ့ကတော့ အကြမ်းဖက်သမားတွေကို ဖော်ထုတ်ရာမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဆွေးနွေးတာတွေ ရှိကြောင်း ပြောဆိုပါတယ်။

ဒီလတွင်း ဖြစ်ပွားတဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခကြောင့် ရဲတပ်ဖွဲ့ဝင်၉ဦး၊ တပ်မတော်သား ၅ဦး ကျဆုံးခဲ့သလို အကြမ်းဖက်အဖွဲ့ဘက်က လူ ၂၈ယောက်သေဆုံးပြီး ၂၉ဦး ဖမ်းဆီးထားပါတယ်။ ဖမ်းဆီးထားသူတွေကို ICRC ခေါ် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အချိန်မရွေး ဝင်ရောက်စစ်ဆေးနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG