သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗွီအိုအေ မောင်တောခရီးနဲ့ လိင်အကြမ်းဖက်မှုစွပ်စွဲချက်


သတင်းထောက်များ မောင်တောရောက်ရှိ (MOI Webportal Myanmar)
သတင်းထောက်များ မောင်တောရောက်ရှိ (MOI Webportal Myanmar)

ပဋိပက္ခတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသကို VOA အနေနဲ့ ပဋိပက္ခတွေဖြစ်ပြီနောက်ပိုင်းမှာ ပထမဦးဆုံးအကြိမ် တခြားသတင်းထောက်တွေနဲ့အတူ မြေပြင်အခြေအနေတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ မောင်တောဒေသ ပဋိပက္ခဖြစ်နေတဲ့ ကျေးရွာတွေကို ဒီကနေ့မှာ ဒုတိယမြောက်နေ့အနေနဲ့ သွားရောက်လေ့လာခဲ့တဲ့ မမေခကို ကိုသားညွန့်ဦးက တိုက်ရိုက်ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး။ ။ မမေခရေ ဒီကနေ့ မောင်တောမြို့နယ်မှာရှိတဲ့ ပဋိပက္ခဖြစ်တဲ့ကျေးရွာတွေကို သွားရောက်လေ့လာတဲ့ ဒုတိယမြောက်နေ့ပေါ့နော် ဘာတွေများထူးထူးခြားခြားတွေ့ရသလဲခင်ဗျာ။

မမေခ။ ။ ကျမတို့ဒီနေ့ ကျေးရွာပေါင်း ၁၀ ရွာလောက်ကို သွားခဲ့ရတယ်။ အဲဒီမှာ ရှိတဲ့လူတွေနဲ့ တွေ့ခဲ့ရတယ်။ အဲဒီမှာ ထူးထူးခြားခြားဆိုလို့ ကျားခေါင်းတောင် ကျေးရွာမှာ အကြမ်းဖက်ဖြစ်စဉ်တုန်းက လုံခြုံရေးလာယူခဲ့တဲ့ တပ်မတော်ဘက်က တပ်သားတွေကနေပြီးတော့ အဲဒီ ကျားခေါင်းတောင် ကျေးရွာမှာရှိနေတဲ့ အမျိုးသမီး ၃ ဦး ကို အဓိမ္မ ပြုကျင့်တယ်ဆိုပြီးတော့ တိုင်တာမျိုးတွေ ကျမတို့ ကြုံတွေ့ခဲ့ရတယ်ရှင့်။

ကိုသားညွန့်ဦး။ ။သူတို့အခုပြောကြားချက်နဲ့ပတ်သက်လို့ ဘယ်လောက် ထိ ခိုင်ခိုင်မာမာပြောနိုင်ကြသလဲ။

မမေခ။ ။ ခိုင်ခိုင်မာမာပြောနိုင်ကြသလဲ ဆိုတဲ့အခြေအနေကတော့ နည်းနည်းရှုပ်ထွေးတယ်။ သတင်းထောက် တယောက်ပြီးတယောက်က မေးမြန်းတဲ့အခြေအနေပေါ်မှာ ပထမ သူတို့ပြောတဲ့ စကားနဲ့ ဒုတိယသူတို့ပြောတဲ့စကားက နည်းနည်းလေး ကွဲလွဲမှုတွေကတော့ ရှိနေတယ်။ သူတို့ကတော့ တိတိကျကျ ပြောတာက သူတို့ တကယ်ခံရတယ် သူတို့ တကယ်ကြုံခဲ့ရတယ်။ သူတို့မှာ ဆိုးဆိုးရွားရွားကြီးကို ဖြစ်ခဲ့တယ် ဆိုပြီးတော့ သူတို့ပြောတာမျိုးရှိတယ်။

ကိုသားညွန့်ဦး။ ။ဘာဖြစ်လို့လဲဆိုတော့ မမေခတို့ အဲဒီမှာ အင်တာဗျူးပြီး မကြာသေးဘူး လူတယောက်က ကျနော်တို့ ဝါရှင်တန် ရုံးကိုဖုန်းဆက်ပါတယ်။ အဓိက ပြောတာကတော့ VOA သတင်းထောက်အပါအဝင် တခြားသတင်းထောက်တွေက ဒီအမျိုးသမီးတွေက အင်တာလာဗျူးတယ် ဒီလိုမတရားပြုကျင့် ခံရတာကို အင်တာဗျူးတယ်။ သတင်းထောက်တွေ အင်တာဗျူးပြန်သွားတဲ့အချိန်မှာ ရဲတွေကနေပြီးတော့ ဒီ အမျိုးသမီးတွေကို ဖမ်းဆီးဖို့ ကြိုးစားတယ်ဆိုပြီးတော့ သတင်းပို့လာပါတယ်ခင်ဗျာ ။ အဲဒီအခြေအနေကရော ဘယ်လိုဖြစ်တာပါလဲ။ သိရပါသလား။

မမေခ။ ။ကျမတို့သိရပါတယ်။ အဲဒီ ကျမတို့ အဲဒီရွာကနေပြီးတော့ မထွက်ခင်မှာ ကျမတို့ဘက်ကနေပြိးတော့ ခရိုင်ဘက်က ရဲမှူးတွေဆီကို အကြောင်းကြားပါတယ်။ ဒီမှာပြဿနာ တတ်နေတယ် ဒီမှာလာပြီးတော့ တရားမျှတမှု လာလုပ်ပေးပါလို့ ကျမတို့ တောင်းဆိုတယ်။ ကျမတို့ ကျားခေါင်းတောင် ကျေးရွာကနေပြီးတော့ ငန်းချောင်းရွာဘက်ကို သွားနေတဲ့လမ်းမှာ ငန်းချောင်းရွာဘက်ကိုမရောက်ခင်မှာ ရဲမှူးကနေပြီးတော့ ကျမတို့ကို ဖုန်းဆက်ပါတယ်။ ကျမတို့ဆီက အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးရဲနိုင်ကိုဖုန်းဆက်တယ်။ ဆက်ပြီးတော့ ဘာပြောသလဲဆိုတော့ ကျနော်တို့ ဒီ ကျားခေါင်းတောင် ကျေးရွာကသူတွေအတွက် ဒီအမှန်တရားဖြစ်ဖို့ ကျနော်တို့အမှုသွားဖွင့်ဖို့ ကျနော်တို့ သွားစောင့်ရပ်နေပါပြီဆိုပြီး သူကပြောပါတယ်။ ခနလောက်ကြာတော့ ကျမတို့ ငန်းချောင်းရွာဘက်ကနေ ကြက်ရိုးပြင်ရွာကိုသွားနေတဲ့ အချိန်မှာ အဲဒီရဲမှူးက ကျမတို့ဆီကို ဖုန်းဆက်တယ်။ အဲဒီကောင်မလေးနဲ့တွေ့တယ် တွေ့တော့ အမှှုဖွင့်ဖို့ ပြောတဲ့အချိန်မှာ ကောင်မလေးက စဉ်းစားဦးမယ်ဆိုပြီးတော့ သူတို့ကို အဖြေပေးတယ်ပေါ့နော်။ သူတို့ကတော့ အမှှုဖွင့်ဖို့ လုံခြုံရေးအတွက်လည်း စိတ်ချဖို့ဆိုပြီးတော့ ရဲဘက်ကနေပြီးတော့ ပြောခဲ့တယ် အမှုဖွင့်မယ်ဆိုရင်လည်း အချိန်မရွေးဖွင့်ပါ။ ဘာအခက်အခဲမှ မရှိစေရဘူးဆိုပြီးတော့ အဲဒီလိုပြောခဲ့တယ်ဆိုပြီးတော့ ကျမတို့ဆီကို ဖုန်းဆက်အကြောင်းကြားပါတယ်။ ကျမတို့ ခရီးစဉ်လည်း ပြီးဆုံးသွားတဲ့အချိန်မှာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် ဆီကို ဒီအခြေအနေနဲ့ ပတ်သက်ပြီး သွားပြီးမေးပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် ကိုယ်တိုင်ကနေပြီးတော့ ကျမတို့ ကိုပြောတယ် ၊ “ကျနော်တို့ ဒီဟာကို အမှုဖွင့်ဖို့ကြိုးစားတယ်။ ကောင်မလေးက စဉ်းစားမယ်လို့ပြောတယ်၊ ဒါပေမယ့် တရားမျှတမှုရှိဖို့ ကျနော်တို့လုပ်ပေးပါမယ် နောက်ပြီးတော့ ကောင်မလေးရဲ့ လုံခြုံရေးကိစ္စကိုပါ တာဝန်ယူပြီးလုပ်သွားမယ်” ဆိုပြီးတော့ ကျမတို့ကို အာမခံ ပေးထားပါတယ်ရှင့်။

ကိုသားညွန့်ဦး။ ။ဟုတ်ကဲ့ မမေခတို့ ဒီအမျိုးသမီး ၃ ဦးကို အင်တာဗျူးတဲ့ အချိန်မှာ သူတို့ စိုးရိမ်ချက်တွေဘယ်လိုရှိသလဲ၊ သူတို့ အမှုမဖွင့်ချင်ဘူးလား။

မမေခ။ ။ပထမစစချင်း အဲဒီကြုံရတဲ့အထဲက အသက်အငယ်ဆုံးက ဘာပြောသလဲဆိုတော့ ကျမအမှုဖွင့်မယ်ဆိုပြီးတော့ ကျမတို့ အင်တာဗျူးတဲ့အချိန်မှာပြောပါတယ်။ သူကိုယ်တိုင်အမှုှဖွင့်မယ် လို့ပြောတာဖြစ်တဲ့အတွက် ကျမတို့က အဲဒီရဲတွေကို ခေါ်ပြီးတော့ ရွာထိပ်မှာပဲ ကျမတို့ အမှုဖွင့်ဖို့ ကြိုးစားလိုက်တာပါ။ ကြိုးစားလိုက်တဲ့အချိန်ကျတော့ သူတို့ကနေပြီးတော့ ဘာပြန်ဖြစ်လာသလဲဆိုတော့ အမှုဖွင့်လည်း ဘာမှ မထူးဘူး ကျမတို့က မဖွင့်ချင်ဘူးဆိုပြီးတော့ ဖြစ်လာတယ်။ ဒါပေမယ့် သူက ဘာပြောသလဲဆိုတော့ ကျမတို့ မေးသမျှကို ရပ်ကွက်လူကြီးတွေ၊ ရဲတွေရှေ့မှာရော ဖြေပေးတယ်။ သူတို့ကိုမေးတဲ့အခါမှာတော့ လုံခြုံရေးအရ စိုးရမ်တာရှိသလားဆိုတော့ ရှိတယ်။ ဒါပေမယ့် နောက်တခု သူတို့ရဲ့ အဓိကပြဿနာက သူတို့က ရွာကနေထွက်ပြီးတော့ ရဲစခန်းမှာ သွားပြီးတော့ အမှုဖွင့်တာမျိုး ၊ ရဲစစ်တာမျိုးကို သူတို့က မလိုလားဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စကားမပေါက်ရောက်တဲ့အတွက် ရဲတွေက သူတို့လိုရာကို ရေးမယ်ဆိုတဲ့ ကြောက်ရွံ့မှု အဲဒါပိုများတယ်လို့ ကျမတို့ တွေ့ခဲ့ရပါတယ်။

ကိုသားညွန့်ဦး။ ။မမေခတို့ သူတို့နဲ့ စကားပြောတော့ ဘာသာပြန်က တဆင့်ပြောရတာလား ၊ သူတို့ မြန်မာလိုပြောတတ်သလား။

မမေခ။ ။သူတို့ မြန်မာလို မပြောတတ်ဘူး။ သူတို့ ဘာသာနဲ့ပြောတာပါ။ သူတို့ အစ္စလာမ်ဘာသာဝင်ကိုယ်တိုင်ပဲ ကျမတို့ကို ဘာသာပြန်ပေးတာပါ။

ကိုသားညွန့်ဦး။ ။မမေခ ရေ ကျေးဇူးတင်ပါတယ်။

အခု နောက်ဆုံးအခြေအနေအရ မောင်တောခရိုင်အုပ်ချုပ်ရေးမှုး ဦးရဲထွဋ်က ဒီအခြေအနေတွေနဲ့ပ့တ်သက်လို့ ဗွီအိုအေ သတင်းထောက်ကို ပြန်လည်ပြောဆိုရာမှာ - အတင်းအဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးသုံးဦးကို ငါးခူရ ရဲစခန်းကို အာဏာပိုင်တွေက ခေါ်ယူခဲ့ပြီး အမှုဖွင့်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခု နေ့တွင်းချင်းမှာပဲ အဲဒီအမျိုးသမီးတွေကို သူတို့နေရပ်ကို ပြန်လည်ပို့ပေးခဲ့တယ်လို့လည်း ပြောပါတယ်။ အမှုဖွင့်စဉ်မှာတော့ အခြား အမျိုးသမီးရေးရာအဖွဲ့အစည်းအချို့လည်း ရှိနေတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှုး ဦးရဲထွဋ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG