သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုလှုပ်ရှားမှုချီတက်ပွဲ ဝါရှင်တန်မှာဆင်နွှဲ


ဝါရှင်တန်ဒီစီမြို့တော်က သိပ္ပံချီတက်ပွဲ (April 22, 2017)
ဝါရှင်တန်ဒီစီမြို့တော်က သိပ္ပံချီတက်ပွဲ (April 22, 2017)

ရာသီဥတုဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ထောက်ခံမှုရအောင် ကြိုးပမ်းတဲ့ အနေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူပေါင်း ထောင်နဲ့ချီပြီး ဒီကနေ့ စနေနေ့၊ ဝါရှင်တန် ဒီစီမြို့တော်မှာ ချီတက်ကြဖို့ စီစဉ်ထားပါတယ်။

သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကို အလေး မထားတဲ့ အမေရိကန်သမ္မတ Donald Trump အစိုးရ ရက်ပေါင်း ၁၀၀ ပြည့်တဲ့နေ့နဲ့ တိုက်ဆိုင်ပြီး၊ ရာသီဥတုဆိုင်ရာ လူထုချီတက်ပွဲလို့ အမည်ပေးထားတဲ့ လှုပ်ရှားမှုကို ကျင်းပသွားမှာ ဖြစ်ကြောင်းလည်း စီစဉ်သူတွေက ပြောပါတယ်။

သမ္မတ Trump အစိုးရရဲ့ မူဝါဒတွေဟာ ရာသီဥတုနဲ့ လူမှုအသိုင်းအဝိုင်းကို အကြီးအကျယ် ထိခိုက်ပျက်စီးစေပြီး၊ အထူးသဖြင့် ဝင်ငွေနည်းပါးသူတွေ၊ အသားအရောင် ရှိသူတွေ ထိခိုက်နစ်နာရတဲ့အကြောင်း တက်ကြွလှုပ်ရှားသူ အဖွဲ့ပေါင်း ၅၀ လောက်နဲ့ စုစည်းထားတဲ့ ရာသီဥတုဆိုင်ရာ လူထုချီတက်ပွဲ လှုပ်ရှားမှုအဖွဲ့က ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာပါ။

ချီတက်ပွဲကို စီစဉ်သူတွေထဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု အဖွဲ့တွေ အများစု အပြင်၊ အလုပ်သမားသမဂ္ဂတွေ၊ စစ်ဆန့်ကျင်ရေးနဲ့ လူနည်းစုအခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေလည်း ပါဝင်ကြပါတယ်။ ဆန္ဒပြသူတွေဟာ ဝါရှင်တန်ဒီစီမြို့တော်က လွှတ်တော် ကနေ အိမ်ဖြူတော်အထိ ချီတက်ပြီး စုဝေးဆန္ဒပြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ကျင်းပခဲ့တဲ့ သိပ္ပံပညာအတွက် ချီတက်ပွဲ အခန်းအနားမှာလည်း သိပ္ပံပညာရှင်တွေ၊ တက်ကြွသူတွေ ထောင်ချီ ပါဝင်ခဲ့ကြပြီး၊ သိပ္ပံပညာရဲ့ တွေ့ရှိ ချက်တွေကို လက်မခံတဲ့ သမ္မတ Trump အစိုးရကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG