သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အပေါ် ပြည်ပအမြင် နှင့် လက်တွေ့ (အပိုင်း-၂)


တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ NLD အစိုးရဟာ စစ်တပ်နဲ့ ဆက်ဆံရေးမပျက်ယွင်းရအောင် ပေးဆပ်ရတာတွေဟာ ဒီမိုကရေစီရေးအတွက် ဘယ်လို ထိခိုက်မှုရှိနေသလဲ၊ ရခိုင်ပြဿနာကို NLD အစိုးရကိုင်တွယ်မှုအပေါ် ပြည်တွင်းနဲ့ပြည်ပ အမြင်ကွဲလွဲမှု စတာတွေကို ရန်ကုန်သတင်းစာသင်တန်းကျောင်း ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုး၊ ပြည်ပသတင်းဌာနတခုရဲ့ မြန်မာပြည်ဆိုင်ရာသတင်းထောက် ဘလော့ဂါ ဦးသီဟသွေးတို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံတကာ မီဒီယာတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို အမှတ်ပေးတဲ့ကိစ္စတခုက တပ်မတော်နဲ့ ဆက်ဆံရေးမပျက်အောင် ထိန်းသိမ်းထားနိုင်တယ်ဆိုတဲ့ အချက်ကို အကောင်းမြင်ပြီးတော့ ပြောကြပါတယ်။ ဆိုတော့ တပ်မတော်နဲ့ ဆက်ဆံရေး မပျက်အောင် ထိန်းသိမ်းထားနိုင်တာတော့ ဟုတ်ပြီ။ အဲဒီတော့ အဲဒါအတွက် ဘယ်လောက်အထိ ပေးဆပ်နေရသလဲဆိုတာကို ကြည့်မယ်ဆိုရင်လဲ တော်တော်လေး အရေးကြီးတဲ့ကိစ္စ ထင်ပါတယ်။ တပ်မတော် ကျေနပ်အောင် ဖွဲ့စည်းပုံ ဥပဒေအရ နိုင်ငံရေးအခွင့်အဏာတွေ အများကြီးပေးထားရတာတွေက ဘယ်လောက်အထိ အတားအဆီး ဖြစ်နေပါလဲ။

ဦးရဲနိုင်မိုး ။ ။ ရွေးကောက်ပွဲ အဖြေတွေ မထွက်ခင်အချိန်က ကျနော်တို့ စိုးရိမ်ပူပန်တာထက်စာရင် အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အဖွဲ့က တပ်မတော်နဲ့ အထိုက်အလျှောက် ကောင်းမွန်တဲ့ ဆက်ဆံရေးရအောင် လုပ်သွားနိုင်တယ်လို့ ကျနော်က မြင်ပါတယ်။ နောက်ပြီးတော့ အဲဒါကလဲ မှန်ကန်တယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ တပ်မတော်ရဲ့ အခန်းကဏ္ဍက နိုင်ငံတော်ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးကိစ္စမှာ အရေးပါတဲ့နေရာ ရှိနေလို့ပါ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ဒါကို သတိထားပြီးတော့ ဆက်ဆံသွားတယ်။ ဒီအတွက်တော့ အထိုက်အလျှောက် ပေးဆပ်ရတာမျိုးတွေ ရှိပါတယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲ မတိုင်မီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ အခု ရွေးကောက်ပွဲပြီးကာလမှာ ဒါကို နည်းနည်းလေး ထိပ်ပိုင်းဦးစားပေးနေရာမှာ မထည့်တဲ့ ကိစ္စမျိုးတွေ ရှိပါတယ်။ တဖက်ကလဲ ပြန်ပြောမယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်း ဖြစ်စဉ်မှာ တပ်မတော်နဲ့ အထိုက်အလျောက် ဆက်ဆံမှုက ကောင်းမွန်တဲ့အတွက် ဆက်ပြီးတော့ အရှေ့မှာ သွားနိုင်တဲ့ အနေအထားမျိုးတွေက ရှိနိုင်ပါတယ်။ ကျနော်ကတော့ ရွေးကောက်ပွဲမတိုင်မီက ကြိုပြီးတော့ စိုးရိမ်ခဲ့တဲ့ လူတယောက်အနေနဲ့ ပြောမယ်ဆိုရင်တော့ လောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရက တပ်မတော်နဲ့သွားတဲ့ အခြေအနေသည် အထိုက်အလျောက် ကောင်းမွန်တယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုရဲနိုင်မိုး ပြောလို့ ငြိမ်းချမ်းရေးကိစ္စကို တခုထပ်မေးချင်ပါတယ်။ တချို့တိုင်းရင်းသားခေါင်းဆောင်တွေကတော့ တပ်မတော်ကြောင့် အပစ်အခတ် ရပ်စဲရေးတောင်မှ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့မတိုးသာပါဘူး ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအရေးမှာ တပ်မတော်ရဲ့ သဘောတူညီချက်မရဘဲနဲ့ ဘာမှ ရှေ့ဆက်ပြီး မလုပ်နိုင်ဘူးလို့ ဆိုကြပါတယ်။ အဲဒီကိစ္စကို ဘာပြောချင်ပါလဲ။

ကိုရဲနိုင်မိုး ။ ။ ကျနော် သတင်းမီဒီယာလောကသား လူ (၁၀) ယောက်ကို မေးကြည့်ခဲတာ ရှိပါတယ်။ အရင် နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီက ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ရွေးကောက်ပွဲတိုင်ပြီးတဲ့ နောက်ပိုင်းမှာ ရွေးကောက်ပွဲဖြစ်စဉ်ကို ဘယ်လိုမြင်လဲဆိုတဲ့အခါမှာ သူတို့ထဲက အများစုက နိုဝင်ဘာ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ပြီးနောက်ပိုင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်က နည်းနည်းနောက်ဆုတ်သွားတယ်လို့ သူတို့ရဲ့အမြင်တွေကို ပြောခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ ဆိုလိုတဲ့သဘောက နောက်ပိုင်းမှာ နည်းနည်းလေး နှေးသွားတယ်၊ တန့်သွားတယ်ဆိုတဲ့ သဘောပါ။ ဒါပေမဲ့ အဲဒီအထဲမှာ ကျနော်က ပြန်ပြီးတော့ သုံးသပ်ရရင်တော့ (၂၁) ရာစု ပင်လုံညီလာခံမှာ အဖြေထွက်ခဲ့တာတွေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါက နှစ် (၅၀) ကျော်ကြာတဲ့အခါမှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဒီအဖွဲ့တွေအားလုံးဟာ မျက်နှာစုံညီမှာ သူတို့ ပြောချင်တဲ့ဆန္ဒတွေ၊ သူတို့ရဲ့ ခံစားမှုတွေနဲ့ မျှော်လင့်ချက်တွေကို ထုတ်ပြောခွင့်ရတာကတော့ ပထမဦးဆုံးအကြိမ် ဖြစ်တယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ နောက်ပြီးတော့ ကျနော်က သတင်းမီဒီယာအဖွဲ့အစည်းတွေက လူ (၁၀) ယောက်ကို မေးကြည့်ပါတယ်။ အရင်အစိုးရအဖွဲ့နဲ့ အခုအစိုးရအဖွဲ့နဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်မှာ မတူညီတဲ့ အစိုးရနှစ်ဖွဲ့ကြားထဲမှာ Intention လို့ခေါ်တဲ့ စိတ်ဆန္ဒတွေကို မေးတဲ့အခါမှာတော့ သူတို့က အခုအစိုးရအဖွဲ့က နှောင့်နှေးမှုရှိသော်လဲ Intention စိတ်ဆန္ဒအနေနဲ့ ရည်ရွယ်ချက်အနေနဲ့တော့ ပိုပြီးတော့ ယုံကြည်စိတ်ချဖွယ် ရှိတယ်လို့ ပြောပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုသီဟသွေး သဘောထားလဲ သိချင်ပါတယ်။ တပ်မတော်နဲ့ ဆက်ဆံရေး ကောင်းတယ်လို့ ပြောကြတဲ့နေရာမှာ အဲဒီလို ဆက်ဆံရေး ကောင်းနေဖို့အတွက် NLD ဘက်က ပေးဆပ်ရတာ စောစောကပြောသလို တချို့က သုံးသပ်ကြတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေပေါ့ အထူးသဖြင့် တလောလုံးက ကျနော် ဖတ်ရတာ တပ်မတော်ရဲ့ သဘောတူညီမှု မပါဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကိစ္စမှာ ရှေ့မရွေ့နိုင်ဘူးဆိုတာ ကိုသီဟထွေး သဘောထားကို ပြောပါအုံး။

ဦးသီဟသွေး ။ ။ အရင်ဆုံး တက်လာတဲ့ NLD အစိုးရသစ်နဲ့ အဆင်ပြေခြင်းဟာ ဘယ်လောက်အထိ အရေးပါသလဲဆိုတာကို အရင်ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ NLD က Landslide နိုင်သွားပြီး အစိုးရ ဖွဲ့နိုင်တဲ့ အခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ၊ တခြားနိုင်ငံရေးအင်အားစုတွေကြားထဲမှာ၊ နိုင်ငံတကာအသိုင်းအဝိုင်းမှာ စိုးရိမ်ပူပန် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ဗိုလ်အများဆုံး ပါခဲ့တဲ့ ဦးသန်းရွှေ ထားခဲ့တဲ့ ဦးသိန်းစိန်အစိုးရဟာ တပ်မတော်အင်အားစုတွေက NLD လိုမျိုး အတိုက်အခံ အင်အားစုက နိုင်သွားရင် အာဏာလွှဲပါ့မလား။ တပ်မတော်အနေနဲ့ အာဏာပြန်ပြီးတော့ သိမ်းမလားဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိပါတယ်။ ဒါဟာ အခြေအနေကို အများကြီး ခြိမ်းခြောက်ပါတယ်။ ဆိုတော့ အစိုးရသစ်အနေနဲ့ တပ်မတော်နဲ့ ကောင်းကောင်းမွန်မွန် မဆက်ဆံနိုင်ဘူးဆိုရင် အစစအရာရာ အထူးသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၊ အထူးသဖြင့် အိမ်နီးနားချင်းနိုင်ငံတွေအားလုံး စိတ်အေးသွားတယ်၊ စိတ်သက်သာရာ ရသွားပြီးတော့ စပြီး အစိုးရသစ်ကို ယုံယုံကြည်ကြည် ဆက်ဆံတဲ့အနေအထားမျိုးဟာ အရမ်းအရေးပါပါတယ်။ တပ်မတော်နဲ့ ပြေလည်ခြင်းသည် အာဏာရထားတဲ့ NLD အနေနဲ့ အာဏာရရှိမှုကို ဆက်လက်ပြီးတော့ ထိန်းသွားနိုင်တယ်လို့ ယုံကြည်မှုကို ဖြစ်စေတယ်။ ဒါက အရမ်းအရေးပါတဲ့ အချက်ပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း တပ်မတော်နဲ့ အဆင်ပြေအောင် တတ်နိုင်သလောက် ကြိုးစားတယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေး ရှေ့မရွေ့ဘူးဆိုတာ

ဦးသီဟသွေး ။ ။ ကျနော် နားလည်တာကတော့ ဒေါ်အောင်ဆန်းစုကြည်က သူလုပ်ချင်တာတွေအားလုံးကို တပ်မတော်ကို ကျော်ပြီး မလုပ်နိုင်ဘူး။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အပိုင်းမှာ တပ်က အခုအခံ ဖြစ်နေတယ်ဆိုတဲ့အပိုင်းမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီကိစ္စက တော်တော်ရှုပ်ထွေပါတယ်။ ကျနော် မြင်တာကိုပြောဖို့ ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့အပိုင်းတွေက ရှေ့တန်းမှာ ဖြစ်ပျက်နေတဲ့ အပိုင်းတွေ ရှိပါတယ်။ ဒါတွေကြတော့ ကာကွယ်ရေးဦးစီးချုပ်က ဒေါ်အောင်ဆန်းစုကြည် ဘယ်လို ဖြေရှင်းထားလဲဆိုတာကို ကျနော် မသိဘူး။ တိုက်ပွဲတွေက ပိုဖြစ်လာတဲ့အတွက် အခက်အခဲ ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အခုအချိန်မှာတော့ ဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ တပ်မတော်ဘက်မှာ ရပ်တည်နေသကဲသို့ ဖြစ်နေတာပေါ့။ တပ်မတော်ကလဲ Commander က ပြောင်းသွားပြီ။ အရင်တုန်းကလို မဟုတ်တော့ဘူး။ ဦးထင်ကျော် ဖြစ်သွားပြီ။ ဆိုကြပါစို့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သွားပြီမို့ သူ့အနေနဲ့ တိုက်ရတာက အကယ်၍ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ဘက်နေ ဒီလို တိုက်ပွဲတခုချင်းဆီကို ကန့်သတ်နိုင်စွမ်း မရှိဘူး။ ထိန်းချုပ်နိုင်စွမ်း မရှိဘူးဆိုပေမယ့် သူက တိုက်ရတာ ပိုပြီးတော့ အားသာတဲ့သဘောရှိတယ်။ အဲဒီတော့ သူကလဲ မြေပြင်မှာ တော်တော်လေး စစ်ဆင်ရေးတွေ လုပ်ချင်သလို လုပ်နေတယ့်သဘော ရှိပါတယ်။ ဒါကလဲ ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေနဲ့ ဒီလိုင်းကို မကျွမ်းကျင်တာလဲ ပါပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တာက မြန်မာနိုင်ငံအစိုးရသစ်အတွက် အဓိက စိန်ခေါ်မှုတရပ်လို့ ထင်ပါတယ်။ အဲဒါကတော့ ဘာသာရေးနဲ့ ပတ်သက်တဲ့ အခြေခံတဲ့ကိစ္စ လောလောဆယ်မှာတော့ ဘာသာရေးအပြင် ဘူးသီးတောင်၊ မောင်တောဘက်မှာ ဖြစ်နေတဲ့ကိစ္စပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေကို အများကြီး ပွင့်ပွင့်လင်းလင်း လုပ်လာတယ်။ အစိုးရကလဲ နေ့စဉ်နဲ့အမျှ ထုတ်ပြန်တယ်။ နောက်ပြီးတော့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ စောစောက ဆရာတို့နှစ်ယောက် ပြောသလိုပဲ အစိုးရလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဒီဟာကို အများကြီး မကြာခဏ ဖြေရှင်းတယ်။ သို့သော်လဲပဲ နိုင်ငံတကာက သတင်းမီဒီယာတွေမှာ ပြောလိုက်တိုင်း အဲဒီမှာ လူ့အခွင့်အရေး ချိုးဖောက်တာ ဖြစ်နေတယ်။ ဘာညာဆိုပြီး ပြောကြပါတယ်။ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာသတင်းမီဒီယာ လောကက ပြောနေတာနဲ့ လက်ရှိအခြေအနေကို ဘယ်လို မြင်ပါလဲ။

ဦးရဲနိုင်မိုး ။ ။ ကျနော့်အမြင်ကတော့ အထူးသဖြင့် ရခိုင်မှာဖြစ်တဲ့ ပြဿနာတွေမှာ ဒါကို ချဉ်းကပ်ကြတဲ့ သတင်းမီဒီယာတွေပဲဖြစ်ဖြစ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်ဖြစ်၊ ပြည်တွင်းအဖွဲ့အစည်းတွေဖြစ်ဖြစ် အမြင်က အများစုက အဖြူနဲ့အမဲကို ရွေးချယ်ကြတာ များပါတယ်။ တချို့က အဖြူလို့ ပြောမယ်။ တချို့က အမဲလို့ ပြောမယ်။ ကျနော့်အမြင်က ဒီလိုကိစ္စမျိုးက ပဋိပက္ခမျိုးဟာ မီးခိုးရောင် အခြေအနေမှာ ရှိတယ်လို့ ထင်ပါတယ်။ ဥပမာအားဖြင့် နိုင်ငံတကာအဖွဲ့အစည်းတွေက သုံးသပ်တဲ့အခါမှာ၊ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းတွေက သုံးသပ်တဲ့ ချဉ်းကပ်တာမျိုးတွေ ရှိမယ်။ ပြည်တွင်းမှာရှိတဲ့ အထူးအားဖြင့် အနောက်ဘက်စွန်းက မျိုးချစ်အဖွဲ့အစည်းတွေက နောက်တမျိုးနဲ့ တုံ့ပြန်တာတွေ ရှိပါတယ်။ အဲဒီ အဖြူနဲ့အမဲ နေရာတော်တော်များများက ပဋိပက္ခကိစ္စတွေမှာ အဲဒီနှစ်ခုက ရှောင်တိမ်ချင်တဲ့ နေရာလို့ မြင်ပါတယ်။ နိုင်ငံတကာမီဒီယာတွေက ဒါနဲ့ ပတ်သက်ပြီး ဒေါ်စုက ရိုဟင်ဂျာနာမည်ကို သုံးပြီးတော့ ဖြေရှင်းတာမျိုး မရှိဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လေးလေးနက်နက် ပြောတာမရှိဘူးဆိုတဲ့ဟာမျိုးတွေမှာ တဝက်တပျက် လက်ခံနိုင်ပေမယ့် တကယ်တမ်း ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့က ရင်ဆိုင်နေရတဲ့ အနေအထားက အင်မတန် ခက်ခဲတဲ့ အနေအထား ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ ပထမဦးဆုံးအကြိမ် နှစ် (၅၀) ကျော်ကြာမှာ တက်လာတဲ့ အရပ်သားအစိုးရအဖွဲ့က အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရပါတယ်။ နောက်တခုက သူတို့ အရပ်သားအစိုးရအဖွဲ့ကို ထိုးနှက်ချင်တယ်။ ဒါမှမဟုတ်လဲ အမှားတွေကို ထောက်ပြချင်တဲ့ အဖွဲ့အစည်းတွေက ဒီလုပ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ ဒါကို နမူနာ ပေးနေတဲ့ အဖွဲ့အစည်း ရှိနေသလို၊ တကယ်တမ်းက လူထုထဲမှာလဲ ဒီပြဿနာကို သေသေချာချာ နားလည်မှုရှိတာ မဟုတ်ပါဘူး။ ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီးတော့ အရင်တုန်းက ဘာတွေ ဖြစ်ခဲ့လဲ။ ကိုလိုနီခေတ်က ဘာတွေဖြစ်ခဲ့လဲ။ နောက်ပိုင်းဘာတွေ ဖြစ်လဲ။ အခု ဘာတွေဖြစ်လဲဆိုတာကို တိတိကျကျ နားလည်မှု မရှိဘဲနဲ့ Social Media သတင်းမီဒီယာမှာသော်လည်းကောင်း၊ လူထုတွေကြားမှာသော်လည်းကောင်း ပြောဆိုနေတဲ့ အရာတွေက တော်တော်လေး စိုးရိမ်စရာ အနေအထား ရှိပါတယ်။ နိုင်ငံတကာ မီဒီယာတွေက ဖော်ပြထားသလို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က လုံးဝဂရုမစိုက်ဘူးဆိုတဲ့ အမြင်ကိုတော့ ကျနော်က သဘောမတူနိုင်ပါဘူး။ ကျနော် ထင်တာကတော့ သူက ထိုက်သင့်သလောက်တော့ ဂရုစိုက်တယ်။ ဒါပေမဲ့ စိုးရိမ်ဖို့ ကြီးကောင်းကြီးမယ်လို့ ထင်ပါတယ်။ စိုးရိမ်မှု ကြီးကောင်းကြီးမယ့်အတွက် ဒီအပေါ်မှာ ဆင်ခြင်မှုများလဲ များနိုင်ပါတယ်။ နောက်တခုက အစိုးရအဖွဲ့တွေမက သတင်းမီဒီယာတွေက ဒီအပေါ်မှာ ထုတ်ပြန်တာလဲ အခုအချိန်မှာ အဖြူအမဲ ပုံစံ ဖြစ်နေပြီးတော့ မိုးခိုးရောင်ကျတဲ့ အလယ်အလတ် အခြေအနေကို သတင်းထုတ်ပြန်ဖို့အတွက် ကျွမ်းကျင်မှုပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လူအများစု၊ ဒါမှမဟုတ် လူအများစုဖြစ်တဲ့ ဗုဒ္ဓမြန်မာတွေရဲ့ တုံ့ပြန်မှုအပေါ်မှာ စိုးရိမ်မှု လွန်ကဲပြီးတော့ သိပ်ဆင်ခြင်လွန်နေတာတော့ ရှိနေတယ်လို့ ကျနော် တွေ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုသီဟသွေးရဲ့ သဘောထားကိုလည်း သိချင်ပါတယ်။ ဒီအရေး မြန်မာအစိုးရ ကိုင်တွယ်ပုံနဲ့ နိုင်ငံတကာရဲ့ တုံ့ပြန်ချက်။

ဦးသီဟသွေး ။ ။ အခုအချိန်အထိ လက်ရှိ အစိုးရသစ်အနေနဲ့ ကိုင်တွယ်နေတဲ့ ပုံစံ မှန်ကန်တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတိကြီးကြီးနဲ့ ကိုင်တွယ်နေတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်အစိုးရအဆက်ဆက်က လုပ်ခဲ့တဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ အကျိုးအဆက်တွေက မြင်ပြီးတွေ့ပြီး ဖြစ်ပါတယ်။ ပိုဆိုးသွားတယ်။ ပိုပြီးတော့ … အနေအထားကို ရောက်သွားတယ်ဆိုတာကို အားလုံးလဲ မြင်ကြပါတယ်။ အခုဖြစ်သွားတဲ့ အခြေအနေက စဖြစ်တည်းကနေ လေ့လာကြည့်မယ်ဆိုရင် ဒီရခိုင်မှာ ဖြစ်နေတဲ့ကိစ္စက မောင်းတောတဝိုက်မှာ ဖြစ်နေတဲ့ ကိစ္စက ထောင်ချောက်တခုထဲကို မောင်းသွင်းနေတာပါ။ ဘယ်လို ထောင်ချောက်ထဲကို မောင်းသွင်းနေတာလဲဆိုရင် အရပ်သားတွေကို အင်အားသုံးပြီး ချေမှုန်တယ်။ နှိပ်စက်တယ်။ သတ်ဖြတ်တယ်ဆိုတဲ့ အမြင်ကိုရောက်အောင် စနစ်တကျ ဖန်တီးနေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင် အုံ့ကြွမှုဟာ လက်နက်အကောင်းစားတွေနဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေတာ မဟုတ်ဘဲနဲ့ ပဋိပက္ခ ဖြစ်အောင်လုပ်ပြီးတော့ ဒီဘက်ကနေ လိုက်လံပြီး တိုက်ခိုက်တဲ့ အခြေအနေမျိုးဟာ ဟိုဘက်မှာ အရပ်သားတွေကို ခုခံခိုင်းတဲ့နည်းနဲ့ အခင်းအကျင်းကို တွေ့ပါတယ်။ ဒီအခင်းအကျင်းက အားလုံး မျှော်လင့်ထားသလိုပဲ လူတွေအများကြီး သေတာပေါ့။ အခုသေတဲ့ လူတွေက အရပ်သားတွေ ဖြစ်နေတယ်။ တုတ်ဒါးလက်နက်နဲ့ လူတွေ ဖြစ်နေတယ်။ လက်နက်ကောင်းတွေ တပ်ဆင်ထားတာ မဟုတ်ဘူး။ ဆိုတော့ ဒီဟာက အရမ်းအရေးကြီးပါတယ်။ ဒါကို လုပ်နေတဲ့ လူတွေက ဘာရည်ရွယ်ချက်နဲ့ လုပ်နေတယ်ဆိုတာကို ကျနော်တို့က အရမ်းသတိထားရပါမယ်။ အခုထိ မြင်ရသလောက်တော့ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်နေတယ်ဆိုတဲ့ Image ကို ပေါ်အောင်လို့ ထောင်ချောက်တခုခုကို ဆင်ယင်ထားတယ်လို့ မြင်ပါတယ်။ ဒါကြောင့်မို့ သတိကြီးစွာနဲ့ အစိုးရသစ်က ဖြည်းဖြည်းချင်း ကိုင်တွယ်နေတယ်လို့ မြင်ပါတယ်။ ဒီထက်ပိုပြီးတော့ မီဒီယာတွေ သွားခွင့်လာခွင့်ပေးဖို့၊ အဲဒီနေရာတွေကို Third Party တွေက သွားဖို့၊ သွားခွင့်ပေးဖို့တွေ လိုပါတယ်။ မဟုတ်ဘူးဆိုရင် တဖြည်းဖြည်းနဲ့ ဒီ မီးစက ကြီးလာနိုင်တယ်။ နိုင်ငံတကာက ပိုပြီးစွပ်စွဲပြောစရာတွေ ရှိလာနိုင်ပါတယ်။

XS
SM
MD
LG