သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငှက်ဖျားကာကွယ်ဆေး အာဖရိက ၃ နိုင်ငံမှာ စမ်းသပ်မယ်


ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ် ငှက်ဖျားရောဂါ ကာကွယ်ဆေး ထိုးပေးမယ့် စမ်းသပ် လုပ်ဆောင်မှုအစီအစဉ် စတင်ဖို့ ဂါနာ၊ ကင်ညာ နဲ့ မလာဝီ သုံးနိုင်ငံကို ရွေးချယ်ထားတဲ့ အကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။

ဒီနိုင်ငံ သုံးခုက ကလေးငယ်တွေကို ရှေ့နှစ်ထဲမှာ ငှက်ဖျားရောဂါ ကာကွယ်ဆေး ထိုးပေးမှာပါ။ RTS,S ဒါမှမဟုတ် Mosquirix လို့ခေါ်တဲ့ ဒီကာကွယ်ဆေးကိုတော့ ဗြိတိန် ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီ GlaxoSmithKline က ထုတ်လုပ်တာပါ။ အသက် ၅ နှစ်ကနေ ၁၇ လ သားအရွယ်အထိ ငယ်တဲ့ ကလေးငယ်တွေကို ဒီကာကွယ်ဆေး ထိုးပြီး စမ်းသပ်မှာဖြစ်ပါတယ်။

ငှက်ဖျားရောဂါပိုးကို ဒီပိုးကို သယ်ဆောင်တဲ့ ခြင်မ ကနေတဆင့် အကိုက်ခံရတဲ့ လူကို ကူးစက် ပြန့်ပွားစေတာဖြစ်ပြီး လူကိုသေစေနိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။ RTS,S ဆေး လေးကြိမ် ထိုးဖို့ လိုအပ်ပြီး ဒီလိုလုပ်ဆောင်ဖို့ ဖြစ်နိုင်ချေ တွေကို စမ်းသပ် လုပ်ဆောင်သွားမှာဖြစ်သလို၊ ဒီဆေးကြောင့် ကလေးငယ် သေဆုံးမှုတွေ လျှော့ချနိုင်မလား ဆိုတာနဲ့၊ ဒီဆေးကို ပုံမှန် ဘေးကင်းကင်းနဲ့ ဆက်ပြီး အသုံးပြုသွားနိုင်ဖို့အတွက် စမ်းသပ် လုပ်ဆောင်မှာဖြစ်တယ်လို့ WHO က ပြောပါတယ်။

ငှက်ဖျားရောဂါ ကာကွယ်ဆေး အနာဂတ်နဲ့ပတ်သက်လို့ သတင်းကောင်းတွေ ရှိနေပြီး ဒီ စမ်းသပ်လုပ်ဆောင်မှုကနေ စုဆောင်းရရှိတဲ့ အချက်အလက်တွေ ကနေ ဒီကာကွယ်ဆေးကို နေရာတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးသင့်မသင့် ဆုံးဖြတ်ရာမှာ အထောက်အကူ ဖြစ်စေမှာ ဖြစ်တယ်လို့ WHO ရဲ့ အာဖရိကဆိုင်ရာ ဒေသန္တရ ညွှန်ကြားရေးမှူး ဒေါက်တာ Matshidiso Moeti က ပြောပါတယ်။ လက်ရှိ ဒီရောဂါ ကာကွယ်ရေးလုပ်ဆောင်ချက် တွေအပြင် အခု ကာကွယ်ဆေးကိုပါ ပေါင်းစပ်လိုက်ရင်တော့ အာဖရိကမှာရှိတဲ့ လူ ထောင်ပေါင်းများစွာရဲ့ အသက်တွေကို ကယ်တင်နိုင်မှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG