လမစေ့ပဲမွေးဖွားတဲ့ကလေးများနေ့ကို ထိုင်းမြန်မာနယ်စပ်မှာ CPI (Community Partners International)လို့ခေါ်တဲ့ အစိုးရမဟုတ်တဲ့အဖွဲအစည်းကနေ ဦးစီးကျင်းပခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် မှာတော့ လမစေ့ပဲမွေးဖွားတဲ့ ကလေးတွေကို နည်းပညာအကူညီနဲ့ ကလေးတွေကိုအသက်ရှင်အောင် လုပ်နိုင်တာကြောင့် မယ်တော်ဆေးခန်းရဲ့ မျိုးဆက်ပွားကျန်းမာရေးဌာနကိုလည်း ဂုဏ်ပြုလက်မှတ်ပေးခဲ့တယ် လို့ ဆိုပါတယ် ။
လမစေ့ပဲမွေးဖွားတဲ့ကလေးများနေ့ ပထမဦးအကြိမ်အဖြစ် မြန်မာနိုင်ငံကိုကိုယ်စားပြုပြီး ထိုင်းနယ်စပ်မှာ ဒီကနေ့ကျင်းပခဲ့တာပါ။ မြန်မာနိုင်ငံမှာ လမစေ့ပဲမွေးဖွားတဲ့ ကလေးသေဆုံးမူတွေများတဲ့အတွက် ပညာရေးပေးလုပ်ဆောင်တဲ့အနေနဲ့ ကျင်းပခဲ့ကြတာဖြစ်တယ်လို့ထိုင်း-မြန်မာနယ်စပ် မယ်တော်ဆေးခန်းမှာစေတနာဝန်ထမ်းအဖြစ် လုပ်ဆောင်နေတဲ့ တောင်အာဖရိကက အငြိမ်းစား ဆရာဝန်ကြီး ဒေါက်တာသိန်းဝင်း က အခုလိုပြောပြပါတယ်။
“World Prematurity day ပေါ့နော် ကမ္ဘာ့ လမစေ့တဲ့ ကလေးများနေ့ ကို ကျနော်တို့ Community Partners International ကနေပြီးတော့ ကျင်းပတာပါ။ ကျနော်တို့ WHO ကထုတ်တဲ့အရဆိုရင် မြန်မာနိုင်ငံမှာ ၁ လအောက်ကလေးတွေ သေနှုန်းထဲမှာ လမစေ့တဲ့ ကလေးတွေ သေနှုန်းက များတာကို တွေ့ရပါတယ်။ အကြမ်းဖျဉ်းပြောရင်တော့ ၁၈ ရာခိုင်နှှုန်းလောက်ရှိတယ်လို့ပြောပါတယ်။ အဲဒီအတွက် တကယ်လို့သာ လမစေ့တဲ့ကလေးတွေရဲ့ တတ်နိုင်သလောက်လျှော့ချနိုင်မယ်ဆိုရင် ကျနော်တို့ ၅ နှစ်အောက်ကလေးတွေရဲ့သေနှှုန်းဟာ ကျသွားမှာဖြစ်ပါတယ်။”
ထိုင်း-မြန်မာနယ်စပ်မှာတော့ တိုင်းရင်းသားဒေသကကလေးတွေဟာ မိခင်အဟာရချိုတဲ့တာကြောင့် လမစေ့ပဲမွေးဖွားပြီး သေဆုံးတာ စစ်ဘေး စစ်ဒဏ်တွေကြားမှာမွေးဖွားရင်း ရာသီဥတုဆိုးဝါးတဲ့ အခြေအနေအောက်မှာသေဆုံးကြတာတခြားအကြောင်းအရာတွေကြောင့်လမစေ့ပဲသေဆုံးတာတွေလည်းရှိနေတာပါ ။ ထိုင်းမြန်မာနယ်စပ် မယ်တော်ဆေးခန်းရဲ့မျိုးဆက်ပွားကျန်းမာရေးဌာနမှာတော့ နည်းပညာအကူညီနဲ့အဲဒီလို လမစေ့ပဲမွေးဖွားတာတဲ့ ကလေးတွေအတွက်အသက်ရှင်အောင် လုပ်ဆောင်နိုင်တာတတွေရှိနေပြီလို့လည်း ဒေါက်တာသိန်းဝင်းကပြောပါတယ်။
“ဘာကြောင့်မှန်း အကြောင်းမသိပဲနဲ့ သေတာတွေလည်းရှိပါတယ်။ အဲဒီအခါကျတော့ ဒါကို ကိုင်တွယ်ဖို့ခက်တဲ့အတွက် ထွက်လာတဲ့ ကလေးရဲ့ လမစေ့တာကို ကျနော်တို့က တက်နိုင်သလောက် အသက်ရှင်နိုင်အောင် နည်းပညာသုံးပြီး လုပ်ရတဲ့အနေအထားရှိပါတယ်။ အဲဒါနဲ့ တဆက်တည်းပြောရရင် ကျနော်တို့ မယ်တော်ဆေးခန်းမှာပေါ့နော် ကျနော်တို့ တွေ့တာဆိုရင် အခု ၂၀၀၇- ၂၀၀၈ ကစပြီးတော့ လမစေ့တဲ့ကလေးတွေရော၊ ၁ လအောက်ကလေးတွေရောအတွက်ကို ပြုစုစောင့်ရှောက်တဲ့ နည်းပညာကို စပြီးသုံးလာတဲ့အတွက် အခုဆိုရင် ကျနော်တို့ မယ်တော်ဆေးခန်းမှာ ကလေးတချို့အသက်ရှင်တာကို ကျနော်တို့ တွေ့ရတယ်။ မျိုးဆက်ပွားကျန်းမာရေးအတွင်းလူနာဌာနကို ကျနော်တို့ အသိအမှတ်ပြုတဲ့အနေနဲ့ အမှတ်တရ ဆုချီးမြှင့်ဖို့ကို အစီအစဉ်မှာ ကျနော်တို့ ထည့်ထားပါတယ်ခင်ဗျ။”
မွေးကင်းစကလေးတွေထဲမှာ အလေးချိန်တကီလိုအောက် ကလေးတွေ တကီလိုကျော်တဲ့ကလေး နဲ့ ၂ကီလိုခွဲအထက် ကလေးဆိုတဲ့ အုပ်စု ၃ခုရှိပြီး ၂ ကီလိုအောက် ကလေးတွေမှာကျန်းမာရေး ပြဿနာ တခုခုရှိနေတယ်လို့ဆေးပညာရှင်တွေကယူဆကြတာပါ။ ဒီထဲမှာ လမစေ့ပဲမွေးဖွားလာပြိး ကလေးခန္တာကိုယ်အလေးချိန်နည်းတဲ့ကလေးတွေကို အသက်ရှင်အောင် မွေးမြူဖို့အတွက် ကျန်းမာရေးလုပ်သားတွေက ကြိုးစားလုပ်ဆောင်ခဲ့ရာမှာတော့ အခုဆိုရင် ထိုင်း-မြန်မာနယ်စပ် မယ်တော်ဆေးခန်းမှာ လမစေ့ပဲမွေးဖွားလာတဲ့ ကလေးတွေအများအပြားဟာ အသက်ရှင်ပြီး ကျန်းမာရေးကောင်းမွန်စွာနဲ့ မွေးဖွားနိုင်လာနိုင်ကြပြီလို့ ဆိုပါတယ်။ ဒီအတွက် မယ်တော်ဆေးခန်းရဲ့ မျိုးဆက်ပွားကျန်းမာရေး အတွင်းလူနာဌာနကိုလည်း ဒီကနေ့မှာပဲ ဂုဏ်ပြုဆုချီမြင့်ပွဲလေး လုပ်ခဲ့တာဖြစ်တယ်လို့လည်း ဒေါက်တာသိန်းဝင်းကပြောပြသွားပါတယ်။