သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလကိုယ်စားလှယ် ရန်ကုန်မြို့မှာ လူ့အခွင့်အရေး ဆွေးနွေး


မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee အရပ်ဘက်အဖွဲ့အစည်းနဲ့ တွေ့ဆုံ
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee အရပ်ဘက်အဖွဲ့အစည်းနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့မှာ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာ ကောင်စီနဲ့ ရှေ့နေတို့နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ်အတွင်း ရခိုင်ပြည်နယ် အရေး၊ ငြိမ်းချမ်းရေး ကိစ္စအပါအဝင် နိုင်ငံရေး အကျဉ်းသားများကိစ္စ အကျဉ်းထောင်တွေအရေး ဆွေးနွေးခဲ့ကြတယ်လို့ လူ့အခွင့်အရေး လုပ်ရှားသူ တစ်ဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

မြန်မာနိုင်ငံကို ၅ ကြိမ်မြောက် လာရောက်လေ့လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms.Yanghee ဟာ သူ့ရဲ့ ၃ ရက်တာ ရခိုင်ခရီးစဉ်နောက်ပိုင်း ဒီကနေ့မှာ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ရှေ့နေတစ်ချို့နဲ့ကော သတင်းမီဒီယာကောင်စီ နဲ့ပါ တွေ့ဆုံခဲ့တယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံရုံးခွဲ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။ ၃ နာရီကျော်ကြာ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံစဉ်အတွင်းဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး တတ်ကြွလုပ်ရှားသူတစ်ဦးလည်းဖြစ် Equality Myanmar ရဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“အဓိကတော့ ကျနော်တို့နဲ့ ၃ နာရီကျော်တွေ့တဲ့အထဲမှာ အကြောင်းအရာ ၆ ခုကို အဓိကထား ဆွေးနွေးသွားတယ်။ အဲဒါတွေကတော့ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေဆိုင်ရာ၊ တရားစီရင်မှုဆိုင် ရာ ပြုပြင်ပြောင်းလဲမှု အကြောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုအကြောင်းတွေ၊ နောက်အမျိုးသမီးနဲ့ ကလေးအပါအဝင် လူနည်းစုတွေရဲ့အကြောင်းတွေ၊ ပြီးရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နောက် ရခိုင်ပြည်နယ်ကိစ္စ နောက်တခုကတော့ ကျနော်တို့ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်တွေနဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုဆိုပြီးတော့ ၆ ခု ကိုအဓိကထားဆွေးနွေးပါတယ်။ လက်ရှိအခြေအနေမှာ ဘာတွေဖြစ်နေသလဲ၊ ဘယ်လိုမျိုးတိုးတက်မှုတွေရှိသလဲ၊ ဘယ်နေရာတွေမှာတော့ နောက်ထပ် ထပ်ပြီးတော့ စိန်ခေါ်မှုအခက်အခဲတွေရှိသလဲဆိုတာ ပွင့်ပွင့်လင်းလင်းပြောပြပါတယ်ခင်ဗျ။”

ဒါ့အပြင် Ms.Yanghee Lee မကြာသေးမှီက သွားရောက်ခဲ့တဲ့ ရခိုင်ခရီးစဉ်အတွင်း တစ်ချို့သော နေရာတွေကို သွားခွင့်မရဘူးဆိုတာကို ပြောဆို ခဲ့တဲ့အကြောင်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာလည်း တချို့သောနေရာတွေ သွားလို့မရဘူးလို့ပြောပါတယ်။ ဒါကတော့ သူ့လက်ရှိခရီးစဉ်ပါ ၊ သွားလို့ရသည့်တိုင်အောင် အဲဒီရောက်တော့မှ နယ်မြေလုံခြုံရေးကြောင့်သွားလို့ မရဘူးဆိုတာ တွေ့ရတယ်။ ရခိုင်ပြည်နယ်အရေးက တကယ့်ကို အရေးကြီးတဲ့ ကိစ္စဖြစ်သလို ရခိုင်ပြည်နယ်လိုပဲ ကျနော်တို့ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းတွေမှာလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အခြားဂရုစိုက်လုပ်ရမယ့်အရာတွေရှိတယ်၊ ရခိုင်အရေးကဲ့သို့ တခြား အရေးကြီးသောလူ့အခွင့်အရေးအကြောင်းအရာတွေ မြန်မာပြည်မှာ ရှိတယ်ဆိုတာတော့ သူပြောသွားတာကတော့ ကျနော်တို့ သတိပြုမိပါတယ်။”

ကုလအထူးကိုယ်စားလှယ်ဟာ ခရီးစဉ်မစခင်ကတည်းက ကချင်ပြည်နယ်တွင်းက လိုင်ဇာနဲ့ ဖားကန့်ဒေသတွေကို သွားရောက်လေ့လာဖို့ စီစဉ်ခဲ့ပေမယ့်လို့ လုံခြုံရေး အခြေအနေကြောင့် အစိုးရက ခွင့်မပြုခဲ့ပါဘူး။ ဒါ့ကြောင့်လည်း သူ့ခရီးစဉ်မှာ အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် Ms.Yanghee Lee အနေနဲ့ ဒီတစ်ခေါက် ခရီးစဉ်အတွင်း အင်းစိန်ထောင် ဘူးသီးတောင်ထောင် ၊ စစ်တွေထောင်နဲ့ ဇင်းကျိုက် အလုပ်စခန်းတို့ကို သွားလေ့လာခဲ့သလို အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ်မှာလည်း အကျဉ်းထောင်တွေတွင်း အခြေအနေနဲ့ လူ့အခွင့်အရေး အခြေအနေတို့ကို မေးမြန်းခဲ့တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ ဒီကနေ့ နေ့လည်ပိုင်း မှာ ရှေ့နေတွေနဲ့ တွေ့ခဲ့သလို သတင်းမီဒီယာကောင်စီ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။ မြန်မာနိုင်ငံတွင်း သတင်းမီဒီယာ လွတ်လပ်မှုအခြေအနေ၊ လွတ်လပ်စွာ သွားရောက်သတင်းယူပိုင်ခွင့် ရေးသားခွင့် ကိစ္စရပ်တွေနဲ့ပတ်သတ်လို့ ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှုး ဦးသီဟစောက ပြောပါတယ်။

“အဓိကဆွေးနွေးတာကတော့ ဒီမှာရှိတဲ့ Freedom of Press နဲ့ Freedom of Expression အခြေအနေတွေဘယ်လိုရှိသလဲ။ နောက် သတင်းလောကမှာရှိတဲ့ အခက်အခဲတွေ ကြုံနေရတယ်၊ သူကလည်း ဖြစ်နေတဲ့ အခက်အခဲတွေသူသိတယ် ရခိုင်case ရော မုံရွာက case ရော စသဖြင့် သူကြားထားတာရှိတယ် အဲဒါကို အဓိကမေးတယ်။ နောက် Freedom of Expression on Press ရယ် သတင်းသမားရဲ့ သတင်းရယူခွင့် ပေါ့နော် အဲဒါတွေကို ဆွေးနွေးကြပါတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်တွင်း သတင်းသမားတွေ လွတ်လပ်စွာ သွားရောက် သတင်းယူဖို့ ကိစ္စရပ်တွေကိုလည်း ပြောဆိုခဲ့သလို သတင်းသမားတစ်ချို့ အသတ်ခံခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သတ်လို့လည်း ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။ Ms.Yanghee Lee အနေနဲ့ မနက်ဖြန်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံဖို့ရှိသလို ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ပြည်ထောင်စု အဆင့် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့လည်း တွေ့ဆုံဖို့ ရှိတာပါ။မြန်မာနိုင်ငံကို ၁၂ ရက်တာ လာရောက်လေ့လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်နဲ့ နေပြည်တော် တို့ကိုသွားရောက်မှာဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့ကျရင်တော့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG