သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် မြန်မာလူထုအခြေပြုအဖွဲ့နဲ့ တွေ့ဆုံမည်


 မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ စုံစမ်းရေးမှူး Ms. Yanghee Lee
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ စုံစမ်းရေးမှူး Ms. Yanghee Lee

မြန်မာနိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ စုံစမ်းရေးမှူး Ms. Yanghee Lee ဟာ ဒီကနေ့ အင်္ဂါနေ့မှာ ချင်းပြည်နယ်ထဲက ချင်းရွာတရွာကို သွားရောက်လေ့လာပြီးရင် ရန်ကုန်မြို့မှာ လူထုအခြေပြုအဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။

တနင်္လာနေ့ကတော့ ရခိုင်ပြည်နယ်မှာ စစ်တွေထောင်ကို သွားရောက်လေ့လာခဲ့သလို ရွှေစေတီကိုလည်း သွားရောက်ဖူးမြော်ခဲ့ပြီး ရခိုင်ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။

၃ ရက်ကြာတဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေဆီကို သွားရောက်ပြီး ရခိုင်နဲ့ မွတ်ဆလင်အသိုင်းအဝိုင်း ၂ ခုလုံးကို တေ့ွဆုံမေးမြန်းခဲ့ပါတယ်။ မောင်တောမြို့က မြိုတိုင်းရင်းသား ဒုက္ခသည်စခန်းတခုဆီကိုလည်း သွားရောက်ခဲ့ပါတယ်။

လတ်တလောတိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ငါးခူရ၊ ကျီးကန်းပြင်စတဲ့ရွာတွေအပြင် နယ်စပ်စစ်စခန်းတွေဆီကိုလည်း သွားလေ့လာခဲ့ပါတယ်။ လမ်းတလျှောက်က ရခိုင်ရွာ၊ ဟိန္ဒူရွာ၊ မွတ်ဆလင်ရွာတွေကိုလည်းသွားပြီး ရွာသားတွေကို တေ့ွဆုံမေးမြန်းခဲ့တယ်လို့ ကုလသမဂ္ဂ ရန်ကုန်ရုံးပြန်ကြားရေးတာဝန်ခံက VOA မြန်မာပိုင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက မောင်တောခရိုင်ထဲမှာရှိတဲ့ နယ်ခြားစောင့်စခန်းတွေကို လက်နက်ကိုင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်းမှုအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့ဆိုတဲ့ စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလိုအခြေအနေမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်က အဲဒီဒေသတွေဘက်ကို သွားလေ့လာခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ လူထုအခြေပြုအဖွဲ့ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့မှာတွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေအပေါ် သူတို့ရဲ့အမြင်တွေကို မေးမြန်းမှာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ကျရင်တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တေ့ွဆုံဖို့ စီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG