သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးစုံစမ်းရေးမှူး ဘင်္ဂလားနယ်စပ် ဒုက္ခသည်စခန်းများရောက်ရှိ


၂၀၁၇ ဇန်နဝါရီလ ၁၇ ရက်နေ့ Yanghee lee ရခိုင်ပြည်မြောက်ပိုင်းကို ရောက်ရှိစဉ် (United Nations Information Centre Yangon)
၂၀၁၇ ဇန်နဝါရီလ ၁၇ ရက်နေ့ Yanghee lee ရခိုင်ပြည်မြောက်ပိုင်းကို ရောက်ရှိစဉ် (United Nations Information Centre Yangon)

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Yanghee Lee ဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ မွတ်စလင် ဒုက္ခသည်တွေနေထိုင်ရာ ဘင်္ဂလားဒေ့ရှ် နယ်စပ်က ဒုက္ခသည်စခန်းတွေကို ဒီကနေ့ သွားရောက်ကြည့်ရှု စစ်ဆေးနေပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိခဲ့တယ်လို့ ကုလသမဂ္ဂက မကြာခင်ကပဲ အစီရင်ခံစာထုတ်ပြန်ခဲ့သလို၊ ဒီအခြေအနေတွေကို စုံစမ်းလေ့လာဖို့ မစ် ယန်ဟီးလီး အခုလို ရောက်ရှိနေတာ လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကုလသမဂ္ဂ အစီရင်ခံစာအပေါ်မှာတော့ လက်တွေ့အခြေအနေထက် ချဲ့ကားမှုတွေရှိတယ်လို့ ရခိုင်အရေး ဖြေရှင်း ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြပေးပါမယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Yanghee Lee ဟာ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဇန်နဝါရီလ ၂၀ ရက် တနင်္လာနေ့က စလို့ လေးရက်ကြာ ခရီးစဉ် ရောက်ရှိနေပြီး မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ မွတ်စလင် ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို သွားရောက် လေ့လာနေပါတယ်။ မနေ့က တနင်္လာနေ့တုန်းကတော့ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး A.H. Mahmood Ali နဲ့ Dhaka မြို့တော်မှာ တွေ့ဆုံပြီး ရိုဟင်ဂျာ မွတ်စလင်အရေး ဆွေးနွေးခဲ့တဲ့အကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဒီကနေ့မှာတော့ နယ်စပ်က ဒုက္ခသည်စခန်းတချို့ကို သွားရောက်ခဲ့တာပါ။

အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့တဲ့ ပြီးခဲ့တဲ့လေးလအတွင်း ရိုဟင်ဂျာ မွတ်စလင်ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတာ၊ ဒေသခံတွေ နှိပ်စက်ညှမ်းပမ်းခံရတာ၊ အမျိုးသမီးတွေ မတရားပြုကျင့်ခံရတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိခဲ့တယ်လို့ ဆိုပြီး ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် စွပ်စွဲထားတာပါ။

ကုလသမဂ္ဂ အစီရင်ခံစာပြုစုတဲ့ စုံစမ်းရေးမှူးတွေအနေနဲ့ အခင်းဖြစ်ပွားရာဒေသကိုသွားရောက်ပြီး စုံစမ်းခွင့်ရခဲ့တာတော့ မဟုတ်ပါဘူး။ အစီရင်ခံစာပါ အချက်အလက်အားလုံးနီးပါးဟာ ဘင်္ဂလားဒေ့ရ်ှနယ်မြေထဲက မွတ်စလင်ဒုက္ခသည် စခန်းတွေမှာ အခြေပြုပြီး ရလာတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မစ် ယန်ဟီးလီရဲ့ ခရီးစဉ်ဟာ ဒီလိုအခြေအနေတွေကို လေ့လာစုံစမ်းဖို့ဖြစ်တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့တော့ လက်တွေ့အခြေအနေထက် ချဲ့ကားမှုတွေရှိနေတာတွေ့ရတယ်လို့ ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်ကြည်က ပြောပါတယ်။

“ကျနော်တို့ရဲ့ စစ်ဆေးတွေ့ရှိချက်က ကျနော်တို့ကတော့ ခိုင်မာတယ်၊ မှန်ကန်တယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ကတော့ ဘယ်သူ့ကိုမှ ဖုံးဖိနေတာမဟုတ်ပါဘူး၊ အကာအကွယ်ပေးနေတာမဟုတ်ပါဘူး။ ကျနော်တို့က အမှန်တရားကို လုပ်နေတာပါ၊ အမှန်တရားကို ပြောနေတာပါ။ စွပ်စွဲလို့ရနိုင်တဲ့အနေအထားပေါ့လေ၊ သတင်းအစအနတောင်မှ ကျနော်တို့ မရခဲ့ပါဘူး။ နည်းနည်းရှာဖွေစစ်ဆေးစဉ်မှာ ဣန္ဒြေ ပျက်ပြားစေတဲ့ အပြုအမှုမျိုးလေးတွေ ဒါလေးတွေတော့ ရှိခဲ့တာ ကျနော်တို့ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ဟိုမှာ စစ်ဆေးတွေ့ရှိထားတဲ့အတိုင်း ပုံချဲ့ထားတဲ့အနေအထား လို့ ကျနော့်အနေနဲ့တော့ မြင်ပါတယ်။”

စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို နောက်ပိုင်းမှာ အသေးစိတ် ထုတ်ပြန်ပေးမှာဖြစ်ပြီး လောလောဆယ်ကတော့ စုံစမ်းစစ်ဆေးနေတာတွေ မပြီးပြတ်သေးဘူးလည်း ဦးအောင်ကြည်က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေ အထိ သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင် ကလည်း သူ့ရဲ့ လေ့လာချက်ကို အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့ အချက်အလက် သွားစုံစမ်းတာရယ်ပြောတာတွေကို နားထောင်တဲ့အဆင့်ပဲ၊ Verify လုပ်ဖို့အတွက် ကျနော်တို့မှာက Facility လည်းမရှိဘူးခင်ဗျ။ သူတို့ပြောတာ နားထောင်ရတာပဲလေ၊ သူတို့ပြောတာ နားထောင်တဲ့အပေါ်မှာ ဖြစ်နိုင်လောက်ခြေရှိတဲ့ Case တွေရှိတယ်၊ တချို့လေးတွေမှာတော့ နည်းနည်းလေး ချဲ့ကားပြီးပြောတယ်လို့ ယူဆရတဲ့အချက်လေးတွေရှိတယ်။ သို့သော်အကြမ်းဖျင်းအားဖြင့်ပြောနိုင်တာကတော့ တစုံတခု စစ်ဆင်ရေးတွေမှာ လွန်လွန်ကျွံကျွံဖြစ်ခဲ့တဲ့ လက္ခဏာလေးတွေတော့ ရှိပုံရတယ်။ ရတဲ့အတွက်ကြောင့် သူတို့ ဒီဘက်ကို ကူးပြောင်းလာတယ်၊ အခုဒီ မြန်မာနိုင်ငံ အစိုးရဘက်ကလည်း သူတို့ ဘာတွေပြောထားပြောထား ပြန်စစ်မယ်ဆိုပြီးတော့ စစ်နေတာတွေရှိတယ်ခင်ဗျ ၁ အချက်က၊ ပြီးတော့ တပ်မတော်ကလည်း သတ်သတ်အဖွဲ့တဖွဲ့ ဖွဲ့တယ်။ ကျနော်တို့ ပြည်ထဲရေးက ရဲနဲ့ Immigration ကလည်း သတ်သတ်အဖွဲ့ဖွဲ့ပြီးတော့ ပြန်စစ်မယ်ဆိုတဲ့သဘောသည် လုံးဝငြင်းဆန်တာမဟုတ်ပဲနဲ့၊ ပြန်စစ်မယ်ဆိုတဲ့သဘောလေးတခုကိုတော့ ကျနော်တို့တွေ့ရပါတယ်။ ဆိုတော့ အဲလိုစစ်ဆေးပြီးတော့ သူတို့ထုတ်ပြန်ချက် အပေါ်မှာပဲ ကျနော်တို့ကတော့သုံးသပ်တာ ပိုပြီးတရားမျှတမှာလို့ ထင်ပါတယ်။”

လောလောလတ်လတ် ထွက်ပြေးလာသူတွေ ဘယ်နှစ်ယောက်ရှိတယ် ဆိုတာကို သူ့အနေနဲ့ မပြောနိုင်ပေမယ့်၊ တွေ့ခဲ့ရသူတဲ့ ဒုက္ခသည်တွေ အများအပြားရှိပြီး အဲဒီသူတွေဟာ မြန်မာပြည်က လာတဲ့လူတွေ ဖြစ်တာဆိုတာကိုတော့ သူတို့နဲ့စကားပြောပြီးချိန်မှာ အတည်ပြုလို့ရတယ်လို့ ဦးအေးလွင်က ပြောပါတယ်။

ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ် ယန်ဟီးလီ ကတော့ ဒီလ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေမှာ ဖြစ်ပြီး ဒီခရီးစဉ်ကနေ ရရှိလာတဲ့ ရှာဖွေတွေ့ရှိချက်တွေကိုတော့ လာမယ့် မတ်လ ၁၃ ရက်နေ့ကျရင် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ကို အစီရင်ခံစာ တင်သွင်းမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG