သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

YBS ဘတ်စ်ကားစနစ်သစ် အဆင့်မြှင့်ဖို့ ရန်ကုန်တိုင်းအစိုးရပြင်ဆင်


ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဆောင်ကျင်းပခဲ့တဲ့ YBS ဘတ်စ်ကားစနစ်သစ် သတင်းစာရှင်းလင်းပွဲ။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဆောင်ကျင်းပခဲ့တဲ့ YBS ဘတ်စ်ကားစနစ်သစ် သတင်းစာရှင်းလင်းပွဲ။

ရန်ကုန်မြို့မှာ အများပြည်သူ အသုံးပြုနေကြတဲ့ ဘတ်စ်ကားလိုင်းစနစ်ကို ပြောင်းလဲခဲ့တာ တလပြည့်တဲ့ အချိန်မှာပဲ၊ စနစ်သစ်ကို အဆင့်မြင့်အောင် ထပ်မံမွမ်းမံသွားမယ်လို့ ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ ယာဉ်ကြော ပိတ်ဆို့လွန်းလှတဲ့ ရန်ကုန်မြို့မှာ မြို့ပြဖွံ့ဖြိုးရေး အစီအစဉ် တစိတ်တပိုင်းအဖြစ် YBS လို့ ခေါ်ကြတဲ့ ရန်ကုန်မြို့ ဘတ်စ်ကား စနစ်သစ်နဲ့ အစားထိုး လိုက်တာကြောင့် အဆင်မပြေမှုတွေနဲ့ ဝေဖန်မှုတွေနဲ့လည်း ကြုံခဲ့ရတာပါ။ ရန်ကုန်မြို့က ဘတ်စ်ကား စနစ်သစ် အဆင်မြင့်အောင် တိုးချဲ့မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဆောင်ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခက အပြည့်အစုံပြောပြပေးမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့သူမြို့သားတွေနဲ့ တလကျော်ကြာရင်းနှီးခွင့်ရလာတဲ့YBS ဘတ်စ်ကားပြေးဆွဲရေး စနစ်သစ်တခု ကိုလာမယ့် ဧပြီလမှာ ဘတ်စ်ကားလိုင်းများအများပိုင်ကုမ္ပဏီထူ ထောင်ဖို့၊ ကားတွေကို ရောက်ရှိရာအရပ်ကို ညွှန်ပြတဲ့စက်နဲ့ လုံခြုံရေးအချက်ပြစက် တွေထပ်ဖို့၊ စပယ်ယာမလိုတဲ့ အီလက်ထရောနစ်ငွေပေးချေစနစ် တခုလုပ်ဖို့စီစဉ်ထားတယ်လို့ ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က ပြောဆိုလိုက်ပါတယ်။

"ဧပြီမှာ ကျနော်တို့ အခုပြောခဲ့တဲ့ အဆင့်သုံးဆင့် လုပ်ပါမယ်။ ကုမ္ပဏီတွေ ထူထောင်မယ်။ ဘတ်စ်ကားတွေ အဆင့်မြှင့်တင်မယ်။ နောက်တချက်က အော်ပရေတာ Team တခုကနေ ဘတ်စ်ကားတွေ အကုန်လုံးကို ကျနော်တို့မြင်ကွင်းထဲမှာပဲ ရှိနေရမယ်။ ဒီ့အတွက် သူတို့က မကိုက်ဘူး။ မဆွဲဘူး ဆိုတာမျိုး ရှိလို့မရအောင် ချုပ်ထားမယ်။ နောက်တခုကတော့ ပိုက်ဆံကို Payment စနစ်နဲ့ ကိုယ်စီးသလောက်ပဲ ကျမယ့် အဆင့်ကို ကျနော်တို့ တက်လှမ်းနိုင်မယ်။ ဒီPayment စနစ်ကလည်း ကတ်ဒ်တိုင်း အသုံးပြုလိုတဲ့ ဝန်ဆောင်မှုတိုင်းမှာ သုံးလို့ရမယ့် ပိုက်ဆံကဒ်မျိုး ဖြစ်အောင် ကျနော်တို့ လုပ်ပါမယ်။ နောက်တဆင့်အတွက် ကျနော်တို့ ပြင်ဆင်ထားတာကတော့ ဘတ်စ်ကား မှတ်တိုင်တွေမှာ ဘတ်စ်ကားလိုင်းတွေ အကုန်လုံး မှတ်တိုင်တွေ အကုန်လုံးမှာ ကျနော်တို့ဟာ အမှတ်ပေးစနစ် ကျင့်သုံးသွားမှာဖြစ်ပါတယ်။ ဒီဘတ်စ်ကား ကုမ္ပဏီဟာ ပြည်သူကို ဝန်ဆောင်မှု မပေးနိုင်ဘူးဆိုရင် အစိုးရကနေ Warning လုပ်မှာဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့ ဒီသုံးလပြီး နောင် သုံးလမှာ ကြိုးပမ်းဆောင်ရွက်သွားမယ့် အခြေအနေဖြစ်ပါတယ်။"

မထသဆိုတဲ့ စနစ်နဲ့ကျင့်သားရနေတဲ့ ရန်ကုန်မြို့ကို YBS ဘတ်စ်ကားပြေးဆွဲရေး စနစ်သစ်တခုနဲ့ ရန် ကုန်တိုင်းဝန်ကြီးချုပ်က အစားထိုးခဲ့ပြီး တလအကြာမှာပဲ အဆင့်မြှင့်မယ့် အစီအစဉ်တွေကို ကြေညာလိုက် တာပါ။ စနစ်သစ်ကြောင့် ရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ လျော့နည်း သွားပေမဲ့ ခရီးသွားတွေ အနေနဲ့ အခက်အခဲတွေ ရှိနေတာကိုလည်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်း က သတင်းစာရှင်းလင်းပွဲမှာ အသိအမှတ်ပြု ပြောဆိုသွားပါတယ်။

လက်ရှိမှာ ကားပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေရဲ့ စွမ်းဆောင်ရည်အားနည်းမှု၊ ကားစီးရေ မလုံလောက်မှုတွေ ရှိနေတယ်လို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။ ဝန်ကြီးချုပ်ကတော့ ဧပြီလ အတွင်းမှာ နောက်ထပ် ဘတ်စ်ကားတွေ ထပ်ရောက်လာဖို့ ရှိနေတဲ့ အကြောင်းနဲ့ ဝေဖန်မှုတွေ များနေတဲ့ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်း သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ယာဉ်မောင်းတွေ ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်နောက်လိုက်တွေ အနေနဲ့ စနစ်သစ်မှာ မလိုက်ပါနိုင်ဘူးဆိုရင် ကြပ်ကြပ်မတ်မတ် အရေးယူသွားမယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

"ယာဉ်မောင်းတွေ ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်နောက်လိုက်တွေ အခုပြောင်းလဲမယ့် ကုမ္ပဏီစနစ်ကို ပြည်သူကို မျက်နှာမူပြီး ပြည်သူ့အတွက် ဆိုတဲ့အသိနဲ့ လိုက်ပါဖို့ဖြစ်ပါတယ်။ မလိုက်ပါနိုင်ဘူး ဆိုရင် ကျန်ခဲ့နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က သုံးလ တစ်ကြိမ် အဆင့်မြင့်တင်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် အခု ကျနော်တို့ရဲ့ လှုပ်ရှားမှု ဒုတိယလှိုင်းကတော့ ကားတွေ အားလုံးကို အဆင့်မြှင့်တင် ဆောင်ရွက် သွားဖို့ ဖြစ်ပါတယ်။ မှတ်တမ်းတင် ထားမှုတွေရှိပါတယ်။ အဆိုးဆုံး နာမည် အပျက်ဆုံး ယာဉ်လိုင်းတွေကိုလည်း ကျနော် ဒီနေရာကနေ သတိပေးပါရစေ။ တလိုင်းလုံး ရပ်ဆိုင်းသွားနိုင်ပါတယ်။ ကိုယ့်ဘက်က စီးပွားရေး လုပ်ငန်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ထမင်းရှင်တွေကို တကယ့်ကို ဝန်ဆောင်မှု ပေးနိုင်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။"

လက်ရှိမှာ တိုင်ကြားမှုတွေကို မှတ်တမ်းတင်ပြီး အရေးယူဖို့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ တိုင်ကြားမှုတွေအပေါ် နောက်ပိုင်းမှာ ဒီ့ထက်ပို ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက် သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း လမ်းပမ်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် က ပြောပါတယ်။

" ကျမတို့ ကားတွေပေါ်မှာလည်း CCTV တပ်မှာဖြစ်ပါတယ်။ နောက်ပြီးတော့ ကျမတို့ မီးပှိုင့်တွေမှာလည်း CCTV တပ်မှာဖြစ်ပါတယ်။ အဲ့လိုကနေပြီး တဖြေးဖြေးနဲ့ တမြို့လုံးကို ကျမတို့ Smart City ဖြစ်အောင်လို့ လုပ်သွားဖို့ရှိပါတယ်။ အဲ့ဒီ့လိုမျိုး လုပ်တာကတော့ အဓိကက တော့ မိန်းကလေးဖြစ်စေ ယောက်ကျားလေးဖြစ်စေ ဘယ်အချိန်မှာဖြစ်ဖြစ် ဥပဒေရဲ့စောင့်ရှောက်မှုအောက်မှာ လုံလုံခြုံခြုံ သွားနိုင်အောင်လို့ ကျမတို့ ဒါကို ကြိုးစားနေတာဖြစ်ပါတယ်။"

YBS ဘတ်စ်ကားစနစ်သစ်မှာတော့ ဒီစနစ်ကို ဂျပန်နိုင်ငံက နိုင်ငံတကာ အကူအညီပေးရေး အစီအစဉ် JICA ကလည်း ပါဝင်ကူညီနေသလို၊ တခြားနိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကူညီဖို့ကတိပြုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG