သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

YBS စနစ် အားနည်းချက် အချိန်မီပြင်ဖို့တိုက်တွန်း


ဆူးလေးဘုရားအနီးက YBS ကားလိုင်းသစ်စီးမည့် ခရီးသွားများ
ဆူးလေးဘုရားအနီးက YBS ကားလိုင်းသစ်စီးမည့် ခရီးသွားများ

ရန်ကုန်တိုင်းအစိုးရက ဒီကနေ့မှာ စတင်လိုက်တဲ့ YBS ဘတ်စ်ကားပြေးဆွဲရေး စနစ် သစ်ဟာ ကြိုတင်ပြင်ဆင်မှု အားနည်းတာကြောင့် ပြည်သူ တွေ အခက်ကြုံရတဲ့ အသံတွေကြားနေရပေမယ့် အချိန်နဲ့တပြေးညီ ပြုပြင်ပြောင်းလဲ သွားမယ်ဆိုရင် ပြည်သူတွေအတွက် ကောင်းမွန်တဲ့ ယာဉ်ပြေးဆွဲရေး စနစ်တခု ဖြစ်လာနိုင်တယ်လို့ ရန်ကုန်တိုင်းလွှွတ်တော်အမတ်တချို့နဲ့ စီမံခန့်ခွဲရေးလေ့လာ သူတွေက ပြောဆိုကြပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

YBS ဘတ်စ်ကားပြေးဆွဲရေးစနစ်သစ် စတင်လိုက်တဲ့နေ့မှာပဲ ခရီးသည်တွေဟာ သူတို့သွားလိုတဲ့နေရာကို အရောက်သွားနိုင်ဖို့ အခက်ကြုံ ရသလို၊ ခရီးစာရိတ် ပိုကုန်ကျတယ်ဆိုတဲ့ ညီးတွားသံတွေကိုလည်း လူမှုမီဒီယာတွေမှာ ကြားရပါတယ်။

ရန်ကုန်မြို့ခံပြည်သူတွေ မနှစ်မြို့တဲ့ မထသ ဘတ်စ်ကားစနစ်ကို ဖျက်သိမ်းပြီး အခုအသစ်ပြေးဆွဲတဲ့ YBS စနစ်ဟာ စမ်းသပ်စနစ်သစ်တခု ဖြစ်ပါတယ်။ စမ်းသပ် စနစ်ကို အကောင်အထည်ဖေါ်တဲ့အခါ ပြည်သူတွေ အဆင်ပြေစေဖို့ဆိုရင် မြို့နယ် တချို့မှာ အစမ်းသဘော ပြေးဆွဲ ကြည့်ပြီး အကျိုးအပြစ်ရလဒ်တွေကို အပြန်အလှန် လေ့လာသုံးသပ်ပြီးမှ ရန်ကုန်မြို့ကြီး တခုလုံးကို ပြေးဆွဲတာမျိုး စီစဉ်ပေးသင့်တယ်လို့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က ပြောပါတယ်။

“ လူတွေ မကြိုက်တော့တဲ့အတွက် မထသစနစ်ကိုဖြုတ်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက စီစဉ်တာဖြစ်တယ်။ ဒါပေမယ့် ဒီလိုစီစဉ်တဲ့အခါမှာ ကျမတို့ဒီ ခရိုင် ၄ခု စလုံးကို ဘတ်စ်ကားလိုင်းတွေ အများကြီးနဲ့ ပြေးဆွဲနေတာဖြစ်တယ်။ အဲဒီတော့ ကျမရဲ့ဆန္ဒအရဆိုရင်တော့ pilot project အနေနဲ့ ခရိုင်တခုကို စပြီးလုပ်စေ ချင်တယ်။ ပြီးရင် ကျောင်းသားတွေအတွက် ကျောင်းသားတွေ အနေနဲ့ ကွေ့ပတ် မစီးရပဲနဲ့ သူတို့တက္ကသိုလ် တွေကို တိုက်ရိုက်ရောက်တဲ့ လိုင်းတွေကို အရင် စီစဉ်ပေးလိုက်၊ အဲလိုစီစဉ်ပေးထားတယ်ဆိုရင် ကုန်ကျစရိတ်နည်းမယ်။ အခု လူထုတွေ အော်နေတာက လိုင်းတွေ ရှုပ်ထွေးတယ် နားမလည်ဘူး၊ နောက်တခုက ကုန်ကျစားရိတ်က အခါတိုင်း ၂၀၀ တန်လိုင်းကို အခု ၆၀၀ လောက် တနေ့ကို ကုန်တာဖြစ်တယ်လို့ ပြောကြတယ် ”

လူတွေ စိတ်ပျက်နေတဲ့ မထသစနစ် ဖျက်သိမ်းတာကို ကြိုဆိုပေမယ့်၊ YBS ဘတ်စ်ကားပြေး ဆွဲရေးစနစ်သစ်ဟာ ကြိုတင်ပြင်ဆင်မှု လေ့လာ ဆန်းစစ်မှုတွေ အားနည်းခဲ့တာ သတိထားမိတယ်လို့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း YSPS တာဝန်ခံ ဦးမြတ်သူက သုံးသပ်ပါတယ်။

“ ဒီ မထသ-စနစ်က အင်မတန်မှ ဆိုးရွားတဲ့စနစ်ပေါ့၊ ဒါကို ပြုပြင်ဖို့ကျိုးစားတာ ကိုတော့ ကျနော်တို့ အသိအမှတ်ပြုပါတယ်။ သို့သော် သုတေသန လုပ်ထားတာ၊ ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်တာမျိုး မရှိပဲနဲ့ သူတို့ဒီဟာတွေကို ဗော်လန်တီယာတွေ နဲ့ ဖြေရှင်းမယ် ဆိုပြီးတော့ မီဒီယာအား သုံးပြီးတော့လုပ်တယ်။ သို့သော် ဗော်လန် တီယာ ၈၀၀ ဆိုတာ ရန်ကုန်တမြို့လုံးမှာ ဘာမှမဟုတ်ဘူး။ နောက်ပြီးတော့ တခုခု ဖြစ်လာရင် ဒါကိုပြန်ကိုင်တွယ်ဖို့အတွက် စီမံထားတဲ့ဟာတွေ ဘာမှ မတွေ့ရဘူး။ ကားအရေအတွက် ပိုလွှတ်ဖို့လိုမလား အဲဒါဆိုရင် ကား အရေအတွက် နောက်နေ့တွေမှာ ပိုလွှတ်နိုင်အောင် ဘယ်လိုလုပ်မလဲ ၊ ဒီလို မြန်မြန်ဆန်ဆန် respond လုပ်လာနိုင်ရင်တော့ အတိုင်းအတာ တခုထိတော့ ပြေလည်ကောင်း ပြေလည်သွားနိုင်တာပေါ့လေ ”

တကယ်တော့ ရန်ကုန်တိုင်း အစိုးရဟာ ပြည်သူလူထုအတွက် ကောင်းမွန်တဲ့ စနစ်သစ် တခု ဖြစ်လာအောင် စီစဉ်နေတာသာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။

“ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ ပြည်သူလူထု မကြိုက်တဲ့ မထသကို ဖြုတ်ပေး ရတာပါ။ နောင်တချိန်မှာ ပြည်သူလူထုအတွက် သက်တောင့် သက်သာဖြစ်စေမယ့် အများကြိုက်နှစ်သက်မယ့် ဘတ်စ်ကားလိုင်းတွေ ဖြစ်ပေါ်လာဖို့ အခုထဲက ပြောင်းလဲရတာ ဖြစ်တဲ့အတွက် ဟို စစချင်းဖြစ်တဲ့အတွက် အခက်အခဲ တော့တွေ့နိုင်တယ် ”

YBS စနစ်သစ်နဲ့ စတင်ပြေးဆွဲချိန်မှာ ခရီးသွားတွေကို စေတနာ့ဝန်ထမ်းကူညီသူ ရန်ကုန်တမြို့လုံး ရာနဲ့ချီရှိခဲ့ပေမယ့် တကယ်တမ်းမှာ ဒီထက်မက ရှိဖို့လိုတယ်လို့ သုံးသပ်သူတွေရှိပါတယ်။ အထူးသဖြင့် ယာဉ်ကြောပိတ်ဆို့မှု အကြီးမားဆုံး ဖြစ်နေ တဲ့ ရန်ကုန်သိမ်ကြီးဈေး မီးပွိုင့် လိုနေရာမျိုးကို ဖြေရှင်းဖို့လိုတယ်လို့ ဦးမြတ်သူ က ထောက်ပြပါတယ်။

“ အခု ရန်ကုန်မြို့ထဲမှာဆိုရင် မြို့ထဲလမ်းကြပ်တာရဲ့ အဓိက အကျဆုံးအချက်က သိမ်ကြီးဈေး မီးပွိုင့်မှာဖြစ်နေတာ။ အဲဒါ အဲဒီသိမ်ကြီးဈေး မီးပွိုင့်ကို ဘယ်လိုပြေလျှော့အောင် လုပ်မလဲဆိုတာက- ယာဉ်ထိန်းရဲလိုမယ်။ ပြီးရင် သူ့ဘေးကပ်လျှက် ဝင်းတွေမှာ အထပ်မြင့် ကားရပ်နားစခန်းလိုဟာမျိုး ဖွင့်ပြီး၊ သိမ်ကြီးဈေးကားတွေကို ရှင်းဖို့ကြိုးစားမယ်၊ ဘက်ပေါင်းစုံကနေ ချည်းကပ်တဲ့ ပုံစံမျိုးနဲ့သွားမှ။ နောက် ယာဉ်ထိန်းရဲကလည်း အဲဒီနေရာမှာ အဆက်မပြတ် ဒီ ယာဉ်ကြောတွေကို ရှင်းပေးမှရမယ် ”

အခုကာလဟာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တစ်လတာရပ်နားထားတဲ့ ကာလဖြစ်ပြီး လွှတ်တော်ပြန်စတဲ့အခါ ဒီ YBS စနစ်သစ်ပြဿနာ ကို သုံးသပ်ဆွေးနွေး သွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG