သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ကားလိုင်းအစီအစဉ်သစ် ၁၆ ရက်နေ့ စတင်မည်


အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်များ
အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်များ

ရန်ကုန်မြို့ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အစီအစဉ်ကို ရန်ကုန်တိုင်း အစိုးရက နောက် သတင်းပတ်က စလို့ စတင် တာဝန်ယူတော့မှာ ဖြစ်ပါတယ်။ လက်ရှိ ပြေးဆွဲနေတဲ့ ပုဂ္ဂလိကပိုင် ယာဉ်လိုင်းတွေအနေနဲ့ တိုင်း အစိုးရက သတ်မှတ်ထားတဲ့ လမ်းကြောင်း ၅၈ ခုထဲကနေ ရွေးချယ်နေကြပါတယ်။ ဒီလလယ်ပိုင်းမှာ အပြီး ဖျက်သိမ်းတော့မယ့် မော်တော်ယာဉ်လိုင်းပေါင်းစုံ စီမံခန့်ခွဲမှု အဖွဲ့ - မထသ ကတော့ ရန်ကုန်တိုင်း အစိုးရရဲ့ ဆောင်ရွက်ချက်က အများပြည်သူ သယ်ယူပို့ဆောင်ရေးပိုင်းမှာ ပိုပြီး ကောင်းမွန်လာမယ်လို့ ပြောဆိုပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရန်ကုန်မြို့ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးပိုင်းကို လက်ရှိ ပုဂ္ဂလိက ယာဉ်လိုင်းတွေနဲ့ ပြေးဆွဲနေတာတွေကို အခု ဇန်နဝါရီလ ၁၅ ရက်နေ့ ညမှာလုံး၀ အပြီးတိုင် ရပ်နားပြီး ရန်ကုန်တိုင်း အစိုးရရဲ့ ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က တိုက်ရိုက် စီမံခန့်ခွဲတော့မှာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စတင်မယ့် ယာဉ်လမ်းကြောင်း ၅၇ လိုင်းကို ရန်ကုန်တိုင်း အစိုးရက သတ်မှတ်ထားပြီး လက်ရှိ ပုဂ္ဂလိကပိုင် ယာဉ်လိုင်းတွေက စိတ်ကြိုက် ရွေးချယ်နေကြတယ်လို့ ရန်ကုန် အစိုးရ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“သူတို့ရွေးပြီးသား၊ သူတို့လမ်းကြောင်းတွေနဲ့ သူတို့ရှိပြီးသား ကျမတို့က အစိုးရပါဝင်သော ကုမ္ပဏီ ၈ ခု ထူထောင်မှာဖြစ်တဲ့အတွက် လက်ရှိကုမ္ပဏီတွေက အကုန်ပြန်ပေါင်းမှာ အဲဒါပါပဲ။”

ရန်ကုန်တိုင်း အစိုးရက ယာဉ်လမ်းကြောင်း ၅၈ လိုင်း အဖြစ် ကြေညာထားပေမယ့် ယာဉ်လမ်းကြောင်း နံပတ် ၁၃ မပါတာကြောင့် အမှန်က ယာဉ်လိုင်း ၅၇ လိုင်းဘဲ တွေ့ရပါတယ်။ ဒီယာဉ်လမ်းကြောင်းတွေကို ရွေးချယ် ပြေးဆွဲမယ့် ယာဉ်လိုင်းတွေကိုတော့ ရန်ကုန်တိုင်း အစိုးရက ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပါဝင်မယ့် အများပိုင် ကုမ္ပဏီ ၈ ခုထဲမှာ စုစည်းမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကို ဆယ်စုနှစ်နဲ့ချီ တာဝန်ယူခဲ့တဲ့ မော်တော်ယာဉ်လိုင်းပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ - မထသ ကိုလည်း ဒီလ ၁၅ ရက်နေ့ ညမှာ လုံး၀ ဖျက်သိမ်းမှာ ဖြစ်ပါတယ်။ မထသ အဖွဲ့ကြီးရဲ့ အတွင်းရေးမှူး ဦးဘမြင့်ကတော့ ရန်ကုန်တိုင်း အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးပိုင်းမှာ ပိုပြီး စည်းကမ်း ရှိလာမယ်လို့ ပြောပါတယ်။

“ကောင်းတာကတော့ဗျာ ပိုကောင်းတာပေါ့ လက်ရှိစနစ်က ပုဂ္ဂလိက က တဦးချင်းပိုင်တဲ့ယာဉ်တွေကို ဦးစီးပြီးတော့ ယာဉ်လှိုင်းအဖြစ်ပြေးဆွဲတဲ့စနစ်ဖြစ်ပါတယ်။ အဲဒီတော့ အုပ်ချုပ်ကွပ်ကဲရတာလည်း ခက်ပါတယ်။ လိုက်နာမှုလည်းအားနည်းပါတယ်။ အခုလို ကုမ္ပဏီတွေစုပြီးတော့ ဖွဲ့ပေးမယ်ဆိုတော့ ကျနေ်ာပြောချင်တာက ပြောစရာရှိရင် ကုမ္ပဏီကိုပြောလိုက်ရုံပါပဲ။ သူ့အတွက်စည်းကမ်းဖောက်ဖျက်မှုတွေ သူလိုက်နာရမယ့် ကိစ္စတွေ၊ အစိုးရဖြစ်စေချင်တာတွေ ဒါက အုပ်ချုပ်မှုလည်း လွယ်ကူပါတယ်၊ စည်းကမ်းစနစ်လည်း ပိုပြီးတော့ ကောင်းလာမယ်လို့ ယူဆပါတယ်။”

ခရီးသည်တင် ကားတွေ ပြေးဆွဲမယ့် လမ်းကြောင်းသစ်တွေနဲ့ ပတ်သက်ပြီးလည်း မော်တော်ယာဉ်လိုင်းပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ - မထသ ဗဟိုရဲ့ အတွင်းရေးမှူး ဦးဘမြင့်က အခုလို ပြောပါတယ်။

“လိုင်းကြောင်းတွေ ဆွဲထားတာကတော့ အတက်နိုင်ဆုံး သူတို့ ပြည့်စုံအောင်ဆွဲကြပါတယ်ခင်ဗျ၊ ဒါကျနော်တို့ဆီက မထသ ဗဟိုနဲ့လည်း ပေါင်းစပ်ပြီးတော့ ကျနော်တို့က လမ်းကြောင်းတွေကို ရှင်းပြပါတယ်။ ဒီအထဲကနေပြီးတော့ သူတို့က အင်မတန်လိုအပ်တဲ့နေရာတွေ အရေးကြီးတဲ့နေရာတွေလို့ ယူဆတဲ့ လမ်းကြောင်းတွေကို လမ်းကြောင်း ၅၈ ကြောင်းရွေးချယ်ပြီးတော့ ဆောင်ရွက်တာပါ။ ပြည့်စုံမှုရှိမရှိဆိုတာကတော့ မပြောနိုင်ပါဘူးခင်ဗျ။ ပြည့်စုံမှုကတော့ ဘယ်လိုမှ မရှိနိုင်ပါဘူး။ သူတို့လည်း ဝန်ခံထားတာ ၈၀ ရာခိုင်နှုန်းပဲ cover ဖြစ်မယ်လို့ ပြောထားပါတယ်။”

ရန်ကုန်တိုင်း အတွင်း ပြေးဆွဲနေတဲ့ ပုဂ္ဂလိက ယာဉ်လိုင်းတွေ ခရီးသည်လုရင်း ကားအပြိုင်အဆိုင်မောင်းနှင်တာ၊ ယာဉ်စီးခ ပိုပြီး တောင်းခံတာတွေ၊ နောက် ယာဉ်ကြော ရှုပ်ထွေးလှတဲ့ ရန်ကုန်မြို့တော်တွင်းမှာ ကားငယ်တွေကို အနိုင်ကျင့် ရိုက်နှက်တာတွေ၊ ရန်ဖြစ်တာတွေ ခပ်စိပ်စိပ် ဖြစ်လာချိန်မှာ ရန်ကုန်တိုင်း အစိုးရ အဖွဲ့က အများပြည်သူ သယ်ယူပို့ဆောင်ရေးကို တိုက်ရိုက်ကိုင်တွယ်မယ့် အစီအစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း အစိုးရက ကိုင်တွယ်တော့မယ့် ယာဉ်လိုင်းတွေမှာတော့ ခရီစဉ် အစအဆုံး ၃၀၀ ကျပ်ထက် မပိုစေဘဲ ည ၁၀ နာရီ အထိ ပြေးဆွဲမယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG