သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတလစဉ်မိန့်ခွန်းအပေါ် တုံ့ပြန်ချက်များ


ဒီဇင်ဘာလ ၂ ရက်နေ့ ပြောကြားခဲ့တဲ့ သမ္မတ ဦးသိန်းစိန်မိန့်ခွန်းမှာ သူ့ရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို တုံ့ဆိုင်းနေပြီလို့ ပြည်တွင်းနဲ့ နိုင်ငံတကာက ထောက်ပြပြောဆိုခဲ့တဲ့ အချက်တွေကို ပယ်ချခဲ့ပြီး အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။ ကျောင်းသားတွေ ကန့်ကွက်နေတဲ့ ပညာရေးဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း ညှိနှိုင်းမှုတွေ လုပ်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တဘက်မှာတော့ သမ္မတ ပြောဆိုတာတွေကို အင်အားစု အသီးသီးကသူတွေက အပြည့်အ၀ သဘောမတူဘဲ ဘယ်လိုအချက်တွေကို လက်မခံနိုင်တွေ ရှိနေတယ်ဆိုတာကို ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

လစဉ်ပြောကြားတဲ့ ရေဒီယိုမိန့်ခွန်းကို ဒီဇင်ဘာလအတွက် သမ္မတ ဦးသိန်းစိန်က ဒီကနေ့မှာ ပြောကြားခဲ့တာပါ။ ၂၀၁၀ ခုနှစ်ကစပြီး သူ့အစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်လို့ ပြောဆိုခဲ့ပြီး တောက်လျှောက် ပြုပြင်မှုတွေ လုပ်နေမယ်လည်း ဒီနှစ်ပိုင်းတွေကစလို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ တုံ့ဆိုင်းလာတယ်လို့ ပြောဆိုမှုတွေကို သမ္မတက ဒီနေ့ သူ့ရဲ့မိန့်ခွန်းထဲမှာ တရားဝင် ပယ်ချခဲ့ပါတယ်။

“အသက်ဝင် ရှင်သန်ရေးအတွက် လိုအပ်တဲ့ အခြေခံများကို တည်ဆောက်နေရတာ ဖြစ်တဲ့အတွက် ယနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများဟာ တုံ့နှေးနေတယ်ဆိုတဲ့ အားမလိုအားမရ ပြောဆိုနေမှုများ ရှိနေခြင်းဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ဒီပြုပြင်ပြောင်းလဲရေးဖြစ်စဉ် အသက်ဝင် ရှင်သန်ရေးအတွက် မှန်ကန်တဲ့ စိတ်ရင်းစေတနာနဲ့ လက်တွေ့ အရှိတရားတွေကို အခြေခံတဲ့ ကြိုးပမ်းအားထုတ်မှုကို အစဉ်တစိုက် အာရုံစိုက် ဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားလိုပါတယ်။”

ဒါပေမဲ့ တဘက်မှာတော့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ နိုင်ငံရေးမှာရော၊ စီးပွားရေးပိုင်းမှာပါ သိသိသာသာ ကျဆင်းလာတာလို့ ဆိုပါတယ်။

“မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ နှေးကွေးနေတယ်၊ တုံ့ဆိုင်းနေတယ်။ ရပ်တန့်နေတယ်လို့ ပြောလို့ရတဲ့ အနေအထားမျိုး ရှိပါတယ်ဗျ။ ဥပမာ - နိုင်ငံရေးပိုင်းမှာဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်း ကျော်လွှားဖု့ိကိစ္စ၊ နောက်ပြီးတော့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲကိစ္စ၊ နောက်တခါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲကိစ္စ၊ ဒီအဓိကကိစ္စကြီး ၃ ခုစလုံးမှာ သမ္မတရဲ့ ဆောင်ရွက်ချက်တွေဟာ အင်မတန်မှ လေးလံပြီးတော့ နှေးကွေးပြီးတော့ တုံ့နှေးနေတာကို တွေ့ရပါတယ်ခင်ဗျ။”

မြန်မာ့အရေး လေ့လာဆန်းစစ်သူ ဒေါက်တာ ရန်မျိုးသိမ်း သုံးသပ်ပြောဆိုခဲ့တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက အမျိုးသားပညာရေးဥပဒေမူကြမ်းကို ပြည်တွင်းက တက္ကသိုလ် ကျောင်းသားတွေ အကြီးအကျယ် ဆန္ဒထုတ်ဖော် သပိတ်မှောက်ခဲ့ကြပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ သမ္မတကို သူ့ရဲ့မိန့်ခွန်းထဲမှာ ပြောဆိုခဲ့ပါသေးတယ်။ အမျိုးသားပညာရေးဥပေဒနဲ့ ပတ်သက်ပြီး နည်းဥပဒေတွေ ရေးဆွဲတဲ့အခါ ပါဝင်သင့်သူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြန်ညှိနှိုင်းဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

သမ္မတရဲ့ အခုပြောဆိုချက်ကို ကျောင်းသားသမဂ္ဂမှာ လှုပ်ရှားသူအချို့က လက်မခံပါဘူး။ ဥပဒေ ရေးဆွဲထဲက ပညာရေးလောကကို ချုပ်ကိုင်ထားတာဖြစ်တဲ့အတွက် နည်းဥပဒေကျမှ ပြင်ဆင်ပါလို့ ပြောဆိုချက်ဟာ လက်တွေ့မကျဘူးလို့ ဗကသ အတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောပါတယ်။

“ကျမတို့ ဒီဥပဒေက တကယ်ကို အသုံးတည့်နိုင်တဲ့ ဥပဒေဖြစ်ဖို့ အခုကတည်းက အမျိုးသားပညာရေးဥပဒေမှာ အဲ့လိုအချက်မျိုးတွေ မပါအောင် ကျမတို့က ကြိုပြင်ရမှာလေ။ အဲ့တော့ အဲ့လိုအချက်မျိုးတွေ မပါအောင် ကြိုမပြင်ဘဲနဲ့ နည်းဥပဒေမှာ ထပ်ပြီး ကျမတို့ လိုချင်တာတွေ ထည့်လို့ရဦးမယ်ဆိုကြပါစို့ ကျမတို့ကလည်း ထည့်လို့ရမယ်လို့လည်း မမျှော်လင့်ပါဘူး၊ အခါတိုင်းလိုပဲ ကျမတို့ ညှိနှိုင်းမှုတွေက အမြဲတမ်း ဘေးဖယ်ခံရမှာချည်းပဲ။ ထည့်လို့ရဦးမယ် ဆိုရင်တောင်မှ ကျမတို့ ခုနပြောတဲ့ ရှေ့က အမျိုးသားပညာရေးဥပဒေနဲ့ အနောက်က နည်းဥပဒေနဲ့ အပြန်အလှန် ထပ်ပြီး ယှဉ်ဖက်နေဦးမယ်ဆိုရင် ကျမတို့ အဲ့ဒီဥပဒေက ဘယ်လိုမှလည်း အသုံးကျမှာ မဟုတ်ဘူး။ အသုံးဝင်မှာလည်း မဟုတ်ဘူး။ အသုံးပြုလို့ရမှာလည်း မဟုတ်ဘူး။ အဲ့လိုအနေအထားမျိုးတွေ ဖြစ်လို့တော့ မရဘူးရှင့်။”

သမ္မတက ဒီနေ့မိန့်ခွန်းထဲမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးလည်း ပြောပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ဆက်လက် လုပ်ဆောင်မှာဖြစ်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ခွဲထွက်ရေးနဲ့ အချုပ်အချာကို ထိခိုက်မယ့် အချက်တွေကလွဲလို့ အခြားကိစ္စတွေ အားလုံးကို ဆွေးနွေးဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်တဲ့ KNU ရဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က -

“သမ္မတကြီး အမိန့်ရှိတာကတော့ အဓိကကျတဲ့ နိုင်ငံရဲ့ အနာဂတ်၊ နိုင်ငံရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီးတော့ သူ အဓိက အာမခံချက်အနေနဲ့ ပြောသွားတာဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ အနေနဲ့လည်း ဒီပြည်ထောင်စုကြီးကနေ ခွဲထွက်ဖို့ဆိုတာ ဒီနေ့ ရောက်ရှိနေတဲ့ အခြေအနေမှာ ဘယ်လိုမှ ကျနော်တို့ မစဉ်းစားပါဘူး။ ကျနော်တို့ ပြည်ထောင်စုကြီးမှာ တစည်းတလုံးတည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကျနော်တို့ နေထိုင်နိုင်မှသာလျှင် ကျနော်တို့ မျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ သမ္မတရဲ့မိန့်ခွန်းကို ကျနော်တို့ ကြိုဆိုထောက်ခံပါတယ်။”

ဒီဇင်ဘာလအတွက် သမ္မတရဲ့ မိန့်ခွန်းထဲမှာ အာဆီယံဆွေးနွေးပွဲကြီး အောင်မြင်ခဲ့တာကို အသိအမှတ်ပြုခဲ့သလို ပြီးခဲ့တဲ့လအတွင်း နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့တဲ့အပေါ်မှာ ဗဟိုဘဏ်ရဲ့ ထိန်းညှိနိုင်မှုကို ချီးကျူးခဲ့တာကိုလည်း တွေ့ရပါတယ်။

XS
SM
MD
LG