သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အပြောင်းအလဲ ခိုင်မာမှုရှိဖို့လို


အမေရိကန် သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ ရန်ကုန် လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့ကြပါတယ်။ ( နိုဝင်ဘာ ၁၉။ ၂၀၁၂။)
အမေရိကန် သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ ရန်ကုန် လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့ကြပါတယ်။ ( နိုဝင်ဘာ ၁၉။ ၂၀၁၂။)
မြန်မာနိုင်ငံမှာ လက်ရှိ ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေရဲ့ အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းပြီး အောင်မြင်တဲ့အထိ ဆောင်ရွက် သွားနိုင်ဖို့အတွက် မြန်မာအစိုးရအနေနဲ့ အဓိက ဘာတွေ ဆောင်ရွက်သင့်တယ် ဆိုတာတွေကို အမေရိကန်အခြေစိုက် Asia Society အဖွဲ့က အစီရင်ခံစာ တစောင် ထုတ်ပြန် အကြံပြုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေးအရ တိုးတက် ပြောင်းလဲလာတာတွေ ရှိပေမဲ့လို့၊ အခြေအနေတွေဟာ စိတ်ချရတဲ့ အနေအထားကိုတော့ မရောက်သေးတာကြောင့် အခုလို အကြုံပြုတာ ဖြစ်တဲ့အကြောင်း အစီရင်ခံစာ ရေးသားသူတွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေး က တင်ပြထားပါတယ်။
“မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှု တည်တံ့ခိုင်မြဲရေး အဓိက စိန်ခေါ်မှု ၁၀ ချက်” - Sustaining Myanmar’s Transition: Ten Critical Challenges ဆိုတဲ့ခေါင်းစဉ်နဲ့ Asia Society အဖွဲ့က ဇွန်လ ၂၄ ရက်နေ့မှာ အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်တဲ့ တိုးတက်မှုတွေနဲ့ စိန်ခေါ်အကဲစမ်းမှုတွေကို ဒီအစီရင်ခံစာမှာ သုံးသပ်တင်ပြထားသလို၊ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ရှေ့ဆက် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကိုလည်း အကြံပြုတင်ပြထားပါတယ်။

အစီရင်ခံစာပါ အဓိက အချက်တွေနဲ့ ပတ်သက်လို့တော့ အစီရင်ခံစာကို ရေးသားခဲ့သူ တစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအဖွဲ့အကြီးအကဲဟောင်း ပရစ္စလာ ကလပ် (Priscilla Clapp) က အခုလို ပြောပါတယ်။

“အစီရင်ခံစာရဲ့ အဓိက အချက်ကတော့ မြန်မာနိုင်ငံထဲမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အကြီးအကျယ် ပြောင်းလဲခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လေ့လာစမ်းစစ်ဖို့ ဖြစ်ပါတယ်။ ဒီစမ်းစစ်မှုတွေမှာ အဓိက ကျတာကတော့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု ၁၀ ချက်ကို သုံးသပ်တင်ပြပြီး၊ ၂၀၁၅ ခုနှစ်မှာ ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာကို ကြိုတင်ခန့်မှန်း သုံးသပ်တာလည်း ဖြစ်ပါတယ်။ အစီရင်ခံစာ အဆုံးမှာတော့ ကျမတို့ရဲ့ ဒီလေ့လာ စမ်းစစ်မှုတွေကနေ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေအပေါ်မှာ ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မလဲ ဆိုတာကို သုံးသပ်တာ ဖြစ်ပါတယ်။”

မစ္စ ပရစ္စလာ ကလပ် နဲ့အတူ Asia Society အဖွဲ့ နိုင်ငံတကာ မူဝါဒရေးရာ လုပ်ငန်းများဆိုင်ရာ ဒုတိယအကြီးအကဲ Suzanne DiMaggio တို့က ဒီအစီရင်ခံစာကို ပူးတွဲ ရေးသားပြုစုခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ
ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အောင်မြင်ဖို့အတွက် မြန်မာအစိုးရကို အဓိက အကြံပြုတာတွေ ပါဝင်သလို၊ တချိန်တည်းမှာလည်း နိုင်ငံတွင်းက
နိုင်ငံရေး အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေနဲ့ ပြည်သူတွေ အားလုံးကိုပါ အကြံပြု တိုက်တွန်း တင်ပြတာ ဖြစ်တဲ့အကြောင်း မစ္စ ပရစ္စလာ ကလပ် က ပြောပါတယ်။

“ကျမတို့ တင်ပြတာက ဥပမာ - တရားဥပဒေ စိုးမိုးမှု ရှိလာအောင် အခိုင်အမာ တည်ဆောက်ပြီး တရားရေးဌာနကို ပိုမို အားကောင်းအောင် လုပ်ဆောင်ဖို့ ဆိုတဲ့ အကြံပြုချက်မှာဆိုရင် ဒါဟာ အစိုးရကိုရော၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ကိုပါ အကြံပြုချင်တာ ဖြစ်ပါတယ်။ တသီးပုဂ္ဂလ အခွင့်အရေး ကာကွယ်ဖို့ဆို တဲ့ နေရာမှာတော့ အစိုးရနဲ့ လွှတ်တော်ကို အကြံပြုတာပါ။ တခါ လူမှုရေးနဲ့ ဘာသာရေး အမြင်မတူမှုတွေကို လေးစား လက်ခံနိုင်အောင် လေ့ကျင့်
မွေးမြူပေးဖို့ တိုက်တွန်းတာကတော့ ခေါင်းဆောင်ပိုင်းတွေကို အဓိက တိုက်တွန်းတာဖြစ်သလို လူထုတွေကိုလည်း တိုက်တွန်းချင်တာပါ။ သူတို့အနေနဲ့ ကိုယ့်ကိုယ်ကို အသိပညာ ပေးနိုင်အောင် ကြိုးစားရပါမယ်။ မတူကွဲပြားမှုတွေ ရှိတယ်ဆိုတာကို နားလည် လက်ခံတတ်ဖို့ လိုပါတယ်။ ဒါတွေက ၂၁ ရာစုနဲ့အညီ ပြောင်းလဲ ပြုမူလာရမယ့် ကိစ္စတွေပါ။”

မြန်မာနိုင်ငံရဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရှေ့ ဆက် အောင်အောင်မြင်မြင် ဆောင်ရွက်သွားနိုင်အောင် အမေရိကန် အစိုးရကလည်း နည်းလမ်းပေါင်းစုံနဲ့ အကူအညီတွေ ပေးသွားဖို့လည်း ဒီအစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

ဒီအစီရင်ခံစာထဲမှာ မြန်မာအစိုးရ ခေါင်းဆောင်တွေ ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်ချက် ၁၀ ချက်ကိုလည်း ထောက်ပြ ရေးသားထားပါတယ်။ ဒီအထဲမှာတော့ နိုင်ငံရေးနဲ့ စီးပွားရေးမှာ ပါဝင်ပတ်သက်နေတဲ့ စစ်တပ်ရဲ့အခန်းကဏ္ဍကို ပြန်လည် သတ်မှတ်ပြီး သက်ဆိုင်ရာ တာဝန်တွေကို ကျွမ်းကျွမ်းကျင်ကျင် ထမ်းဆောင်နိုင်အောင် ဆောင်ရွက်ဖို့၊ တရားဥပဒေ စိုးမိုးမှု အခိုင်အမာ တည်ဆောက်ပြီး တရားရေးဌာနကို ပိုမို အားကောင်းအောင် လုပ်ဆောင်ဖို့၊ လူပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ အခွင့်အရေးကို ကာကွယ်ဖို့၊ တိုင်းရင်းသား တန်းတူညီမျှရေး ရရှိအောင် ထိထိရောက်ရောက် နည်းလမ်းရှာဖွေ ဆောင်ရွက်ဖို့၊ လူမှုရေးနဲ့ ဘာသာရေး အမြင်မတူမှုတွေကို လေးစားလက်ခံနိုင်အောင် လေ့ကျင့်မွေးမြူပေးဖို့၊ အဂတိ လိုက်စားမှုတွေကို ပယ်ဖျက်ဖို့၊ အစိုးရနဲ့ စီးပွားရေး ကဏ္ဍတွေမှာ လစ်ဟာနေတဲ့ စွမ်းရည်တွေကို ဖြည့်စွက် ဆောင်ရွက်နိုင်ဖို့၊ ပြည်သူအများစုကို အကျိုးပြုနိုင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေဖြစ်အောင် ဆောင်ရွက်ဖို့၊ လယ်ယာမြေနဲ့ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းဖို့၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့ တချိန်တည်းမှာ သဘာ၀ ပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ ထိခိုက်နစ်နာမှုတွေ မဖြစ်ရအောင် ကာကွယ်ဆောင်ရွက်ဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်လို့ အကြံပြုချက်တွေထဲမှာ ထည့်မထားပေမဲ့လို့၊ ဒီကိစ္စကလည်း အရေးကြီးတဲ့ကိစ္စ တခုဖြစ်တယ်ဆိုတာကို သူတို့အနေနဲ့ နားလည်း သဘောပေါက်တဲ့အကြောင်း လည်း ပရစ္စလာ ကလပ် က ပြောခဲ့ပါတယ်။

အခု အစီရင်ခံစာ တင်သွင်းခဲ့သူ နှစ်ဦးဟာ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး သုံးသပ်တဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ကြဖူးပါတယ်။

အခု အစီရင်ခံစာ မထုတ်ဝေခင်မှာတော့ သူတို့ဟာ မြန်မာနိုင်ငံထဲကို ကိုယ်တိုင် သွားရောက်ပြီး အခြေအနေတွေကို လေ့လာခဲ့သလို၊ မြန်မာလွှတ်တော် အမတ်တွေ၊ အကြီးတန်း အစိုးရအရာရှိတွေ၊ သမ္မတအကြံပေး ပုဂ္ဂိုလ်တွေ အပြင်၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေနဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG